မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက် - TNLA ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော်ကို မေးမြန်းမှု

တအောင်းပလောင် ဓာတ်ပုံ မူပိုင် TNLA information facebook
Image caption စစ်တပ်က အဆိုပြုထားတဲ့ ပဏာမ အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးဖို့ ကြိုးပမ်း

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ ရခိုင့် တပ်တော်တို့ကြား တိုက်ပွဲတွေ တနေ့ထက် တနေ့ တိုးလာချိန်မှာ မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖွဲ့ပေါင်းပြီး ကြေညာချက် တရပ် ထုတ်ပြန်လိုက်ပါတယ်။

အခု ကြေညာချက် ထုတ်ပြန်တဲ့ အထဲမှာ ပါတဲ့ သုံးဖွဲ့ကတော့ ကိုးကန့် MNDAA ၊ တအာင်း ပလောင် TNLA နဲ့ ရခိုင့် တပ်တော် AA တို့ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဘီဘီစီ အနေနဲ့ တအာင်းပလောင် TNLA အဖွဲ့က သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ တာအိုက်ကျော် နဲ့ မေးမြန်းခဲ့ပါတယ်။

BBC - ညီနောင် မဟာမိတ် အဖွဲ့ သုံးဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက်ကို သြဂုတ်လ ၁၂ ရက်စွဲနဲ့ ဘာကြောင့် ထုတ်ပြန်လိုက်တာလဲ ။

တာအိုက်ကျော် - ကြေညာချက် ထုတ်ရခြင်းက နှစ်ပိုင်းရှိပါတယ် တခုကတော့ ပဏာမ အပစ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးပွဲ ဖြစ်ပြီး နောက်တပိုင်းကတော့ အပစ်ရပ်နောက်ပိုင်း ထိုးစစ် များလာတာနဲ့ ဆိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် TNLA information facebook
Image caption ကိုးကန့်နဲ့ တအာင်း ဒေသတွေမှာ စစ်ရေးကန့်သတ် ဖိနှိပ်မှု ဆက်တိုက်လုပ်လာနေတယ်လို့ ဆိုပါတယ်

BBC - ဆွေးနွေးပွဲက ဘာကြောင့် ကြန့်ကြာနေတာလဲ။

တာအိုက်ကျော် - ပဏာမ အပစ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ မြောက်ပိုင်း သုံးဖွဲ့နဲ့ရော လေးဖွဲ့နဲ့ပါ ညှိနှိုင်းမှုတွေ ရှိခဲ့ဖူးပါတယ်၊ အရင်ကလည်း ဆက်တိုက် ဆိုသလို တွေ့နေကျ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အစိုးရရော ၊ တပ်မတော်ရော တွေ့ဆုံမှုကို ပြည်မ ဖြစ်တဲ့ နေပြည်တော် လို နေရာမျိုးမှာ တွေ့ချင်တယ်လို့ အစိုးရကဘက်က ပြောပါတယ် ၊ ကျွန်တော်တို့ အနေနဲ့ သွားရေး လာရေး နဲ့ နေရာမလုံခြုံတဲ့ အခက်အခဲတွေကြောင့် အဆင်မပြေတော့ အားလုံး အဆင်ပြေနိုင်မယ့် နယ်စပ်မြို့ တစ်မြို့မြို့ မဟုတ်ရင် တရုတ်ပြည်မှာ တွေ့ချင်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။ အရင်ကလည်း တရုတ်မှာ တွေ့ခဲ့ဖူးပါတယ်။ တပ်မတော်က အဆိုပြုထားတဲ့ ပဏာမ အပစ်ရပ်စဲရေး စာချုပ် မူကြမ်းကို ဆွေးနွေးဖို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နဲ့ FPNCC တို့ကိုလည်း အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့လိုကြောင်း ညှိနှိုင်းပေးဖို့ မေတ္တာ ရပ်ခံထားဖူးပါတယ်။ အစိုးရဘက်က မဖြစ်နိုင်တဲ့ နေရာပဲ ချိန်းနေတာဖြစ်ပါတယ်။

