မလတ်တောင် ထပ်ပြိုမယ့် အနေအထားမရှိဘူးလို့ ဘူမိဗေဒ ပညာရှင်တွေ ဆုံးဖြတ်

အဲဒီကျောက်တုံးတွေ၊ ရေအိုင်တွေကို မထိရဲကြဘူး၊ ပြိုကျရင် အောက်ကရှာ ဖွေရေး လုပ်တဲ့သူတွေကိုထိနိုင် ဓာတ်ပုံ မူပိုင် Myanmar Fire Services Department
Image caption အဲဒီကျောက်တုံးတွေ၊ ရေအိုင်တွေကို မထိရဲကြဘူး၊ပြိုကျရင် အောက်ကရှာ ဖွေရေး လုပ်တဲ့သူတွေကိုထိနိုင်

တောင်မြေပြိုလို့ လူ ၆၅ဦး(သြဂုတ် ၁၄ရက်မနက်ပိုင်းအထိ) အသက်ဆုံးရှုံးခဲ့တဲ့ မလတ်တောင် ထပ်ပြိုမယ့် အနေအထားမရှိတော့ဘူးလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း ဝန်ကြီးဌာနက ဘူမိဗေဒပညာရှင်တွေက သွားရောက် စစ်ဆေးပြီး အတည်ပြုထားတယ်လို့ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီအဖွဲ့က သြဂုတ်လ ၁၃ရက်နေ့မှာ ရန်ကုန်ကနေ သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စစ်ဆေးပြီး ဒီကနေ့ သြဂုတ်လ ၁၄ရက်မနက်ပိုင်းမှာ ဝန်ကြီးဌာနကို အဖြေကို လှမ်းပြီး အစီရင်ခံထားတာလို့ သူကပြောပါတယ်။

သွားရောက်စစ်ဆေးတဲ့အဖွဲ့က ပြိုကျတဲ့နေရာကို အဓိကထား စစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီပတ်ဝန်းကျင်မှာလည်း စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

"ထပ်ပြီးပြိုကျနိုင်မယ့် အခြေအနေ မရှိတော့ဘူး။ အစီရင်ခံစာ အပြည့်အစုံကို မနက်ဖြန်မှာ ထုတ်ပြန်မယ်။ ပြိုပြီးသား နေရာမှာ ရေအိုင်လေးတွေရှိတယ်၊ ကျောက်တုံးတွေရှိနေတယ်။ အဲဒီဟာလေးတွေကိုတော့ ဖြိုချ ရပါမယ်" လို့ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

ပေါင်မြို့နယ်က လူအများစုက ကုလားမတောင်ကြော အခြေတလျှောက်မှာ ရပ်ကွက်တွေ အဖြစ်ဖွဲ့စည်းပြီး နေထိုင်ကြတာ ဖြစ်ပါတယ်။

"အဲဒီကျောက်တုံးတွေ၊ ရေအိုင်တွေကို မထိရဲကြဘူး၊ ပြိုကျသွားမလားဆိုတာ၊ ပြိုကျရင် အောက်ကရှာ ဖွေရေး လုပ်တဲ့သူတွေကို ထိနိုင်လို့၊ အခုအဲဒါကြီးကို ဖြိုချရမလား၊ ထိလို့ရမလားဆိုတာကို ဆက်ပြီးတော့ စစ်ဆေးတယ်" လို့ ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိပြိုကျတဲ့ ကုလားမတောင်ကြောက သထုံမြို့နယ်ထဲကနေစတင်ပြီးတော့ မုတ္တမ (ပေါင်)အထိ ရှိတဲ့ တောင်တန်းကြီးဖြစ်ပြီး အဲဒီတောင်ကြောတစ်လျှောက် တောင်ခြေတွေမှာ လူအများစု နေထိုင်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar Fire Servies Department
Image caption တောင်ကြောတလျှောက်နေထိုင်ကြပေမယ့် အခြားရပ်ကွက်တွေက တောင်ခြေက မြေတွေကိုဖဲ့ယူတာ၊ ရောင်းစားတာမျိုးတွေ မရှိလို့ အခုလိုပြိုကျတဲ့အနေအထားတွေမဖြစ်တာအပြင် နေရာလိုက်မြေအမျိုးအစား အပျော့၊ အမာနဲ့ ကျောက်ပါဝင်မှုတွေကွဲပြားတာတွေလည်းရှိတယ်

တောင်ကြောတလျှောက်နေထိုင်ကြပေမယ့် တခြားရပ်ကွက်တွေက လူတွေက တောင်ခြေက မြေတွေကို ဖဲ့ယူတာ၊ ရောင်းစားတာမျိုးတွေ မရှိလို့ အခုလိုပြိုကျတဲ့ အနေအထားတွေ မဖြစ်ခဲ့ကြောင်း၊ ဒါ့အပြင် နေရာလိုက်မြေအမျိုးအစား အပျော့၊ အမာနဲ့ ကျောက်ပါဝင်မှုတွေ ကွဲပြားတာတွေလည်း ရှိကြောင်း မိကွန်ချမ်းက ပြောပါတယ်။

တောင်ပြိုကျတဲ့နေရာကို သွားကြည့်ခဲ့တဲ့ မုတ္တမမြို့က မမြမြဝင်းကတော့ သူတို့သိရသလောက် အဲဒီတောင်ခြေ တဝိုက်က နေအိမ်တွေက လူတွေက ပြောင်းနေကြတာတွေရှိသလို၊ တချို့လည်း ယခင်အတိုင်း ဆက်နေတာတွေ တွေ့ခဲ့ရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂ရက် သြဂုတ်လ ၁၂ရက်နေ့က တောင်ပြိုကျတဲ့နေရာကိုရောက်ခဲ့ပြီး သွားရောက်ကြည့်တဲ့အချိန်မှာ တောင်ခြေက အိမ်တွေက မိသားစုတွေကို မနေထိုင်ကြဖို့ အာဏာပိုင်တွေက ပြောတာတွေ သိခဲ့ရတယ်လို့ သူကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar Fire Services Department
Image caption တောင်ပြိုကျတဲ့အချိန်မှာတော့ စာရင်းရှိလူဦးရေ ၁၆၇ ဦးထဲမှာမှ ဘယ်နှစ်ဦးလောက် ပါရှိသွားတယ်ဆိုတာကိုတော့ အခုချိန်ထိအတိအကျမသိရသေးပါဘူး။

ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ သဲဖြူကျွန်းကျေးရွာ၊ တောင်ပြိုကျတဲ့နေရာ မှာတော့ အိမ်ထောင်စု ၂၇ စု နေထိုင်ပြီး၊ လူဦးရေအရ ၁၆၇ ဦးအထိ ရှိပါတယ်။ လက်ရှိအချိန်ထိတော့ အသက်ရှင်လျက်ပြန်တွေ့ရသူ၊ ၃၈ဦးနဲ့ သြဂုတ်လ ၁၄ရက်မနက်ပိုင်း ၁၁နာရီအထိ အသက်သေဆုံးသူ ရုပ်အလောင်း ၆၅ လောင်း ကို တွေ့ရှိထားရတယ်လို့ ရာမည လူမှုရေးအသင်းထံက သိရပါတယ်။

တောင်ပြိုကျတဲ့အချိန်မှာတော့ စာရင်းရှိလူဦးရေ ၁၆၇ ဦးထဲက ဘယ်နှဦးလောက် ပါသွားတယ်ဆိုတာကိုတော့ အခုချိန်ထိအတိအကျမသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