ဗစ်တိုးရီးယားအမှု - သံသယတရားခံအပါအဝင် ကိုကို၊ညီညီရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ကလေးက ရွေးပြတဲ့ ရုပ်သံဖိုင်ကို သက်သေတင်

သြဂုတ် ၁၄ရက်နေ့ ရုံးချိန်းမှာ ကလေးငယ်ရဲ့ဖခင်ဖြစ်သူက ရုပ်သံဖိုင်တစ်ခုကို သက်သေအဖြစ် တရားရုံးကို တင်သွင်း ဓာတ်ပုံ မူပိုင် AFP
Image caption သြဂုတ် ၁၄ရက်နေ့ ရုံးချိန်းမှာ ကလေးငယ်ရဲ့ဖခင်ဖြစ်သူက ရုပ်သံဖိုင်တစ်ခုကို သက်သေအဖြစ် တရားရုံးကို တင်သွင်း

ဗစ်တိုးရီးယားလို့ လူသိများတဲ့ လိင်ပိုင်ဆိုင်ရာစော်ကားခံခဲ့ရတဲ့ ၃နှစ်အရွယ်ကလေးငယ်အမှုရဲ့ လေးကြိမ်မြောက် ရုံးချိန်းဖြစ်တဲ့ဒီကနေ့ သြဂုတ် ၁၄ရက်နေ့ ရုံးချိန်းမှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ရုပ်သံဖိုင်တစ်ခုကို သက်သေအဖြစ် တရားရုံးကို တင်သွင်းခဲ့ပါတယ်။

အဲဒီ သက်သေဟာ ဆရာမနှင်းနု၊ သံသယတရားခံအောင်ကြီး၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့သားနှစ်ဦး ဖြစ်တဲ့ ကိုကို ၊ ညီညီရဲ့ ဓာတ်ပုံ၊ ကိုကို၊ညီညီ နှစ်ယောက်တွဲ ဓာတ်ပုံ ၅ ပုံကို ထုတ်ပြီး ကလေးကိုပြနေတာကို သြဂုတ်လ ၁၃ရက်နေ့က ဖုန်းနဲ့ရိုက်ကူးထားတဲ့ရုပ်သံဖိုင်ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ဖခင်က တရားရုံးမှာထွက်ဆိုရာမှာ ဒီဓာတ်ပုံကိုကြည့်ပြီး ဆရာမနှင်းနုကိုပြပါလို့ ပြောတဲ့အချိန်မှာ ကလေးက ဆရာမနှင်းနုပုံကိုကို မှန်ကန်စွာပဲ ရွေးပြပါတယ်။ မီးမီးကို လုပ်တာ ဘယ်သူလဲလို့ ပြောတဲ့အခါမှာတော့ ကိုညီညီ၂ယောက်ရဲ့ပုံကို ပြပါတယ်။ မီးမီးကို လုပ်တာဒီကိုကိုလေ ခြေထောက်နဲ့ကန်ပလိုက် ချပစ်လိုက်ပါပြောတဲ့ အကြောင်းကို ရိုက်ထားပါတယ်။ အောင်ကြီးဓာတ်ပုံကို ပြတဲ့အခါမှာ သိသလားလို့ ဆိုတဲ့အခါမှာတော့ ကလေးကမသိ ဘူးလို့ပြောပါတယ်။

ဒါပေမဲ့ စီစီတီဗီမှတ်တမ်းမှာ အင်္ကျီအဖြူနဲ့ ပုဆိုးအပြာဝတ်ထားတဲ့သူကိုတွေ့တဲ့အခါမှာ ကလေးက မီးမီးဖင်ဘုကို ဆိတ်တာ ဒီကိုကိုလုပ်တာလို့ ပြောခဲ့တယ်လို့ ကလေးက ပြောတဲ့ အကြောင်း ကလေးအဖေက ထွက်ဆိုထားပါတယ်။

Image caption ကလေးငယ်ဟာ ဆရာမနှင်းနုရဲ့ဓာတ်ပုံကိုလည်း မှန်ကန်စွာရွေးပြခဲ့

ဒီဗီဒီယိုဖိုင်ကိုတင်တာနဲ့ ပတ်သက်ပြီး ဥပဒေအရာရှိက အခုတင်ထားတဲ့ဖိုင်ဟာ မနေ့က သြဂုတ်လ ၁၃ရက်က ရိုက်ထားတဲ့ဖိုင် ဖြစ်ပါတယ်။ တရားရုံးမှာ တရားစွဲပြီးမှ ထပ်ရိုက်ထားတာ ဖြစ်တဲ့အတွက် အဆိုပါ ရုပ်သံဖိုင်ကို သက်သေခံအဖြစ်နဲ့ မထိုက်သင့်တဲ့အကြောင်း တရားသူကြီးကို တင်ပြခဲ့တယ်လို့ ဒီကနေ့ တရားရုံးကို သွားရောက် သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒီလိုတင်ပြခဲ့တာနဲ့ ပတ်သက်ပြီး သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေကတော့ ဒီဖိုင်ဟာ အမှုအတွက် အရေးကြီး တယ်။ အရင်သက်သေတင်ထားတဲ့ဖိုင်ကလည်း ဖုန်းနဲ့ပဲ ရိုက်ထားတာဖြစ်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် အများကြီး အထောက်အကူဖြစ်တဲ့ အတွက် တရားရုံးက လက်ခံပေးဖို့ တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအပေါ်မှာ တရားသူကြီးက ဒီဖုန်းက သက်သေခံမယ့် ပစ္စည်းထဲမှာ ပါပြီးသား ဖြစ်တဲ့အတွက် ထပ်ပြီး သက်သေခံစရာ မလိုဘူးလို့ ပြန်လည်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် တရားသူကြီးက ဒီလိုပြောတာဟာ ဒီကနေ့ ကလေးအဖေတင်ပြလာတဲ့ သက်သေခံဖုန်းကို ပယ်ချတဲ့သဘော မဟုတ်ဘူးလို့ ထပ်ပြီး ရှင်းပြပါတယ်။

အမှုကို ညနေ ၄နာရီ ဝန်းကျင်အထိ စစ်ဆေးနေဆဲဖြစ်ပြီး သံသယတရားခံ အောင်ကြီးကတော့ တရားရုံးကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗစ်တိုးရီးယားအမှုက စွပ်စွဲခံ ကလေးနှစ်ယောက် ကျောင်းကိုမလာဖူးဘူး လို့ တာဝန်ခံငြင်း