ဘူးသီးတောင်မှာ အဖမ်းခံရတဲ့ ကျောင်းဆရာကို အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်

ဘူးသီးတောင်မြို့အဝင် ဓာတ်ပုံ မူပိုင် အင်္ဂါအောင်

တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မြို့နယ်မှာ ပညာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးလိုက်ပြီး ဒီကနေ့ သြဂုတ်လ ၇ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် ရမန်ယူလိုက်ပါတယ်။

အမှုဖွင့်ခံရသူဟာ ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာ အမကမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ ဦးနေဇော်လင်းဖြစ်ပြီး သြဂုတ်လ ၅ ရက် မနက်ပိုင်းမှာ သရက်ပြင်ကျေးရွာက ကျူရှင်ပြပြီး ကြာညိုပြင်ကျေးရွာကို ပြန်လာတဲ့အချိန် စိုင်းဒင်တံတားမှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ပြင်ချောင်းကျောင်းအုပ် ဆရာကြီးကပြောပါတယ်။

သူဟာ သူတာဝန်ကျတဲ့ ပြင်ချောင်းရွာက လူတွေ စစ်ရှောင်ရောက်နေတဲ့ ကြာညိုပြင်ကျေးရွာကို လိုက်ပြီး စာသင်တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဦးနေဇော်လင်းဟာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ရမန်ယူရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့အကြောင်းကြားစာထဲမှာ ပါဝင်တယ်လို့ ပညာရေးမှူးရုံးကပြောပါတယ်။

"ပုဒ်မနှစ်ခုနဲ့တရားစွဲထားတာကိုတော့တွေ့တယ်။ ၅၀ (က)ရယ်။ ၅၂ (က)ရယ်။ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရဲစခန်းက တရားလိုလုပ်ပြီးတော့ ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရုံးကိုအကြောင်းကြားတယ်ပေါ့"လို့ ဘူးသီးတောင်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးသိန်းထွန်းဝင်းကပြောပါတယ်။

အဲ့ဒီဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကျေးရွာတွေမှာရှိတဲ့ကျောင်းတွေကို ပိတ်ထားရတာကြောင့် ကြာညိုပြင်ကျေးရွာ အပြင် သရက်ပြင်ကျေးရွာက ကျောင်းသားတွေကိုပါ စာပြပေးဖို့အတွက် အကူအညီတောင်းထားတာကြောင့် အခုလိုသွားရောက်ပြီး ကျူရှင်သင်ကြားပေးနေတာဖြစ်တယ်လို့ ပြင်ချောင်းကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။

"သူက နေ့တိုင်း သွားလာနေကျလမ်းပဲဆိုပြီးတော့ ဝန်ထမ်းကတ်တွေလည်း ယူမသွားဘူးလို့ပြောပါတယ်။ သရက်ပြင်ကနေ ကျူရှင်ပြလို့ ကြာညိုပြင်ရွာကိုပြန်လာတဲ့အချိန်မှာ တံတားပေါ်မှာဖမ်းဆီးသွားတာလို့ သူဖုန်းဆက်လာလို့သိရတာပါ။ ကျွန်တော်တို့ကလည်း လက်ထောက်ပညာရေးမှူးတို့ ရပ်ကွက်စာရေးတို့နဲ့ သွားပြောတော့ တွေ့ခွင့်မရခဲ့ဘူး။"လို့ ပြင်ချောင်းကျောင်းအုပ်ဆရာကြီးကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးဆီကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖြေကြားပေးဖို့ မအားလပ်သေးကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

"အဲ့ဒီဆရာက သရက်ပြင်ကနေပြီတော့ စာပြလို့ပြန်လာတဲ့အချိန် စိုင်းဒင်တံတားပေါ်မှာ ဖုန်းတစ်လုံးဝင်လာလို့ စကားပြောနေတဲ့အတွက် သူ့ကိုမသင်္ကာလို့ဆိုပြီးဖမ်းဆီးသွားတာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရတယ်။ တခြားဟာတော့မသိရသေးဘူး။"လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် မူလကျေးရွာမှာတာဝန်ကျနေတဲ့ ဆရာဆရာမတွေကို ဒုက္ခသည်စခန်းတွေမှာ သင်ကြားပေးဖို့အတွက် ပညာရေးဌာနကနေ ညွှန်ကြားထားတာဖြစ်ပါတယ်။

"ရိုက်တာတို့ဘာတို့တော့မရှိဘူးလို့ပြောပါတယ်။ ဒါကသူတို့ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ တွေ့ခွင့်ရရှိခဲ့ပါဘူး။ စစ်ဆေးစရာတွေရှိသေးတယ်လို့ပြောပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်ရဲ့လက်အောက်မှာရှိနေတာဆိုတာ့ ကျွန်တော်မှာတာဝန်ရှိတာပေါ့။ ဒါကြောင့် စိတ်ပူပါတယ်။"လို့ ဖမ်းဆီးခံရသူရဲ့ အခြေအနေကို ပြင်ချောင်းကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။

ဦးနေဇော်လင်းကို ဒီကနေ့ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူစဉ် ပညာရေးဌာနတာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေ သွားရောက်ခဲ့ကြပေမယ့် တွေ့ဆုံခွင့်မရရှိခဲ့ဘူး။

ဘူးသီးတောင်မြို့နယ်က ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ကြာညိုပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာတော့ စိုင်းဒင်ချောင်းအထက်ဘက်ကကျေးရွာတွေဖြစ်တဲ့ စိုင်းဒင် (ဈေးရွာ)၊ ပြင်ချောင်း၊ မြိုမချောင်း၊ ဥယျာဉ်သာစတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော်ခိုလှုံနေကြတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။