ဦးပိုင်နဲ့ MEC တို့ ဘယ်လို စီးပွားရေးတွေ လုပ်နေလဲ

တပ်မတော် ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံတကာဖိအားတွေ ကြီးကြီးမားမား တွေ့ကြုံနေ

တပ်မတော်ရဲ့ စီးပွားရေး အင်ပါယာကို ကျုံ့သွားအောင်လုပ်ဖို့ လိုတယ်ဆိုပြီး ဆော်ဩတဲ့ နိုင်ငံတကာ အစီရင်ခံစာ တစ်စောင် ထွက်လာတဲ့ အတွက် ဦးပိုင်နဲ့ MEC လို့ အသိများကြတဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေ အပေါ် အာရုံစိုက်မှုတွေလည်း မြင့်တက် လာစေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ထားတဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ FFM က ဩဂုတ် ၅ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာမျက်နှာ တစ်ရာကျော်ပါ အသေးစိတ် အစီရင်ခံစာထဲ မြန်မာ့ စီးပွားရေး ကဏ္ဍ ပေါင်းစုံမှာ တပ်ပိုင် လုပ်ငန်း ၁၂ဝ ရှိနေတယ်လို့ ဆိုထားပါတယ်။

ဦးပိုင်နဲ့ MEC တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ကျောက်စိမ်းနဲ့ ပတ္တမြား တွင်းထွက် ရတနာ တူးယူတာကအစ၊ ကုန်ထုတ်၊ အာမခံ၊ ခရီးသွား၊ ဘဏ်လုပ်ငန်း နေရာ အစုံမှာ ရှိတယ် ဆိုပြီး FFM ရဲ့ အစီရင်ခံစာထဲ ရေးသားထားပါတယ်။

အဲဒီစီးပွားရေး လုပ်ငန်းတွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေ၊ ငွေကြေးတွေကို စစ်ဆင်ရေးတွေ၊ လူ့အခွင့်ရေး ချိုးဖောက်တဲ့ နေရာမှာ အသုံးပြုနေတယ် ဆိုပြီး FFM က အဓိက စွပ်စွဲ နေတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေနဲ့ နီးစပ်ပြီး စီးပွားရေး အခွင့်ထူးခံ နေရသူတွေလို့ အဓိပ္ပာယ်ရတဲ့ "ခရိုနီ" ဆိုတဲ့ ဝေါဟာရကို သုံးပြီးတော့လည်း စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ အကျိုးတူ ပူးပေါင်း စီးပွားရှာတဲ့ ကုမ္ပဏီတွေကိုလည်း FFM က ဝေဖန်ထားပါတယ်။

ဦးပိုင်နဲ့ MEC

ဦးပိုင် ဆိုတာ တပ်မတော်က ထူထောင်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမီတက် UMEHL ကို လူအများကြား ခေါ်ဆိုတဲ့ နာမည် ဖြစ်ပါတယ်။

၁၉၈၈ အာဏာသိမ်း အပြီး စျေးကွက် စီးပွားရေး ကို ဖော်ဆောင်မယ်လို့ အဲဒီအချိန်က အာဏာသိမ်း စစ်ကောင်စီက ကြွေးကြော်ပါတယ်။ ၁၉၉ဝ မှာတော့ ဦးပိုင် ကုမ္ပဏီကို စတင် ထူထောင်ပါတယ်။ ဒါဟာ ၈၈ လွန်ကာလ တပ်မတော်ရဲ့ ပထမဆုံး တရားဝင် စီးပွားရေး ကုမ္ပဏီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်ပိုင် စီးပွားရေးတွေကို ကန့်သတ်ဖို့ FFM ဆော်ဩ

မတည်ငွေက ကျပ်ငွေ ၁ဝ ဘီလီယံ ဖြစ်ပြီး အဲဒီ အချိန် ဒေါ်လာစျေးနဲ့ ဆို ဒေါ်လာ သန်း တစ်ထောင့်ခြောက်ရာကျော် ရှိပါတယ်။ အဲဒီအချိန်က တတိုင်းပြည်လုံးရဲ့ နိုင်ငံခြား အရံငွေကမှ ဒေါ်လာ သန်း ၂ဝ ပဲ ရှိတဲ့ အချိန်လို့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအဝိုင်းကို ကိုးကားပြီး ဂျပန်က ဩဇာကြီး စီးပွားရေး သတင်းစာ နစ်ကေး Nikkei က ပြောပါတယ်။