BBC - အစိုးရဖက်က လုံခြုံရေး အာမခံချက် ပေးပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောထားပါတယ်။ ဒါကိုဘာကြောင့် ထည့်မစဉ်းစားတာလဲ ။

တာအိုက်ကျော် - တဘက်နဲ့ တဘက် အဲဒီလောက် ယုံကြည်မှု ရှိနေမယ် ဆိုရင် အခုလို ဆွေးနွေးစရာတောင် လိုမယ် မထင်ပါဘူး။

ဓာတ်ပုံ မူပိုင် TNLA information facebook
Image caption အပစ်ရပ် ကာလအတွင်း ထိုးစစ်ဆင်တာတွေ ရပ်ဖို့ မြောက်ပိုင်း အဖွဲ့တွေ ထုတ်ပြန်ကြေညာ

BBC - ခုနှစ် အစောပိုင်းတုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲ တခုကို အေအေ အပါအဝင် မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေက ကိုယ်စားလှယ်တွေ လာတက်ခဲ့ဖူးတာ ရှိခဲ့တယ်လေ ။ အခုကျမှ ဘာကြောင့် မလုံခြုံဘူး လို့ ပြောရတာလဲ ။

တာအိုက်ကျော် - စစ်ရေး အခြေအနေကြောင့်ပါ ၊ အရင်က အခုလောက် ထိုးစစ် မပြင်းထန်ဘူးလေ ၊ ခုအခြေအနေက လုံခြုံရေး ကိစ္စတွေကိုတော့ အသေးစိတ်ပြောလို့ မဖြစ်လို့ပါ။

BBC - ထုတ်ပြန်ချက်ရဲ့ ဒုတိယအချက်က ဘာလဲ။

တာအိုက်ကျော် - တပ်က အပစ်ရပ် ကြေညာထားပေမယ့် ကျွန်တော်တို့နဲ့ တိုက်ပွဲ မဖြစ်တာဆိုလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ တလပဲ ရှိသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တိုက်ပွဲ စိပ်လာတယ် ၊ သူတို့ ကြေညာချိန်မှာ တိုက်ပွဲ မဖြစ်အောင် ကိုယ့်ဘက်က ရွှေ့ရတဲ့ အတွက် တဖြည်းဖြည်းနဲ့ တပ်ဘက်က စနစ်တကျ လက်ဦးမှုယူတယ်၊ တဘက်ကတော့ ကြားကောင်းအောင် အပစ်ရပ်ထားတယ် ပြောပြီး တကယ့်တကယ်မှာ အချိန်ယူ စစ်ရေး ပြင်ဆင်လာတာ ဖြစ်တယ် ၊ ခုနောက်ပိုင်းမှာ တပ်မတော်က လူနေတဲ့ နေရာ အတွင်းပိုင်း တပ်ဖွဲ့တွေ လှုပ်ရှားရာ နေရာမှာရော စစ်ရေး အရ ထိုးစစ် ကူးစက်လာတယ်၊ ကိုယ်သွားမယ့် လမ်းကြောင်းကို အဆက်မပြတ် လိုက်လာတယ် ၊ ဇွန်လအတွင်းမှာ ကျွန်တော်တို့နဲ့ တိုက်ပွဲ အကြိမ် ၂၀ ၊ ဇူလိုင်လမှာ ၁၁ ကြိမ် ၊ သြဂုတ်လ ဆိုရင် မနေ့က ၁၁ ရက် အထိ ၁၃ကြိမ် ဖြစ်တယ်။ ဒါကို ကြည့်ရင် တိုက်ပွဲ မဖြစ်ဖြစ်အောင် ဖန်တီးတယ် ဆိုတာ သိနိုင်တယ် ၊ အဲလိုမျိုး တောက်လျောက် ဖြစ်နေမယ် ဆိုရင် စစ်ရေးအရ ဖိအားပေးနေမယ် ဆိုရင် တိုက်ပွဲ ဒီထက် ပြင်းထန်ဖို့ ရှိပြီး ဘယ်လိုမှ ရှောင်လို့ မရနိုင်တဲ့ အနေအထား ရောက်သွားနိုင်တယ်။

