မြန်မာ့တပ်မတော်ဗိုလ်မှူးအဆင့်ရှိသူ အေအေဘက်ကိုပြောင်း

ဗိုလ်မှူးအောင်မြင့်စိုး စကားပြောနေတာကို ရိုက်ကူးထားတဲ့ ၁ဝ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုကို အေအေဘက်က ယူကျူပေါ်ကို တင်လာတာ ဖြစ် ဓာတ်ပုံ မူပိုင် Arakan Army Youtube
Image caption ဗိုလ်မှူးအောင်မြင့်စိုး စကားပြောနေတာကို ရိုက်ကူးထားတဲ့ ၁ဝ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုကို အေအေဘက်က ယူကျူပေါ်ကို တင်လာတာ ဖြစ်။

မြန်မာ့တပ်မတော်ထဲက ဗိုလ်မှူးအဆင့်အရာရှိတစ်ဦး ရခိုင်လက်နက်ကိုင် ရက္ခိုင့်တပ်မတော် (အေအေ)ဘက်ကို ကူးပြောင်းလာခဲ့တယ် ဆိုပြီး ရုပ်သံဖိုင်နဲ့တကွ အေအေက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့တပ်မတော်ဘက်ကနေ အေအေဘက်ကူးပြောင်းသွားသူ ဗိုလ်မှူးအောင်မြင့်စိုး စကားပြောနေတာကို ရိုက်ကူးထားတဲ့ ၁ဝ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုကို အေအေဘက်က ယူကျူပေါ်ကို တင်လာတာ ဖြစ်ပါတယ်။

ဗီဒီယိုမှာပါတဲ့ အေအေဘက်ပြောင်းသွားသူ ဗိုလ်မှူးအောင်မြင့်စိုးဟာ ပြန်တမ်းဝင် အမှတ် ကြည်း(၄ဝ၇၉၉) ဖြစ်ပြီး ၂ဝဝ၂ခုနှစ်ကနေ ၂ဝဝ၄ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၇) မှာ တက်ရောက်ခဲ့သူလို့လည်း အေအေက ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ ပါရှိပါတယ်။

ဒါ့အပြင် ၂ဝဝ၅ ကနေ ၂ဝ၁၈ ခုနှစ် မတ်လအထိ အမှတ် (၇ဝဝ၅) သံချပ်ကာ တိုက်ခိုက်ရေး တပ်ရင်း၊ အမှတ် (၇၃) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ် (၅၃၁)တင့်ကား တပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ကဏ္ဍတွေ ချွတ်ခြုံကျတဲ့ အတွက် ဒေသခံတွေက ပြည်နယ်ကနေ စွန့်ခွာမှု ပိုများ လာတာကြောင့် ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ အနာဂတ်မှာ ရှိနိုင်မလားဆိုတာ သံသယ ဖြစ်မိကြောင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်ခွင့်ရှိတဲ့ ပြည်တပြည်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အေအေအဖွဲ့ထဲ ဝင်ခဲ့ တယ်လို့ ဗိုလ်မှူး အောင်မြင့်စိုးက ဗီဒီယိုဖိုင်မှာ ပြောပါ တယ်။

ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်က မတော်မတရားလုပ်ဆောင်မှုတွေရှိတယ်ဆိုပြီး သူက ပြောဆိုခဲ့သလို၊ ရခိုင်ပြည်နယ်ထဲ တာဝန် ထမ်းဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရခိုင်လူမျိုးရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ကိုလည်း သူကပြောပါတယ်။

ဒါ့အပြင် တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့လည်း သူ့လိုပဲ အေအေနဲ့ လာရောက် ပူးပေါင်း ကြဖို့လည်း ဗိုလ်မှူး အောင်မြင့်စိုးက တိုက်တွန်းထား ပါတယ်။

ဗိုလ်မှူးအောင်မြင့်စိုး အေအေအဖွဲ့ထဲ ရောက်ရှိနေတာ တနှစ်ခွဲ နီးပါးရှိနေပြီဖြစ်ပြီး လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ပြီးလို့ အခုမှ ထုတ်ပြောတာ ဖြစ်တယ်လို့ အေအေ ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

အေအေဘက်ပြောင်းသွားတယ်ဆိုတဲ့ အရာရှိဟာ ခွင့်မဲ့ပျက်ကွက်ပြီး တပ်မတော် ကနေ ထွက်သွားတာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာတပ်မတော်ထဲမှာ ရခိုင်တိုင်းရင်းသားတွေ အများအပြား တာဝန်ထမ်းဆောင်နေပြီး ဗိုလ်မှူးအဆင့်ရှိသူ ရခိုင်အမျိုးသားတဦး အေအေဘက်ကို ရောက်သွားတာဟာ တပ်မတော်အတွက် တစုံတရာ အနှောင့်အယှက် စိုးရိမ်စရာမရှိဘူးလို့လည်း သူက ပြောပါတယ်။

"တပ်မတော်ထဲမှာက အရာရှိကြီးတွေအဆင့်ပေါ့နော်၊ ရုံးအဆင့်နဲ့ အထက်တွေတောင်မှ ရခိုင်တိုင်းရင်းသားတွေ ရှိပါတယ်၊ ယခု အချိန်ထိလည်း တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့်မို့ ဒီကိစ္စက အနှောင့်အယှက် ဖြစ်စရာလည်း အကြောင်းမရှိပါဘူး၊ ဒီဟာကိုလည်း အများစုကတော့ ဝါဒဖြန့်ချိတဲ့တခုအနေနဲ့တော့ သိပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ဘက်က ဗိုလ်မှူး ရာထူးအဆင့်ရှိသူ အေအေဘက်ကို ရောက်လာတယ် ဆိုပြီး အေအေဘက်က လူသိရှင်ကြား ထုတ်ပြန် လာတာက ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။