ကန့်သတ်တဲ့ကြားက ရန်ကုန်မှာ ကရင့်အာဇာနည်နေ့ ကျင်းပ

ကရင့်အာဇာနည်နေ့ ချီတက်ကြပုံ ဓာတ်ပုံ မူပိုင် KIC
Image caption ကရင့်အာဇာနည်နေ့ ချီတက်ကြပုံ

သြဂုတ်လ ၁၂ ရက်နေ့မှာကျရောက်တဲ့ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ကို အာဇာနည်ဆိုတဲ့ အသုံးအနှုန်းမသုံးဖို့ တားမြစ်တဲ့ကြားက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ၊ မြို့တော် ခန်းမရှေ့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား ကိုလည်း အာဏာပိုင်တွေက အာဇာနည်အသုံးအနှုန်း မသုံးဖို့ တားမြစ်ခဲ့တယ်လို့ အခမ်းအနားဦးဆောင်သူ နော်အုန်းလှက ဘီဘီစီကို ပြောပါတယ်။

နော်အုန်းလှ " မနေ့ကတော့ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားအသိပေးတော့ သူတို့က အာဇာနည်ဆိုတဲ့ စကားလုံးဖြုတ်ခိုင်းတယ်။ ကျွန်မက ဘာကြောင့်လည်းဆိုတာ မေးတယ်။ မဖြေနိုင်ကြဘူး" လို့ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU က NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်းမှာ ကရင့်အာဇာနည်နေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ နှစ်စဉ် ကျင်းပခဲ့ပေမယ့် အခုနှစ်မှာမှ ဒီအသုံးအနှုန်းကို တားမြစ်ခံရတာဖြစ်ပါတယ်။

အခုလိုတားမြစ်မှုဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဟန့်အတားတစ်ခု ဖြစ်လာနိုင်တယ်လို့ ကေအန်ယူရဲ့ ဒုတိယ ဥက္ကဌ ဟောင်းဖြစ်တဲ့ ဗဒိုနော်စီဖိုးရာစိန်က ပြောခဲ့ပါတယ်။

ကရင်ခေါင်းဆောင် စောဘဦးကြီးနဲ့ သူ့နောက်လိုက်တစ်ချို့ ၁၉၅၀ သြဂုတ်လ ၁၂ ရက်နေ့မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးရွာမှာ လုပ်ကြံသတ်ဖြတ်တာ ခံလိုက်ရတဲ့ ကရင်တမျိုးသားလုံးရဲ့ ခေါင်းဆောင် လုပ်ကြံခံရတဲ့နေ့ကို ကရင့်အာဇာနည်နေ့လို့ သတ်မှတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာတာဟာ အနှစ် ၅၀ ကျော်ပြီလို့ နော်စီဖိုးရာစိန်က ပြောပါတယ်။

နော်စီဖိုးရာစိန်က " တချို့ကလည်း အာဇာနည်ဆိုတဲ့ မြန်မာစကားလုံးကို အသုံးပြုခွင့်မပေးရင် ကရင်ဘာသာနဲ့ မာထူးရာမူနီလို့ ခေါ်ရင်ကော မဖြစ်ဘူးလားလို့ ပြောသွားတာတွေ ရှိတယ်။ အာဇာနည်လို့ ခွင့်မပြုလို့ မာသူသူရာမူးနိလို့ ခေါ်ရင်လည်း အာဇာနည်လို့ပဲ အဓိပ္ပါယ် ထွက်တာပဲ။ မြန်မာနိုင်ငံက လူမျိုတစ်မျိုးဟာ သူတို့အမျိုးသားတွေရဲ့ နေ့ကြီး ရက်ကြီး တနေ့ကို တရားဝင် ကျင်းပခွင့်မရပဲ။ ခိုးကြောင် ခိုးဝှက်နဲ့ ဟိုနာမည်ပြောင်း ဒီနာမည်ပြောင်းစရာ မလိုဘူးလို့ " လို့ပြောပါတယ်။

ကရင့်အာဇာနည်နေ့ကို ပြည်တွင်းမှာ ကျင်းပခွင့်မရလို့ ကေအန်ယူ ထိန်းချုပ်တဲ့ ဒေသတွေမှာ ကျင်းပခဲ့ပါတယ်။ NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ ပြည်တွင်းက နေရာအနှံ့အပြားမှာ ကျင်းပလာပြီး အခုနှစ်မှာတော့ ကရင့်အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို ကန့်သတ်လာပြီး မကျင်းပနိုင်အောင် ဖိအားပေးလာတာလို့ ကရင်လူထုကြားမှာ ပြောဆိုမှုတွေလည်း ရှိနေပါသည်။

ဒါကြောင့် ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးကတော့ မြဝတီမြို့နယ်ထဲက သူရဲ့ နို့ဖိုးထီးမူးထ ရွာက ချာချ် ဘုရားရှိကျောင်းမှာ ဆုတောင်းဝတ်ပြုပွဲပဲ ကျင်းပသွားမယ်လို့ သိရပါတယ်။