BBC - တပ်မတော်က ပြောတာက အပစ်ရပ်ကြေညာပြီးနောက်ပိုင်း တိုက်ပွဲတွေ လျော့ကျလာတယ် လို့ ဆိုနေတယ် ဘာကြောင့်လဲ။

တာအိုက်ကျော် - စစ်ရေးအရ ပြင်ဆင်မှု အချိန်ယူလို့ ယူဆလို့ ရတယ် ၊ အဲလို ကြေညာနေတဲ့ အချိန်မှာ ကျွန်တော်တို့ နယ်မြေမှာ တပ်စခန်း အကြီးကြီးတွေ တိုးချဲ့လာတယ် ၊ အတွင်းပိုင်း အထိ စစ်ရေး လှုပ်ရှားမှု ပိုလုပ်လာမယ်၊ အပစ်ရပ်ထားတယ်သာပြောတာ ကျွန်တော်တို့ ဒေသမှာ စစ်ရေး လှုပ်ရှားမှု ဘာမှ အပြောင်းအလဲ မရှိပါဘူး။

Image caption မြောက်ပိုင်း၃ဖွဲ့ သြဂုတ်လ ၁၂ ရက်မှာ ကြေညာချက် တုတ်ပြန်

BBC - ဒါဆို တိုက်ပွဲ လျော့လာတာ မဟုတ်ဘူးပေါ့ ။

တာအိုက်ကျော် - တိုက်ပွဲ လျော့လာတယ် ဆိုတာက တိုက်ပွဲ မဖြစ်အောင် ရှောင်ရှားလို့ လျော့လာတာ ဖြစ်တယ်၊ တကယ်လို့ ကျွန်တော်တို့က မရှောင်ရင် တိုက်ပွဲက လျော့မှာ မဟုတ်ဘူး ၊ အရင်ကတည်းက ကတိုက်ပွဲက တောက်လျှောက် ဖြစ်နေတာပါ။

BBC - အခု ထုတ်ပြန်ချက်ရဲ့ အဓိက အကြောင်းရင်းက ဘာလဲ ။

တာအိုက်ကျော် - တွေ့ဆုံ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ မဖြစ်နိုင်တဲ့ နေရာ ၊ တွေဆုံမှု မလုပ်မဖြစ်အောင် အကြောင်းပြပြီး မဖြစ်နိုင်တဲ့ နေရာကို ချိန်းတယ် ၊ မဖြစ်အောင် လုပ်တဲ့ သဘော ဖြစ်နေတယ် ။ တခါ ထိုးစစ်တွေ ဆိုရင်လည်း တောက်လျှောက် လုပ်လာနေတာ ၊ ဒါဆို တိုက်ပွဲ ရှောင်မရလို့ တိုက်ပွဲ တောက်လျှောက် ဖြစ်နေမယ် ဆိုရင် ၊ ဒါမျိုး ထိုးစစ် လုပ်နေရင် ကျွန်တော်တို့ ဘက်ကလည်း မလွဲမရှောင်သာ တုန့်ပြန်ရမယ့် အခြေအနေ ဖြစ်လာလို့ တိုက်ပွဲတွေ ခုခံစစ်တွေ ပေါ်ပေါက်လာမှာဘဲ ။

ဓာတ်ပုံ မူပိုင် TNLA information facebook
Image caption လူနေထိုင်ရာ အတွင်းပိုင်းသာမက တပ်ဖွဲ့တွေ လှုပ်ရှားရာ နေရာကိုပါ စစ်တပ်က ထိုးစစ်ဆင်နေတယ်လို့ တအာင်းပလောင် အဖွဲ့က ပြော

