မဘသ အမည်ပြောင်း ဗုဒ္ဓ၊ဓမ္မပရဟိတ ဖောင်ဒေးရှင်း တကယ်ဖျက်ပြီလား

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းက နှစ်ပတ်လည် ညီလာခံ ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းက နှစ်ပတ်လည် ညီလာခံ

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကနေ နာမည်ပြောင်းဖွဲ့စည်းထားတဲ့ ဗုဒ္ဓ၊ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ ဦးဆောင်ဆရာတော် ဥက္ကဋ္ဌ ဦးတိလောက ဘိဝံသနဲ့ ဒုဥက္ကဋ္ဌ ဦးသီလက္ခန္ဓာ ဘိဝံသ တို့ သြဂုတ် ၆ ရက်နေ့ကနုတ်ထွက်သွားပြီး ရန်ကုန်တိုင်း ဒေသကြီး အင်းစိန် ရွာမကျောင်းတိုက်မှာ ရှိတဲ့ ဒီအဖွဲ့နဲ့ ပတ်သက်တဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

ဒါ့အပြင် ဗုဒ္ဓ၊ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌနေရာနဲ့ ဒုက္ကဋ္ဌနေရာကိုလည်း လွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒီလို နုတ်ထွက်တာဟာ ဖိအားတွေ ရှိလာတဲ့အတွက် အနားယူတဲ့သဘောမျိုး ဖြစ်လိမ့်မယ်လို့ မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓ၊ဓမ္မပရဟိတ ဖောင်ဒေးရှင်း ဦးဆောင် ဆရာတော် ဦးပညာသာမိက ဘီဘီစီကို မိန့်ပါတယ်။

"အကယ်၍ နုတ်ထွက်မှုမရှိဘူး၊ ဆိုင်းဘုတ်လည်း မဖြုတ်ဘူး ဘယ်လို ဘယ်ညာ ဆိုရင် ဆရာတော်တွေ ဘေးရန်ကျကောင်းကျနိုင်တာပေါ့၊ ဦးဇင်းတို့ စစ်အစိုးရ တုန်းက သံဃာနဲ့ပတ်သက်ပြီး ၂ဝ/၉ဝဆိုတဲ့ ညွှန်ကြားလွှာတခု ရှိတယ်၊ ၂ဝ/၉ဝနဲ့ အရေးယူရင် ပြစ်ဒဏ် ကျကောင်း ကျသွားနိုင်တယ်၊ ဒီအချိန်မှာ ဆရာတော်ကြီးတွေ အနေအထားနဲ့ ပရိယတ်လုပ်ငန်းတွေ ရှိနေတာ ဖြစ်ကြတဲ့အတွက်ကြောင့်မို့လို့ ဒီလိုလည်း မဖြစ်အောင် နောက်ပြီးတော့လည်း ပြဿနာကို ပြဿနာနဲ့ ရင်ဆိုင်တာ မဟုတ်ဘဲနဲ့ အေးရာအေးကြောင်းနဲ့ ရင်ဆိုင်တယ်လို့ ဒီလိုပဲယူဆပါတယ် "လို့ ဦးပညာသာမိက မိန့်ပါတယ်။

ဆရာတော်ရည်ညွန်းတဲ့ သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂ဝ/၉ဝ ဆိုတာ စစ်အစိုးရလက်ထက်က သံဃာ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ အနည်းဆုံး ထောင်ဒဏ်၆ လ ကနေ ၃ နှစ် အထိ အရေးယူလို့ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းက နှစ်ပတ်လည် ညီလာခံမှာ တက်ရောက်လာတဲ့ ဦးဆောင်ဆရာတော်။

ဗုဒ္ဓ၊ဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တွေ ဘာကြောင့် နုတ်ထွက်တဲ့အထိ ဖြစ်လာတာလဲ။

၂၀၁၈ခုနှစ် ဇူလိုင်လကတည်းက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တရားမဝင် အဖွဲ့အဖြစ် ဆုံးဖြတ်ထားပြီး၊ အဖွဲ့ဝင်အားလုံးလည်း အဖွဲ့နာမည်ကိုသုံးပြီး ဘာကိစ္စကိုမှမလုပ်ဖို့ နိုင်ငံတော်သံဃမဟာနာယက(မဟန) တားမြစ်ထားပါတယ် ။

