ကမ္ဘောဇနဲ့ မက်စ်မြန်မာကုမ္ပဏီတွေကို ရာဇဝတ်ကြောင်းရ အရေးယူဖို့ ကုလစုံစမ်းရေးအဖွဲ့ပြော

ဒီကုမ္ပဏီတွေဟာ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာဖို့ငွေကြေးထောက်ပံ့ ခဲ့တာဖြစ် ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီကုမ္ပဏီတွေဟာ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာဖို့ငွေကြေးထောက်ပံ့ ခဲ့တာဖြစ်

မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေး ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar) ကုမ္ပဏီနှစ်ခုစလုံးကိုရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar)တို့ဟာ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်း များစွာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီအုပ်စုကြီးတွေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ စတင်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာ မှာမြန်မာနိုင်ငံက ကုမ္ပဏီများနဲ့ အဖွဲ့အစည်းပေါင်း ၄၅ ခုက မြန်မာ့တပ်မတော်ကို ဒေါ်လာ ၁၀ သန်းကျော်တန် အလှူငွေများ ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ် ။

ဒီကုမ္ပဏီတွေဟာ မြန်မာ ဘင်္ဂလားဒေရှ် နယ်စပ် ခြံစည်းရိုးကာဖို့ငွေကြေးထောက်ပံ့ ခဲ့တာဖြစ်ပြီးတော့ ဒီလိုကာတဲ့ အတွက် အိုးအိမ်မဲ့ ရိုဟင်ဂျာတွေ သူတို့နေရာပြန်ဖို့တားဆီးထားတာဖြစ်သလို အဲဒါကြောင့်လည်း သူတို့ကို ပူပန်သောကတွေ စိတ်ဆင်းရဲမှုတွေ ဖြစ်စေတယ် လို့လည်းအစီရင်ခံစာ ကဖော်ပြပါတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အဓိကပြဿနာလို့ တွေ့ရှိတဲ့အတွက် အခုလိုတိုက်တွန်းရတာပါ။ နိုင်ငံတကာဥပဒေအောက်မှာ ကြီးမားတဲ့ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အရင်းအမြစ်က တပ်မတော်ဖြစ်တယ်" လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အဖွဲ့ဝင် မစ္စတာ ခရစ်စီဒိုတီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ လုံခြုံရေးအတွက် ပါဝင် လှူဒါန်းခဲ့ကြတာဖြစ်တယ်လို့ကုန်သည် စက်မူလုပ် အသင်းချုပ်ကပြော

မြန်မာ့တပ်မတော် ကို ၂၀၁၆ ခုနှစ်ကစပြီး တိုက်လေယာဉ်တွေ သံချပ်ကာ ကားတွေ ဒုံးတွေနဲ့ ဒုံးလွှတ် အမြောက်တွေကို ပေးအပ်ခဲ့တဲ့ နိုင်ငံ ၇ နိုင်ငံက နိုင်ငံခြား ကုမ္ပဏီ အနည်းဆုံး ၁၄ ခုရှိပြီးတော့ မြန်မာကို လက်နက်ရောင်းချတာ ပိတ်ဆို့ဖို့ကို လည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင် က တိုက်တွန်းထားပါတယ်။

ဒါ့အပြင်မြန်မာပြည်က ထိပ်တန်းခရိုနီပိုင်ကုမ္ပဏီတွေဟာ တပ်မတော်ရဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကူညီထောက်ပံ့တဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မူလုပ်ငန်းရှင်များ အသင်းချုပ်က ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက်ကတော့ ဒါဟာ မြန်မာနိုင်ငံအပေါ်နိုင်ငံရေးအရ ဖိအား ပေးတာဖြစ်တယ်၊ အသင်းဝင် ကုမ္ပဏီ တွေဟာ နိုင်ငံရဲ့ လုံခြုံရေးအတွက် ပါဝင် လှူဒါန်းခဲ့ကြတာ ဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ် ။

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) ဘက်ကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာပြည်က ထိပ်တန်းကုမ္ပဏီတွေဟာ စစ်တပ်နဲ့ ဆက်နွှယ်လျက်ရှိတယ်လို့ အစီရင်ခံစာက ထောက်ပြ

မြန်မာပြည်က ထိပ်တန်းကုမ္ပဏီတွေဟာ စစ်တပ်ပိုင် စီးပွားရေးဦးပိုင်(MEHL) ၊စီးပွားရေးကော်ပိုရေးရှင်း(MEC) တွေနဲ့ ဆက်နွှယ်လျက်ရှိတယ်ဆိုတာကို လည်း အစီရင်ခံစာကထောက်ပြပါတယ် ။

"ကျွန်တော်တို့ရဲ့တွေ့ရှိချက်အရ မြန်မာ့စီးပွားရေးလောကမှာ မြန်မာစစ်တပ် အဓိကပါဝင်လုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းကြီးနှစ်ခုရှိတယ်။ အဲဒါကတော့ ကျောတ်စိမ်းနဲ့ ပတ္တမြားတူးဖော်ရေးလုပ်ငန်းတွေပဲဖြစ်တယ်။ ဒါ့အပြင် သတ္တု တူးဖော်ရေး၊ ဆောက်လုပ်ရေး၊ သစ်ထုတ်လုပ်ငန်း၊ အာမခံ၊ ဘဏ်လုပ်ငန်းနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွေလည်းပါပါတယ်။ ပြီးခဲ့တဲ့အနှစ် ၂၀ တုန်းကလို မဟုတ်ဘဲ အခုချိန်မှာ မြန်မာစစ်တပ်နဲ့ ပတ်သက်စရာမလိုဘဲ စီးပွားရေး ပါဝင်လုပ်ကိုင်လို့ရတယ်။ အဲ့ဒီအတွက် စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ရှာဖွေဖော်ထုတ်ပြီး အဲ့ဒီစီးပွားရေးတွေကို ရှောင်ရှားဖို့ ကျွန်တော်တို့က ရှာဖွေဖော်ထုတ်ပါတယ်" လို့ မစ္စတာ ခရစ်စီဒိုတီက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးဆင်နွှဲဖို့ တပ်မတော် ရဲ့ အလှူခံမှုတွေမှာ မြန်မာနိုင်ငံက ထိပ်တန်း ကုမ္ပဏီတွေငွေကြေးထည့်ဝင်ခဲ့တယ်လို့လည်းရေးသားထားပါတယ်။

လက်နက်ရောင်းချခွင့်ပိတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့တောင်းဆိုခံရတဲ့ကုမ္ပဏီ အနည်းဆုံး ၄၅ ရှိပြီး အဲဒီထဲမှာ မြန်မာကုမ္ပဏီကြီးတွေ ပါဝင်နေတာဖြစ်ပါတယ်။