တပ်က ပိတ်ထားလို့ မင်းပြားမှာ ရွာသား ၃၀၀၀ ရိက္ခာပြတ်နေတယ်လို့ဆို

မင်းပြား ဓာတ်ပုံ မူပိုင် Khine Min Nyo
Image caption မင်းပြား

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုန်သာချောင်း တစ်လျှောက်က ကျေးရွာ ၃၀ ကျော်ကို စစ်တပ်က အသွားအလာ ပိတ်ထားတဲ့ အတွက် ရွာသား ၃၀၀၀ ကျော်လောက် စားနပ်ရိက္ခာ နဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"၄ ရက်နေ့ကတည်းက စပိတ်တာ။ အခုဆိုရင် ၁၂ ရက်အထိ ရှိသွားပြီ။ အဝင်အထွက် မရှိရဘူး။ အဲဒါကြောင့် ဘာဆိုဘာမှ ရိက္ခာက မရှိတော့ပါဘူး" လို့ ကျောက်မော်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်စောချေက ပြောပါတယ်။

"ဆန်တွေ၊ ဆားတွေ၊ အချိုမှုန့်တွေ အကုန်ပြတ်နေပါတယ်။ နောက်ပြီးတော့ ကျန်းမာရေး အတွက်ဆိုရင်လည်း သောက်ဆေးတောင် မရှိတော့တဲ့ အနေအထားကို ရောက်နေပါတယ်" လို့ အခက်အခဲဖြစ်နေတဲ့ အခြေအနေကို သူက ဆက်ပြောပါတယ်။

အဲဒီရွာတွေဟာ ရေလမ်းကြောင်းတစ်ခုကိုပဲ အားကိုး သွားလာနေကြရတဲ့ ကျေးရွာတွေဖြစ်ပြီး လက်ခုပ်ကျေးရွာကနေ စစ်တပ်ကနေ စခန်းထိုင်ပြီး သွားလာခွင့်တွေကို ပိတ်ပင်ထားတယ်လို့ ပြောပါတယ်။

အဲဒီရွာရဲ့ အထက်မှာ ရွာတွေ အများကြီး ရှိပါသေးတယ်။ ရွာပေါင်း ၃၀ လောက် ရှိပြီး အဲဒီရွာတွေကို သွားလာခွင့် မပေးတာလို့ သူက ဆိုပါတယ်။

ဒီလို အခြေအနေတွေနဲ့ ရွာသားတွေ ရင်ဆိုင်နေရတဲ့ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစစ်နိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးလှအောင်သိန်းနဲ့ ဦးလှအောင်ညွန်တို့ ကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပေမယ့် လက်ခုပ်ကျေးရွာမှာ စခန်းထိုင်ထားတဲ့ စစ်တပ်က သွားခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

ဘာကြောင့် ဒီလို ပိတ်ထားတာလဲ ဆိုတာကို လွှတ်တော်မှာ မေးခွန်း မေးမြန်းမယ်လို့ မင်းပြားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

အခု လက်ရှိ ဒေသခံပြည်သူတွေ ရိက္ခာပြတ်လပ် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသဟာ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ရဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ်။ အခုလို ဒေသခံ ပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ ဒေသခံ ပြည်သူတွေက ပြောနေကြပါတယ်။