ရခိုင်အရေးဖြေရှင်းဖို့ ဂျပန်နည်းလမ်းရှာမယ်

ဂျပန် မြန်မာ ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို လာရောက်တွေ့ဆုံ

ရခိုင်ပြည်နယ်အရေး အနောက်နိုင်ငံက မြန်မာနိုင်ငံအပေါ်ဖိအားပေးနေချိန်မှာ ဂျပန်နိုင်ငံကတော့ ရခိုင်ပြည်နယ်အရေး၊ ရိုဟင်ဂျာဒုက္ခသည် ပြန်လာနိုင်ရေး တို့ကိုအဆင်ပြေ ချောမွေ့အောင် ကူညီ ဆောင်ရွက်ပေးမယ် ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ဆက်ဆံရေးပြေလည်အောင် မြန်မာအစိုးရကို ဂျပန်အစိုးရက ကူညီဆောင်ရွက်ပေးမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Ichiro Maruyama က ဘီဘီစီကိုပြောပါတယ်။ ဘယ်လို ကူညီပေးသွားမှာပါလဲ အကြောင်းစုံ သိရအောင် ဂျပန်သံအမတ်ကြီး မစ္စတာ Ichiro Maruyama ကို ဘီဘီစီ အကြီးတန်း သတင်းထောက် စောရန်နိုင် က သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

ဖြေ ။ ရခိုင်ပြည်နယ် ကိစ္စကို ဖြေရှင်းနိုင်အောင် မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ အခြေခံ ရပ်တည်ချက်က ဘာမှ မပြောင်းလဲဘူး ဆိုတာ ကျွန်တော်တို့ နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရကြားမှာ နားလည်မှု ကွဲလွဲမှု ယုံကြည်မှု နည်းသွားတဲ့ အခက်အခဲများ ရှိတယ် ဆိုရင် ကျွန်တော်တို့ ဂျပန် အစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ကော မြန်မာ အစိုးရနဲ့ပါ နီးစပ်မှု ရှိတဲ့အတွက် ကျွန်တော်တို့ ဂျပန် အစိုးရ အနေနဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ဥပမာ ဂျပန် နိုင်ငံကို အဲဒီ နိုင်ငံ နှစ်ခုရဲ့ သက်ဆိုင်ရာ ဝန်ကြီးများကို ဂျပန်ကို ဖိတ်ခေါ် ဆွေးနွေးဖို့ ၊ အကူအညီပေးဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ အစီအစဉ် အဲဒီ သဘောကိုတော့ သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အစိုးရ ၊ မြန်မာ အစိုးရ တို့ကို ကျွန်တော်တို့ ဝန်ကြီး ကိုယ်တိုင် ရှင်းပြခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က နှစ်ဖက်စလုံး သဘောတူတယ် ဆိုရင် ကျွန်တော်တို့ လက်ကမ်း အစီအစဉ် လုပ်ဖို့ ရှိပါတယ်။

Image caption ရခိုင်အရေးဟာ ရှုတ်ထွေးတယ်လို့ ဂျပန် သံအမတ်ကြီး ထောက်ပြ ပြောဆို

မေး ။ ဘင်္ဂလားဒေ့ရှ် က ဒုက္ခသည်တွေ မြန်မာပြည်ကို ပြန်လာဖို့ အတွက် ဂျပန်က ပူးပေါင်း ကြား၀င် ပေးမယ် ဆိုတာက ဘာကြောင့်ပါလဲ ။

ဖြေ ။ မြန်မာ နိုင်ငံက ရခိုင် ကိစ္စကြောင့် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ ကြားမှာ ဖိအားဒဏ် ခံစားနေရပါတယ် ။ တချို့ နိုင်ငံက အဲဒီကိစ္စကြောင့် မြန်မာကို အရေးယူတာ ရှိနေတယ် ။ ဒါပေမယ့် မြန်မာက တကယ်မှာ နိုင်ငံရေး ၊ စီးပွားရေး တိုးတက်ဖို့ အတွက် နိုင်ငံတကာ အဖွဲ့အစည်း အားလုံးနဲ့ ဆက်ဆံမှု အဆင်ပြေဖို့ လိုပါတယ်။ အဲဒါမျိုး ဖြစ်နိုင်ဖို့ ကျွန်တော်တို့ ဂျပန် အစိုးရက မြန်မာ အစိုးရ မိတ်ဆွေ အနေနဲ့ ရခိုင် ကိစ္စကို ပူးပေါင်း ဆောင်ရွက်ဖို့ဟာ အခြေခံ ရပ်တည်ချက် သဘောထား ဖြစ်ပါတယ်။

မေး ။ ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လာဖို့ အတွက် ရခိုင် အရေးကို အနောက်နိုင်ငံက ဖိအားပေးတာ ရှိနေပါတယ် ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ ကြား MOU ထိုးထားတာလဲ ရှိပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေ ပြန်လာမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။ ဒီအပေါ်မှာ ဂျပန် အစိုးရ အနေနဲ့ ဘယ်လောက် ထိထိရောက်ရောက် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားလဲ ။

