ဗစ်တိုးရီးယားအမှု - ဆရာမနှင်းနုကို သီးသန့် အမှုမဖွင့်ဘူးလို့ ရှေ့နေပြော

ဥပဒေအရ လျှောက်လဲလို့ တင်ပြလို့ရတဲ့ အရာတွေ အများကြီး ရှိသေးတယ်လို့ဆို ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဥပဒေအရ လျှောက်လဲလို့ တင်ပြလို့ရတဲ့ အရာတွေ အများကြီး ရှိသေးတယ်လို့ဆို

မူကြိုကျောင်းသူ ဗစ်တိုးရီးယား အမှုမှာ ဆရာမ နှင်းနုကို နောက်တိုးတရားခံ အဖြစ် လျှောက်ထားဖို့က ဥပဒေနဲ့ မညီဘူးဆိုပြီး တရားလို ဥပဒေ အရာရှိက မှတ်ချက်ပေး ပယ်ချပေမဲ့ ဆရာမနှင်းနုကို ကလေးမိဘတွေက ရဲစခန်းမှာ သီးခြား အမှုဖွင့်ဖို့ မရှိဘူးလို့ ဗစ်တိုးရီးယားဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

အခုလို နောက်တိုး တရားခံ အဖြစ် မတင်သွင်းခင်ကတည်းက သီးသန့် အမှုမဖွင့်ဖို့ ကလေးအမေက သဘောထားရှိတယ်၊ ဒါက သူတို့ လုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့ ကလေး မိဘဘက်က ယူဆထားတဲ့ အတွက် ရဲစခန်းမှာ သီးသန့် အမှု မဖွင့်တာလို့ ဒေါ်ရွက်နုအောင်က ပြောတာဖြစ်ပါတယ်။

ဒါ့အပြင် "တရားလို မိခင်အနေနဲ့ကတော့၊ အဖေ အနေနဲ့ရော၊ အမေအနေနဲ့ရော ဒါကြီးကို လျှောက်ဖို့ အစီအစဉ်မရှိဘူး။ ရှိမှာလည်း မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သူတို့အနေနဲ့က ဒီကိစ္စတွေကို မကြုံချင်တော့ဘူး။ ပြီးချင်ပြီ၊ အားလုံးကို" လို့ သူက ဆက်ပြောပါတယ်။

ဆရာမ နှင်းနုကို နောက်တိုးတရားခံအဖြစ် လျှောက်ထားတာကို ဒက္ခိဏခရိုင်တရားရုံးမှာ သြဂုတ်လ ၁ ရက်နေ့ ရုံးထုတ်မှာ ဥပဒေအရာရှိက ပယ်ချလိုက်ပါတယ်။ အဲဒီ ရုံးချိန်းအပြီးမှာ တရားလို ရှေ့နေက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သီးသန့် တရားစွဲမှာ မဟုတ်ပေမဲ့ အမှု အားလုံး ပြီးဆုံးသွားတဲ့ အခြေအနေ မဟုတ်သေးလို့ အခြေအနေကို စောင့်ကြည့်နေသေးတယ်လို့ သူက ပြောပါတယ်။

"ဒါက ပြီးသွားတဲ့ အခြေအနေ မဟုတ်သေးဘူး။ ထပ်ပြီးတော့ ပေါ်ပေါက်ချက်တွေ ရှိလာရင် လုပ်လို့ ရတဲ့၊ ဥပဒေ လျှောက်လဲလို့ တင်ပြလို့ရတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ ကျွန်မတို့ ရှေ့မှာလုပ်ရတဲ့ လုပ်ငန်းစဉ်တွေ ကျန်ဦးမှာပါ" လို့ သူက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မူကြိုကျောင်းက ဆရာမ နှင်းနု နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

သတင်းထိမ်ချန်မှုနဲ့ ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် သတ်မှတ်ပေးဖို့ ဇူလိုင် ၂၄ ရက်နေ့ ဒုတိယအကြိမ် ရုံးထုတ်မှာ တရားလိုမိခင်ကိုယ်တိုင် ဦးတိုက် လျှောက်ထားခဲ့တာပါ။

ဆရာမနှင်းနုကို သတင်း ထိမ်ချန်တယ်ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲဆိုဖို့ဆိုရင် ဥပဒေမှာ ပြဌာန်းထားတဲ့ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆၊ ၃၀၂၊ ၃၀၄၊ ၃၉၂၊ ၃၉၃၊ ၃၉၆ စတဲ့ ပုဒ်မတွေနဲ့ပဲ တရားစွဲဆိုထားရမှာဖြစ်ပြီး လက်ရှိမှာ အမှုကို စွဲတင်ထားတဲ့ ပုဒ်မ ၃၇၆ က အဲ့ဒီပုဒ်မတွေထဲ မပါလို့ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးဆိုပြီး ဥပဒေအရာရှိက မတင်သွင်းခဲ့ပါဘူး။

အခင်းဖြစ်ပွားခဲ့တယ်ဆိုတဲ့ Wisdom Hill မူကြိုကျောင်းထဲ ဝင်ရောက်စစ်ဆေးဖို့ကိုတော့ တရားရုံးက ခွင့်ပြုခဲ့ပြီး ဆရာမ နှင်းနုကိုလည်း သတင်းထိမ်ချိန်မှုနဲ့ လျှောက်ချင်ရင် ရဲစခန်းမှာ လျှောက်ဖို့ တရားခွင်မှာ တရားသူကြီးက ပြောခဲ့ပါတယ်။

ဒါကြောင့် တခြားလမ်းကြောင်း အဖြစ် ရဲစခန်းမှာ အမှုဖွင့်တာမျိုး လုပ်ဆောင်နိုင်ပေမဲ့ ကလေးမိဘက အဲလို မဆောင်ရွက်ချင်ဘူးလို့ တရားလို ရှေ့နေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗစ်တိုးရီးယား အမှုမှာ ကူညီပေးသူနဲ့ ဘီဘီစီတွေ့ဆုံ

အခုလို ဆရာမနှင်းနုကို နောက်တိုး တရားခံ အဖြစ် မတင်သွင်းနိုင်တာနဲ့ ပတ်သက်ပြီး သံသယ တရားခံ အဖြစ်တင်သွင်းခံထားရတဲ့ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကတော့ "ရုံးကို သူက (တရားလို ဥပဒေ အရာရှိ) တင်ကို မတင်တာ။ အဲတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အပြန်အလှန် လျှောက်လဲချက် ပေးစရာ မရှိဘူး။ အခုက တရားလိုဘက်က၊ တရားလိုရဲ့ ရှေ့နေ ဥပဒေ အရာရှိက ဒါမကိုက်ဘူးလို့ ပြောတယ်။ ဒါသူတို့ချင်းဖြစ်တဲ့ ကိစ္စဆိုတော့ ကျွန်တော် ဘယ်ဘက်ကို ဘယ်လိုပဲ sympathy ရှိပါစေ ကျွန်တော်က ဝင်ပြောခွင့်မရှိဘူး" လို့ ပြောပါတယ်။

အခုလို နောက်တိုးတရားခံ တင်သွင်းမှုကို ပယ်ချလိုက်တဲ့ ရုံးချိန်းဟာ တတိယမြောက် ရုံးချိန်း ဖြစ်ပြီး နောက်ရုံးချိန်းက သြဂုတ် ၁၄ ရက်နေ့ ဖြစ်ပါတယ်။