ဒါပေမဲ့ ဇွန်လ ၁၆နဲ့ ၁၇ ရက်နေ့ မှာ ရန်ကုန်မြို့မှာ မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းက နှစ်ပတ်လည် ညီလာခံကို ကျင်းပခဲ့ပါ တယ်။

ဒီညီလာခံမှာ လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေးဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင် တွန်းလှန် ဖယ်ရှားပစ်ဖို့၊ ဦးဝီရသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အမှုဖွင့်ထားတာ ဟာအစိုးရက ဥပဒေမဲ့ ဆောင်ရွက်ခြင်း ဖြစ်တဲ့ အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း စတာတွေ ပါဝင်တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဥက္ကဌ အင်းစိန် ရွာမဆရာတော် နဲ့ ဒုဥက္ကဌ မော်ကျွန်းဆရာတော်တို့ကို နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးဖို့ မဟနအဖွဲ့က ဇူလိုင်၂၈ ရက်နေ့စွဲနဲ့ ပင့်လျှောက်ထားခဲ့ပါတယ်။

ဒီလို ခေါ်ယူခဲ့ပေမယ့် ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ဦးတိလောကက ကြွရောက်ခဲ့ခြင်း မရှိဘဲ စာနဲ့သာ အကြောင်းကြားခဲ့ပြီး ဒုဥက္ကဋ္ဌ ဦးသီလက္ခန္ဓာ ကသာ ကြွရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာ မဟနက ဦးတိလောကရဲ့စာကို လက်မခံဘဲ ဓမ္မစက်နဲ့ ဆောင်ရွက် ချက်တွေ ကုန်ဆုံးပြီဆိုပြီး ဗုဒ္ဓ၊ ဓမ္မပရဟိတဖောင်ဒေးရှင်း အသင်းကို တရားမဝင် အသင်းအဖြစ် ဆုံးဖြတ်လိုက်ပါတယ်။ ဒီအသင်းရဲ့ ဆိုင်းဘုတ်တွေကိုလည်း ၄၅ ရက်အတွင်း ဖြုတ်ချဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းကနေ ဦးဆောင်ဆရာတော်တွေ အနားယူ နုတ်ထွက်သွားပြီး ဒီအဖွဲ့ရဲ့ ဌာနချုပ်မှာ ထောင်ထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ဖြုတ်ချလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအသင်းက တကယ် ဖျက်သိမ်းသွားပြီလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

Image caption တိုင်းနယ် ပြည်နယ်အသီးသီးမှာ ရှိတဲ့ ဦးဆောင်ဆရာတော်တွေနဲ့ ပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် ကိုယ်စားပြုဆရာတော်တွေ ဆွေးနွေးညှိနှိုင်းတာတွေ မလုပ်သရွေ့ ဒီအသင်းက ဆက်ရှိနေမှာလို့ မိန့်ပါတယ်။

ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်း အားနည်းသွားပြီလား။

ဒီအပေါ် ဦးပညာသာမိက ဒီအသင်းအဖွဲ့ဟာ တိုင်းနယ် ပြည်နယ်အသီးသီးမှာ ရှိတဲ့ ဦးဆောင်ဆရာတော်တွေနဲ့ ပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် ကိုယ်စားပြုဆရာတော်တွေ ဆွေးနွေးညှိနှိုင်းတာတွေ မလုပ်သရွေ့ ဒီအသင်းက ဆက်ရှိနေမှာလို့ မိန့်ပါတယ်။

ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းဟာ သံဃာဂိုဏ်းမဟုတ်ဘဲ ပရဟိတ အဖွဲ့အစည်း သာ ဖြစ်ပြီး အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့ ညီညွတ် တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်း အသင်းဌာနချုပ်ကိုလည်း ကရင်ပြည်နယ် ဘက်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီအပေါ်မှတ်ချက်ပေး မပြောလိုပေမယ့် ဦးဆောင်ဆရာတော်တွေ ဆွေးနွေး ညှိနှိုင်းပြီး သင့်တော်တဲ့နေရာကို ပြောင်းမယ့် သဘော ဖြစ်တယ်လို့ ဦးပညာသာမိက ပြောပါတယ်။