ဖြေ ။ ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မြန်မာကို ပြန်လာမယ် ဆိုရင် အခြေခံအားဖြင့် မြန်မာ နိုင်ငံ ၊အထူးသဖြင့် ရခိုင်လုံခြုံရေးက အင်မတန်မှ အရေးကြီးပါတယ်။ ပြီးတော့ ပြန်လာတဲ့ အခါကျမှ အဲဒီတခါ ပြန်လာရင် အကူအညီလိုတယ် ၊ နိုင်ငံတကာ အကူအညီ ၊ ကုလသမဂ္ဂ အကူအညီ ရဖို့ လိုတယ် ။ အဲဒီအခါမှာ ဒုက္ခသည်တွေ အပြင်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ရဖို့ လိုတယ် ။ အဲဒါမရှိရင် စျေးကို ပစ္စည်း သွား၀ယ်လို့ မရ ၊ ကျောင်းသွားလို့ မရ ၊ ဒါကြောင့် အပြင်ကို လွတ်လွတ်လပ်လပ် သွားခွင့်ရဖို့ လိုပါတယ်။ ဒီကိစ္စကို အခု ချက်ချင်း အပြီးသတ် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး ။ အခြေအနေပေါ် မူတည်ပြီး တဆင့်ပြီး တဆင့် အကောင်အထည် ဖော်နိုင်အောင် ကျွန်တော်တို့ မြန်မာ အစိုးရနဲ့ ဆွေးနွေးပြီး ဂျပန် အစိုးရဖက် အကူအညီ ပေးနိုင်စရာ ရှိတယ် ဆိုရင် ကျွန်တော်တို့က အစွမ်းကုန် ကူညီပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

Image caption ရခိုင်အရေးမှာ မြန်မာကိုဖိအားပေးဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ဂျပန်သံအမတ်ပြော

နောက်တချက်က မြန်မာနိုင်ငံက ရခိုင်ကိစ္စက အရမ်း ရှုပ်ထွေးတဲ့ ကိစ္စဖြစ်ပါတယ်။ အခုထပ်ပြီးတော့ အဲဒီမှာ ဘင်္ဂလီ လူမျိုး ကိစ္စသာမက အာရကန် အာမီ ဆိုတဲ့ အေအေနဲ့ စစ်တိုက်တာ ရှိနေပါတယ်။ ဒါကြောင့် ပိုပြီး ရှုပ်သွားတဲ့ ကိစ္စ ဖြစ်တဲ့ အတွက် ကျွန်တော်တို့က အဲဒီ အခြေအနေကို ကြည့်ပြီးတော့ မြန်မာ အစိုးရနဲ့ ဆက်ပြီး စကားပြောမယ် ၊ အကူအညီ ပေးနိုင်စရာ ရှိတယ် ဆိုရင် ဆက်ပြီး အကူအညီ ပေးသွားမှာ ဖြစ်တယ် ဆိုတာ ဂျပန် အစိုးရရဲ့ သဘောထား ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂ အဖွဲ့ အသီးသီး တို့ရဲ့ ယုံကြည်မှုရဖို့ အရေးကြီးတယ် ၊ အဲဒီ ယုံကြည်မှု ရမှ မြန်မာ နိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးမှုကို လုပ်နိုင်မှာ ဖြစ်တယ် ၊ ကျွန်တော်တို့က ဥပမာ အခု မြန်မာ နိုင်ငံ အခြေအနေ အမျိုးမျိုးကြောင့် ကုလသမဂ္ဂ နဲ့ စကားပြောဖို့ အခက်အခဲ ရှိရင် ဂျပန် အစိုးရ အနေနဲ့ အချိန်မရွေး ကိစ္စမရွေး ကြားမှာ ဝင်ပြီး မြန်မာ နိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြား အဆင်ပြေတဲ့ ဆက်ဆံမှု နည်းလမ်းကို ရှာလိုက်ပါ့မယ်။ အဲဒီနည်းကို ရှာပြီး တဆင့်ပြီး တဆင့် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတို့ကြား ပိုပြီး တိုးတက်အောင် ကျွန်တော်တို့ ကြိုးစားပါ့မယ်။