အဲဒီ ငွေကြေး ပမာဏ အရင်းအနှီးကို နိုင်ငံတော် ဘဏ္ဍာကနေပဲ ရယူခဲ့တာ ဖြစ်တယ်လို့ စီးပွားရေး သုတေသီတွေက ဆိုပါတယ်။

စျေးကွက်ပြိုင်၊ လုပ်ငန်းပြိုင်မယ့်သူ မရှိသလောက်ဖြစ်လို့ လုပ်ငန်းနယ်ပယ်စုံကို အလွယ် လွှမ်းမိုးနိုင်တဲ့ စီးပွားရေးကြီးပဲ ဆိုပြီးတော့လည်း နစ်ကေးက ဝေဖန်ဖူးပါတယ်။ ဦးပိုင်ရဲ့ ကာလဦး အဓိက အမြတ်ငွေဟာ ကျောက်မျက်နဲ့ သစ်လုပ်ငန်းက ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးပိုင်က ရတဲ့ အကျိုးအမြတ်တွေကို ထိပ်သီး စစ်ဗိုလ်ချုပ်တွေက လွှမ်းမိုးချုပ်ကိုင် ထားသလို၊ တပ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ ခရိုနီတွေလည်း ဦးပိုင်နဲ့ စီးပွားတူ လုပ်ပြီး အကျိုးအမြတ် များစွာ ရှိနေခဲ့တယ် ဆိုတဲ့ ဝေဖန်သံတွေ အမြဲ ရှိနေခဲ့တယ်လို့ နစ်ကေးရဲ့ အာရှသုံးသပ်ချက် စာစောင်က ဝေဖန်ခဲ့ပါတယ်။

ဦးပိုင်အောက်ကနေ "မြဝတီ" ဆိုတဲ့ နာမည်တွေနဲ့လည်း စီးပွားရေး လုပ်ငန်း အကြီးစားတွေလည်း ထူထောင်လာခဲ့တာမှာ မြဝတီဘဏ်၊ မြဝတီ ထရိတ်ဒင်း၊ မြဝတီ ခရီးသွားလုပ်ငန်း နဲ့ မြဝတီ အင်တာပရိုက်စ် လုပ်ငန်းအုပ်စု အားလုံးဟာ ဦးပိုင် UMEHL က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြား ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖက်စပ် လုပ်ငန်းတွေလည်း ရှိတာမှာ ဥပမာ နာမည်ကြီး မြန်မာဘီယာ ဆိုရင်လည်း ဦးပိုင်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကြား ဖက်စပ်ပိုင်တဲ့ Myanmar Brewery Ltd က ထုတ်နေတာ ဖြစ်ပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စုံစမ်းခဲ့ရတဲ့ လက်ပံတောင်း ပဋိပက္ခ

အဲဒီလို စီးပွားရေး လုပ်ငန်းကို ဦးပိုင်က ကိုယ်တိုင်စီမံ ခန့်ခွဲ လည်ပတ်တာမျိုး မဟုတ်ပဲ လုပ်ပိုင်ခွင့် ရယူပြီး နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဖက်စပ် စာချုပ်ချုပ်ခဲ့တာတွေထဲ မြန်မာပြည်သူ အများကြား အသိအများဆုံး၊ ပြဿနာ အဖြစ်ဆုံး လုပ်ငန်း တစ်ခုကတော့ လက်ပံတောင်း ကြေးနီ စီမံကိန်း ဖြစ်ပါတယ်။

ဦးပိုင်က တရုတ် ဝမ်ပေါင် ကုမ္ပဏီနဲ့ ဖက်စပ် စာချုပ်ချုပ် ပြီး အဲဒီ တရုတ်ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ရွာတွေ ရွှေ့ရ၊ တောတောင် သဘာဝတွေ ပျက်စီးတဲ့ ဒဏ်ကို ခံကြရတဲ့ ဒေသခံတွေရဲ့ ကန့်ကွက်တာတွေ၊ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းတာတွေ လုပ်ခဲ့တဲ့ အတွက် လွန်ခဲ့တဲ့ ၇ နှစ် အချိန်က ဆိုရင် လက်ပံတောင်း ပြဿနာကို တကမ္ဘာလုံးက အာရုံ စိုက်မိခဲ့ပါတယ်။

ရဲက သုံးစွဲခဲ့တဲ့ လက်နက်ကိရိယာ အမျိုးအစားဟာ မီးခိုးဗုံးလား ဗီးလောင်ဗုံးလား ဆိုတာကအစ ဘယ်လို စာချုပ် ချုပ်ခဲ့တာလဲ၊ ဘယ်လို လျော်ကြေးတွေ ပေးထားတာလဲ စတဲ့ အသေးစိတ်တွေကို အဲဒီ အချိန် လွှတ်တော်ထဲ ရောက်နေပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စုံစမ်းရေး ကော်မတီ ဖွဲ့ စစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဦးပိုင် နာယကအဖွဲ့ အကြီးအကဲ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဦးပိုင်က ပေးတဲ့ အကျိုးအမြတ်