"ဒီအဖွဲ့အစည်းတွေ ဆက်လက်ရပ်တည်ပြီးတော့ ပြန်လည် အသစ်ရွေးချယ် တင်မြှောက်တာတို့ ဘာတို့ညာတို့ကျတော့ အခုချိန်တော်တော် ပြောနိုင်သေး တယ်"လို့ ဦးပညာသာမိက မိန့်ပါတယ်။

ကရင်ပြည်နယ်မှာ ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖြစ်အမည်မပြောင်းဘဲ မဘသ အဖြစ်ဆက်ရပ်တည်နေဆဲ ဖြစ်လို့ ကရင်ပြည်နယ်ကို ပြောင်းဖို့ ကောလဟလ ထွက်လာတဲ့သဘော ဖြစ်တယ်လို့ သူက ပြောပါတယ်။

တရားဝင် ဆိုင်းဘုတ်တွေ တင်ပြီး အစိုးရကို အာခံလုပ်နေတဲ့ အနေအထားကနေ ဌာနချုပ်တွေလည်း ပြောင်းဖို့ဆိုတဲ့ သတင်းတွေထွက်နေ တာကြောင့် ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းဟာ အားနည်းသွားပေမယ့် အပြီးတိုင် ရုပ်သိမ်းသွားတယ်လို့ ပြောလို့မရဘူးလို့ သတင်းစာ ဆရာ စည်သူအောင်မြင့်က သုံးသပ်ပါတယ်။

"အန်အယ်လ်ဒီအစိုးရကို အတိုက်အခံလုပ်နေတဲ့ အင်အားစုတွေက မဘသ ဆရာတော်တွေဆီသွားပြီးတော့မှ သင်္ကန်းကပ်တာတွေ ဘာတွေလည်း လုပ်ပြတာ တွေ ရှိတယ်၊ အဲလိုမျိုးထောက်ခံမှုတွေရှိတဲ့ အခါကျတော့ ဒီအဖွဲ့အစည်းကြီးက ပေျာက်ကွယ်သွားဖို့တို့ နောက်တခုက လုံးလုံးကြီး ဖျက်သိမ်းလိုက်ဖို့ကတော့ မမြင်မိသေးပါဘူး"လို့ သူက ပြောပါတယ်။

တည်ဆဲအစိုးရနဲ့ တရားဝင် သံဃာအဖွဲ့အစည်းက ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းကို တရားမဝင် အဖွဲ့အစည်းလို့ သတ်မှတ်ထားပေမယ့် ဒီအဖွဲ့ကို သွားပြီး ထောက်ခံ အားပေးနေတာဟာ နိုင်ငံရေးအရ အသုံးချလိုမှု တခုကြောင့် ဖြစ်တယ်လို့ ဦးစည်သူအောင်မြင့်က သုံးသပ်ပါ တယ်။

မဟနနဲ့ ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းတို့အကြား ထိပ်တိုက်တွေ့တာကလည်း အစိုးရ နှစ်ရပ်လိုလို ဖြစ်လာတဲ့ အခြေအနေအောက်မှာ ဖြစ်လာတဲ့ အခြေအနေ ဖြစ်ပြီး နိုင်ငံရေးပြဿနာ ပြေလည်ရင် မြန်မာနိုင်ငံမှာရှိတဲ့ သံဃာထုက နှစ်ပိုင်း ကွဲဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက သုံးသပ်ပါတယ်။

ကရင်ပြည်နယ်ဘက်ကို ဌာနချုပ်အဖြစ် ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းသာ ပြောင်းရွှေ့ ဖြစ်ခဲ့ပြီး အဲဒီမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီအဖွဲ့ကို အကာအကွယ်ပေးခဲ့ရင်တော့ အစိုးရအနေနဲ့ ကိုင်တွယ်ဖို့ ခက်လိမ့်မယ့်လို့လည်း ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