မေး ။ မြန်မာ အစိုးရကော အဲဒါမျိုး ကမ်းလှမ်းတာ ရှိလား။

ဖြေ ။ ရှိပါတယ် ခင်ဗျာ ။ မြန်မာ အစိုးရကလည်း ကုလသမဂ္ဂနဲ့ ရန်ဖြစ်ချင်တဲ့ သဘော ၊ ဆန့်ကျင်ချင်တဲ့ သဘော မရှိပါဘူး။ ဖြစ်နိုင်ရင် သူက အဆင်ပြေတဲ့ ဆက်ဆံမှု ဖန်တီးချင်တဲ့ သဘော ရှိပါတယ်။ အဲဒါက မြန်မာ အစိုးရရဲ့ အခြေခံမူ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ မြန်မာအစိုးရရဲ့ သဘောကို ကုလသမဂ္ဂကို ရှင်းပြမယ်။ ဥပမာ ရခိုင် ကိစ္စဆိုရင် ကုလသမဂ္ဂ က ရခိုင်ပြည်နယ်ကို သွားမယ်ဆိုတဲ့ အခါ အခက်အခဲ ရှိမယ် ဆိုရင် ကျွန်တော်တို့ ဂျပန် အစိုးရ အနေနဲ့ ကြားမှာ ၀င်ပြီး မြန်မာ အစိုးရနဲ့ ဆွေးနွေးမယ် ၊ အကူအညီပေးမယ် ဆိုတဲ့ အဲဒါတွေ လိုနေပါတယ် ခင်ဗျာ။

မေး ။ မြန်မာ အရေးမှာ ဂျပန် အစိုးရနဲ့ ဂျပန် အရပ်ဖက် အဖွဲ့အစည်းတွေကော အများကြီး ဝင်ရောက် ဆောင်ရွက်နေတာ ရှိပါတယ်၊ ခု မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ရှေ့မဆက်နိုင် ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ ၊ ဘာတွေ လွဲမှားနေလဲ ၊ ဘာတွေ အပေးအယူ မမျှတာတွေ ရှိနေလဲ ၊ ဘာတွေ အခက်အခဲ ရှိနေလဲ ။

ဖြေ ။ အင်မတန်မှ အခု အခက်အခဲ ရှိနေတယ် ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ် ။အခုက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၊ မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ မြန်မာ အစိုးရတို့ ဆွေးနွေးတာရှိပါတယ်။ ဒါပေမယ့် အဲဒါလဲ စိန်ခေါ်မှု များတယ်လို့ ကျွန်တော် ထင်ပါတယ်။ တဘက်မှာလည်း တပ်မတော်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁မှာ တဘက်သတ်အပစ်ရပ် ကြေညာခဲ့ပြီးတော့ အဲဒါက ၄လပိုင်း ဧပြီလကုန်မှာ ထပ်တိုးလိုက်ပါတယ်။ အဲဒါကနေ ဒီလ လကုန် အထိ တိုးလိုက်တာ ဆိုတော့ ကျွန်တော်တို့ ဒီလကုန်အထိ အထူးသဖြင့် ဒီမြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထုတ်ပြန်ဖို့ ရှိနေတဲ့ အတွက် အဲဒါတွေ မျှော်လင့် နေပါတယ်။ အခြေအနေကို ကြည့်နေပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption သြဂုတ်လ ၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Mr Taro Kono က လာတွေ့

မေး ။ မြန်မာ အပေါ်ထားတဲ့ ဂျပန် အစိုးရရဲ့ ပေါ်လစီတွေ ချမှတ်ထားတဲ့ နေရာမှာ Balance ပေါ့လေ ၊ ဘယ်လိုမျိုး ထည့်သွင်း စဉ်းစားထားလဲ။

ဖြေ ။ ဟုတ်ကဲ့ ။ ကျွန်တော်တို့က ဥပမာ အနောက်နိုင်ငံများက ရခိုင်ပြည်နယ် ကိစ္စကြောင့် ဖိအားပေးတာ ၊ အရေးယူတာ ရှိပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံများနဲ့ ကျွန်တော်တို့ ဂျပန် အစိုးရရဲ့ ရည်ရွယ်ချက်က လုံး၀ အတူတူ ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ကျွန်တော်တို့က မြန်မာ နိုင်ငံ ဒီမိုကရေစီ အပြည့်အ၀ ရဖို့ လိုတယ် ၊ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ လိုတယ် ၊ အဲဒီ ရခိုင်ပြည်နယ် ကိစ္စ ပိုပြီး ကောင်းဖို့ လိုတယ် ၊ အဲဒီ ရည်ရွယ်ချက်တွေက အတူတူဘဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန် အစိုးရရဲ့ ရပ်တည်ချက် ပြောရမယ် ဆိုရင်မြန်မာနိုင်ငံကို ဖိအားပေး ၊ အရေးယူပြီးတော့ ကျွန်တော်တို့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေတယ် မထင်မိပါဘူး။ ရခိုင် ကိစ္စက အခုချက်ခြင်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်း ဘယ်သူမှ မသိပါဘူး မရှိသလောက်လည်း ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဒီမှာ မြန်မာ အစိုးရ ပြည်သူတွေ အတူတူ အလုပ်လုပ်ပြီး အဲဒီနည်းကို ရှာပါ့မယ် ခင်ဗျာ။