BBC - ဆွေးနွေးမယ့် နေရာနဲ့ ပတ်သက်လို့ ဘယ်နေရာမျိုးမှာ ဖြစ်ချင်တာလဲ ။

တာအိုက်ကျော် - တပ်နဲ့ တခါမှ မတွေ့ရသေးပါဘူး ၊ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ဘဲ တွေ့နေကျပါ ၊ အဆင်ပြေတဲ့ နေရာရွေးဖို့ လိုတယ် ။ တရုတ်မှာ အရင်က တောက်လျောက် တွေ့လာတာပါ ၊ နယ်စပ်မြို့ တခုခု ဆိုရင်လည်း ဖြစ်နိုင်ပါတယ် ။ မူဆယ်မှာလည်း တွေ့ဖူးပါတယ် ။ အခြား ညီနောင် မဟာမိတ် အဖွဲ့တခုခုရဲ့ လွတ်လပ် နယ်မြေ တခုခု မှာဆိုရင်လည်း တွေ့လို့ ရပါတယ်။

BBC - လက်ရှိ အေအေနဲ့ တိုက်ပွဲ ပြင်းထန်လာနေတော့ မြောက်ပိုင်း အဖွဲ့တွေ အနေနဲ့ ကြား၀င် ညှိနှိုင်းပေးဖို့ အစီအစဉ် ရှိပါသလား ။

တာအိုက်ကျော် - တပ်က အေအေနဲ့ တိုက်ပွဲဖြစ်ရာ နေရာကို အပစ်ရပ် ကြေညာတဲ့ အထဲ မထည့်တာဟာ အဓိက အကြောင်းရင်း တချက်ပါ ၊ အပစ်ရပ်မယ် ဆိုရင် နယ်မြေ အားလုံး ရပ်ထားဖို့ လိုပါတယ် ၊ တဖက်ကို အပစ်ရပ်ထားပြီး တဖက်ကို ဖိတိုက်တဲ့ နည်းစနစ် ကျင့်သုံးသလို ဖြစ်နေတာက သဘာ၀ မကျပါဘူး။

BBC - အာဆာအဖွဲ့ ရဲ့ ရန်ကြောင့် ရခိုင်ဒေသပါတဲ့ စစ်တိုင်းကို မထည့်တာလို့ တုန့်ပြန်ထားဖူးပါတယ် တကယ်လို့ အနောက်မြောက်တိုင်းကို အပစ်ရပ်နယ်မြေထဲ မထည့်ဘူးဆိုရင် အေအေနဲ့ တပ်မတော်ကြား အပစ်ရပ်ဖို့ တခြား ဘာနည်းလမ်းမျိုး ရှိနိုင်မလဲ ။

တာအိုက်ကျော် - ဒါက အကြောင်းပြချက် တခုသာ ဖြစ်ပါတယ် ၊ အေအေနဲ့ တပ်မတော် ဆိုတာလဲ ခုချိန်ထိ အခါမှ တွေ့ဆုံတာမျိုး မရှိခဲ့ဖူးပါဘူး။

BBC - အခု ထုတ်ပြန်ချက်မှာ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေထဲက ကေအိုင်အို မပါတာ ဘာကြောင့်လဲ ။

တာအိုက်ကျော် - မြောက်ပိုင်း မဟာမိတ် ဆိုရာမှာ တခါတလေ သုံးဖွဲ့ ရှိတယ် တခါတလေမှာ လေးဖွဲ့ ရှိတယ် ၊ စစ်ရေး အရ မဟာမိတ် ၊ နိုင်ငံရေး အရ မဟာမိတ်နဲ့ တခါတလေမှာ နယ်မြေ ထိစပ်မှု အရ မဟာမိတ် ဆိုပြီး ရှိပါတယ် ။ စစ်ရေး အရ ပူးပေါင်းတာမျိုး ရှိသလို ၊ နိုင်ငံရေး အရ ပူးပေါင်းတာမျိုးလည်း ရှိပါတယ်။ အခု ကေအိုင်အို မပါတာက အဲဒါတွေနဲ့ သက်ဆိုင်ပါတယ်။