ဦးပိုင်ကနေ ရှယ်ယာတွေ ဝယ်ထားရင် တစ်နှစ်ကို အကျိုးအမြတ် ၃ဝ ရာခိုင်နှုန်း ရရှိတယ်လို့ တပ်မတော် အသိုင်းအဝိုင်း၊ တပ်မတော်ထဲ အမှုထမ်းခဲ့တဲ့ သူတွေက ဘီဘီစီကို ပြောပါတယ်။

ဥပမာ သိန်း တစ်ရာဖိုး ရှယ်ယာ ဝယ်ထားရင် တစ်နှစ်ကို အမြတ် သိန်း ၃ဝ ရတာ ဖြစ်ပါတယ်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ရော၊ လက်ရှိ စစ်မှုထမ်း စစ်မှုထမ်းဟောင်း လူပုဂ္ဂိုလ် အနေနဲ့ပါ ရှယ်ယာ ဝယ်ယူနိုင်တာ ဖြစ်တယ်လို့ တပ်မတော်မှာ ဗိုလ်မှူးချုပ်အထိ တာဝန်ယူခဲ့ဖူးပြီး လက်ရှိ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် အမတ် ဖြစ်တဲ့ ဦးစိုးဌေးက ပြောပါတယ်။

"လူတစ်ယောက်ချင်းစီ အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဝယ်မလား၊ မဝယ်ဘူးလား ဆုံးဖြတ်နိုင်တယ်၊ တပ်ရင်း အနေနဲ့ကတော့ တပ်ရန်ပုံငွေ အဖြစ် ရှယ်ယာ မယူလို့ မရဘူး၊ မတည်ငွေ မရှိလည်း စိုက်ပေးထားပြီး အကျိုးအမြတ် ရလာတဲ့အခါ တပ်လိုအပ်တဲ့ ကိစ္စတွေမှာ ပြန်သုံးရတယ်" လို့ ဦးစိုးဌေးက ဆိုပါတယ်။

၁၉၉၅ ဝန်းကျင်တုန်းက ဆိုရင်တော့ ဦးပိုင်ရဲ့ ရှယ်ယာတွေကို ကြိုက်သလောက် ဝယ်လို့ ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တစ်ယောက်ကို သိန်း ၃ဝ ဖိုးထက် ပိုပြီး ရှယ်ယာပိုင်ခွင့် မပေးတော့ဘူးလို့ ဦးစိုးဌေးက သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံကို ဘီဘီစီကို ပြောပါတယ်။

တပ်ရန်ပုံငွေ ရဖို့အပြင် တပ်မတော်သားတွေ၊ တပ်မတော်မှာ တာဝန်ထမ်းခဲ့တဲ့သူတွေ သက်သာချောင်ချိဖို့ ရည်ရွယ်ပြီး ဦးပိုင် ထူထောင်ထားတယ်လို့ ဆိုပေမယ့် ထိပ်သီး စစ်ဗိုလ်ချုပ် တချို့နဲ့ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီ စီးပွားရေးသမားတွေပဲ ဦးပိုင်ကနေတဆင့် သူဌေးဖြစ် ချမ်းသာကြတယ် ဆိုတဲ့ စွပ်စွဲ ဝေဖန်သံတွေ အစဉ်အဆက် ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကာကွယ်ရေး ဝန်ကြီးဌာနပိုင် MEC

ဦးပိုင်လိုပဲ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ဆိုတာကိုလည်း တပ်မတော်က ထူထောင်ထားပါတယ်။ MEC ကတော့ ဦးပိုင်ထက် ၇ နှစ်လောက် နောက်ကျပြီး ၁၉၉၇ ကျမှ ကာကွယ်ရေး ဝန်ကြီး ဌာနပိုင် စီးပွားရေး လုပ်ငန်းစု အဖြစ် ထူထောင်လာတာ ဖြစ်ပါတယ်။

MEC အောက်က လုပ်ငန်း အများစုဟာ ကုန်ထုတ်လုပ်ရေး စက်ရုံတွေ ဖြစ်ပါတယ်။ MEC ရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ စက်ရုံပေါင်း ၂ဝ ကျော် ဖော်ပြထားပြီး ရွာမ၊ မှော်ဘီ၊ အောင်လံ၊ သံလျင်၊ ပျဉ်းမပင်၊ လှိုင်သာယာ၊ ကန့်ဘလူ စသဖြင့် မြန်မာ နိုင်ငံ အနှံ့က စက်ရုံ အမျိုးမျိုး ဖြစ်ပါတယ်။

