မြေပြိုမှု သေဆုံးသူ ၂၉ ဦးထိ ရှိလာ အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် MPA
Image caption မြေပြိုမှု သေဆုံးသူ ၂၉ ဦးထိ ရှိလာ

မြေပြိုမှု သေဆုံးသူ ၂၉ ဦးထိ ရှိလာ

သြဂုတ်လ ၉ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ သဲဖြူကုန်းကျေးရွာ တောင်ပြိုမှုမှာ သြဂုတ်လ ၁၀ ရက် နံနက် ၁၀း၄၅ နာရီ အချိန် အထိ သေဆုံးသူ (၇) ဦး ရဲ့ ရုပ်အလောင်းတွေကို ထပ်မံရှာဖွေတွေ့ရှိခဲ့လို့ သေဆုံးသူ အရေအတွက်ဟာ (၂၉) ဦး အထိ တိုးလာခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တောင်မြေပြိုမှုမှာ အသက်ရှင်ရက် ပြန်တွေ့သူ ၂၉ ဦး ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Mar Naw / MPA
Image caption သြဂုတ်လ ၉ ရက် ည ၉ နာရီအချိန်မှာ သုံးဘီးကား တစ်စီး မြေအောက် နစ်မြုပ်နေတာကို ကယ်ဆယ်နေတဲ့ မြင်ကွင်း

သြဂုတ်လ ၉ ရက်နေ့မနက် ၆နာရီခွဲခန့်က စတင်ကာ တောင်မြေပြိုကျမှုကြောင့် ရန်ကုန် -မော်လမြိုင် ကားလမ်း ဘေးရှိ ဥတ္တရာ ရာမ ဘုန်းကြီးကျောင်း၊ လူနေအိမ်အချို့၊ ခရီးသည်တင် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ အိမ်စီး မော်တော်ယာဉ်တို့ လွင့်စင် မျောပါသွားပြီး တောင်မြေသားများ ဖုံးဖိသွားခဲ့တာဖြစ်ပါတယ်။

အိမ်ခြေ ၁၁ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း မြေကြီးတွေ ပိမိသွားတာ ဖြစ်တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

မြေပြိုမှုကို သြဂုတ်လ ၉ ရက်နေ့နဲ့ တညလုံး မြေတူးစက်တွေ မြေသယ်ကားတွေ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေး တွေလုပ်ဆောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Image
Image caption ရုံးပိတ်ရက်ရှည်တွေမှာ မြို့ကြီးမှာ အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်လေ့ရှိကြ

အစိုးရ ရုံးပိတ်ရက် ထပ်တိုး

ပုံမှန်သီတင်းကျွတ်ပိတ်ရက်ကို စနေတနင်္ဂနွေ ပိတ်ရက်ထဲ ပါသွားတာကြောင့် အောက်တိုဘာ ၁၁ နဲ့ ၁၅ ရက်ကို အစားထိုး ပိတ်ရက် ပြန်ပေးလိုက်ကြောင်း အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရကြေညာထားတဲ့ ပုံမှန် သီတင်းကျွတ်ပိတ်ရက်ဟာ အောက်တိုဘာ ၁၂ ကနေ ၁၄ ရက်အထိ ဖြစ်ပြီး အောက်တိုဘာ ၁၂ နဲ့ ၁၃ ဟာ ပိတ်ရက် စနေနဲ့ တနင်္ဂနွေ ထဲပါသွားတဲ့အတွက် နောက်ထပ် နှစ်ရက် ထပ်တိုးပေးခဲ့တာဖြစ်ပါတယ်။

သီတင်းကျွတ် ပိတ်ရက်ကို ထပ်တိုးပေးတာကြောင့် အောက်တိုဘာ ၁၁ ရက်ကနေ အောက်တိုဘာ ၁၅ ရက်အထိ ပိတ်တော့မှာဖြစ်ပါတယ်။

အလားတူပဲ တန်ဆောင်တိုင်ပိတ်ရက် မှာလည်း ပိတ်ရက် အဖြစ်နိုဝင်ဘာ ၁၀ ရက်နဲ့ နိုဝင်ဘာ ၁၁ ရက်ကို သတ်မှတ်ထားရာမှာ နိုဝင်ဘာ ၁၀ ရက်နေ့က တနင်္ဂနွေနေ့ ဖြစ်နေတာကြောင့် တန်ဆောင်တိုင် ပိတ်ရက် အစားထိုးအဖြစ် နိုဝင်ဘာ ၁၂ ကို ထပ်တိုးပေးထားပါတယ်။ တန်ဆောင်တိုင်မှာ ပိတ်ရက်ဟာ နိုဝင်ဘာ ၉ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ ၄ ရက် ရရှိမှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် CCDAC
Image caption ရခိုင်မှာ စိတ်ကြွရှုးသွပ်ဆေးပြား ၂ သန်းကျော်ဖမ်းမိ

ရခိုင်မှာ စိတ်ကြွရှုးသွပ်ဆေးပြား ၂ သန်းကျော်ဖမ်းမိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း တံခွန်တိုင် ကျေးရွာ၊ ဒေသအခေါ် သမီးလှ ရွာဟောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ပေါ်ကနေ အေအေ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်တဲ့ ငွေကျပ် ၅ ဘီလီယံဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းကျော် အပါအအဝင် လက်ပစ်ဗုံးတွေ၊ ဆက်သွယ်ရေး စကားပြောစက်တွေကို သြဂုတ်လ ၈ ရက်က သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို အေအေဘက်ကတော့ ငြင်းဆိုပါတယ်။ လက်ရှိအနေအထားမှာ အဲဒီအနီးတဝိုက်က ကျေးရွာတွေကို တပ်မတော်ကနေ ဝိုင်းဝန်း ပိတ်ဆို့မှု ပြုလုပ်ထားပြီး ရှာဖွေမှုတွေ ဆက်လုပ်နေပါတယ်။

တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရသေ့တောင်မြို့နယ် တံခွန်တိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်ပေါ်ကနေ စိတ်ကြွရူးသွပ် ဆေးပြား ၂ သန်း ၅ သိန်းခန့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ဖို့ အသုံးပြုတဲ့ ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘောစေ့များရောနှောထားတဲ့ ယမ်းထုပ် တစ်ပိဿာခန့် ၂ ထုပ်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။ ဒီသိမ်းဆည်းရမိတဲ့ ပစ္စည်းတွေဟာ ရက္ခိုင်တပ်တော် အေအေရဲ့ ပစ္စည်းတွေဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အုပ်ချုပ်ရေးမှူး ဦးစံသာကျော်နဲ့ မိသားစုဝင်တွေကတော့ စစ်တပ်တွေ မရောက်လာမီကတည်းက ရွာကို စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