ကားဘီးတာယာကစလို့ သံမဏိ၊ မှန်၊ မာဘယ်ကျောက်ပြား၊ သကြား၊ ဘိလပ်မြေ စသဖြင့် စက်ရုံ အမျိုးအစား စုံလင်ပါတယ်။

ဒါ့အပြင် ဒဂုန် ဆိုတဲ့ နာမည်နဲ့ ဘိလပ်ရည်နဲ့ အဖျော်ယမကာတွေ ထုတ်လုပ်သလို၊ ကန်သာယာ ဆေးရုံလို ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ဥက္ကလာ ဂေါက်ကွင်း၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုတွေလည်း MEC က လုပ်ပါတယ်။ ထီးတန်း ဆိပ်ကမ်းနဲ့ အလုံ နိုင်ငံတကာ ဆိပ်ကမ်းဆိုရင်လည်း MEC က လုပ်တဲ့ စီးပွားရေးတွေ ဖြစ်သလို အင်းဝဘဏ် ဆိုတာလည်း MEC က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဦးပိုင် နာယက အဖွဲ့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုချုပ်တို့က ဥက္ကဌ၊ ဒုဥက္ကဌ အဖြစ် ဦးဆောင်ပါတယ်။ "ဒါရိုက်တာ" ဆိုတဲ့ ရာထူးတာဝန်တွေကိုတော့ လက်ရှိ ထိပ်တန်း စစ်ဘက် ခေါင်းဆောင် တချို့နဲ့ အတူ စစ်မှုထမ်းဟောင်း အဖွဲ့က ကိုယ်စားလှယ်တွေကိုလည်း ပေးထားတာ တွေ့ရပါတယ်။

MEC မှာတော့ ကာချုပ်၊ ဒုချုပ်တို့က ရာထူး ရယူတာ မရှိပဲ၊ စစ်ထောက်ချုပ်နဲ့ ကြည်း၊ရေ၊လေ စစ်ဦးစီး အရာရှိချုပ်တွေ အပါအဝင် ထိပ်တန်း ခေါင်းဆောင်တချို့ကို ဒါရိုက်တာ တာဝန်တွေ ပေးထားပါတယ်။

ဒီလို ကာကွယ်ရေး ဝန်ကြီးဌာနပိုင် စီးပွားရေး လုပ်ငန်းတွေက ရတဲ့ အကျိုးအမြတ်တွေ၊ ငွေကြေးတွေကို စစ်ဆင်ရေးတွေမှာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တပ်မတော်ဘက်က ငြင်းပယ်ပါတယ်။

ဓာတ်ပုံ မူပိုင် Global Witness
Image caption တပ်မတော်နဲ့ စီးပွားဖက်လုပ်ရင် လုံခြုံရေး အတွက် စိတ်ချရတယ်

ငွေတွေဘယ်ရောက်လဲ

"ဦးပိုင်နဲ့ MEC ဆိုတာ စစ်မှုထမ်းတွေ အတွက် သက်သာချောင်ချိရေး အတွက် ဆောင်ရွက်ပေးနေတဲ့ စီးပွားရေး လုပ်ငန်းတွေပဲ ဖြစ်တယ်။ အစိုးရကို တရားဝင် အခွန်ဆောင်ပြီး တရားဝင်ရပ်တည် နေတာ ဖြစ်တယ်။"

"စစ်မှုထမ်းဟောင်း အိမ်ရာတွေ ဆောက်ပေးတာမျိုး၊ တပ်မတော် ဆေးကုသမျိုးတွေမှာ အဲဒီက ရတဲ့ ငွေကြေးတွေကို သုံးစွဲတယ်။ စွပ်စွဲနေသလို လက်နက်ဝယ်တာမျိုး လုပ်နေတဲ့ လုပ်ငန်းတွေ မဟုတ်ဘူး" ဆိုပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

တပ်အတွက် စားနပ် ရိက္ခာ ဝယ်ယူ ဖြည့်တင်းတာကအစ တပ်အသုံးစားရိတ်၊ စစ်သည်တွေ သက်သာ ချောင်ချိရေး အတွက် တပ်ပိုင် စီးပွားရေးတွေ ထားရှိရတယ်လို့ ဆိုပေမယ့် အစိုးရ အသုံးစားရိတ် ဘတ်ဂျက်ငွေတွေကိုလည်း ကာကွယ်ရေး ဝန်ကြီးဌာနက နှစ်စဉ် တောင်းခံတာ တွေ့ရပါတယ်။

အခု လာမယ့် ဘဏ္ဍာနှစ် အတွက် ဆိုရင် ကာကွယ်ရေးက တောင်းတဲ့ အသုံးစားရိတ်ဟာ ကျပ်ငွေ ဘီလီယံပေါင်း သုံးထောင့်လေးရာနီးပါး ရှိတယ်လို့ ရသုံးမှန်းခြေ ငွေစာရင်းတွေ အရ သိရပါတယ်။

ဒီတော့ ဦးပိုင်၊ MEC တို့လို စီးပွားရေး လုပ်ငန်းကြီးတွေက ရတဲ့ ဝင်ငွေတွေ ရှိသလို အစိုးရ ဘတ်ဂျက်ထဲက အချိုးကျ ရတဲ့ အသုံးစားရိတ် လည်း တပ်မတော်မှာ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စာမျက်နှာ တစ်ရာကျော်ပါ အသေးစိတ် အစီရင်ခံစာကို FFM ထုတ်ပြန်

စီးပွားရေးလုပ်တဲ့ တပ်မတော်ဆိုတဲ့ အနေအထားကနေ ပြောင်းသွားနိုင်လား

မြန်မာပြည်အတွင်း စီးပွားရေး လုပ်သူတွေကို FFM အဖွဲ့ တိုက်တွန်းတဲ့ အထဲမှာ စစ်တပ်နဲ့ မပတ်သက်ပဲ အလုပ်လုပ်ကြပါ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဒါဟာ လက်တွေ့မှာတော့ ချက်ခြင်း အကောင်အထည် ဖော်လို့ ရနိုင်မှာ မဟုတ်ဘူးလို့ ဗိုလ်မှူးချုပ်ဟောင်း ဦးစိုးဌေးက သုံးသပ်ပါတယ်။

အခုမှ လုပ်ငန်းစမယ့် သူတွေ အတွက် စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ကင်းပြီး နေလို့ ရကောင်းရနိုင်ပေမယ့်၊ ဆက်စပ်ပြီးသားသူတွေ အတွက်ကတော့ ချက်ခြင်းခွာဖို့ ဆိုတာ မဖြစ် နိုင်သေးဘူးလို့ ဦးစိုးဌေးက ဆိုပါတယ်။

လုံခြုံရေး အခြေအနေအရကို တပ်နဲ့ ပတ်သက်ပြီး အလုပ်လုပ်မှ စိတ်ချရတဲ့ အဖြစ်မျိုးလည်း ရှိနေတယ်လို့ ဦးစိုးဌေးက ပြောပါတယ်။ ဥပမာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ နေရာ၊ နယ်မြေ မတည်ငြိမ်တဲ့ နေရာတွေမှာ အလုပ်လုပ်ကြသူတွေ အတွက် တပ်နဲ့ ဖက်စပ်လုပ်တာ ဆိုရင် လုံခြုံရေး အတွက် မစိုးရိမ်ရတဲ့ အားသာချက်မျိုး ရှိနေတယ်လို့ ဦးစိုးဌေးက ထောက်ပြပါတယ်။

ဒါပေမယ့်လည်း စီးပွားရေးဆိုတာ နိုင်ငံရေးနဲ့လည်း ဆက်စပ်နေတယ် ဆိုပြီး ဦးစိုးဌေး သုံးသပ်တာကတော့ ….

"ကိုယ့်စီးပွားကို ကိုယ်လွတ်လွတ်လပ်လပ် လုပ်မှ ဖြစ်မယ်ဆိုတဲ့ အခြေခံအယူအဆနဲ့ တပ်မတော်ဟာ သူတို့အတွက် အာမခံချက်တွေ ရှိအောင် အခြေခံဥပဒေ ဆိုတာကို လက်ရှိပုံစံမျိုး ဆွဲထားတာဖြစ်တယ်။"

"လက်နက်ကိုင်နည်းနဲ့ မဟုတ်ပဲ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် လုပ်သွားနိုင်လို့ ရှိရင် တပ်မတော် အနေနဲ့ တဖြည်းဖြည်းနဲ့ နိုင်ငံရေးကနေ ဆုတ်သွားဖို့ ရှိတယ်။ အဲဒီ အခါမှာလည်း စီးပွားရေး ကနေလည်း တပါတည်း ဆုတ်သွားမယ်လို့ မျှော်လင့်ရတယ်။" လို့ ဦးစိုးဌေးက သုံးသပ်ထားပါတယ်။