တပ်နည်းပညာတက္ကသိုလ် DSTA အပါအဝင် နေရာ ၅ ခု တိုက်ခိုက်ခံရမှု ၁၄ ဦး သေဆုံး၊ မူးယစ်ဆေးဖမ်းဆီးမှုနဲ့ မသက်ဆိုင်လို့ပြော

ရရှိထားတဲ့အလောင်းတွေထဲမှာတော့ အရပ်သား ၂ဦးသားပါပြီး ကျန်ရှိတဲ့ ၁၀ဦးကတော့ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စေတနာမွန်အသင်းကသိရပါတယ်။ ဓာတ်ပုံ မူပိုင် Benson Roy Kyaw Htwe
Image caption ရရှိထားတဲ့အလောင်းတွေထဲမှာတော့ အရပ်သား ၂ဦးပါပြီး ကျန်ရှိတဲ့ ၁၀ဦးကတော့ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စေတနာမွန်အသင်းကသိရပါတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းက နေရာ ၃နေရာနဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်က တပ်မတော်နည်း ပညာတက္ကသိုလ်အပါအဝင် နေရာ ၂နေရာ စုစုပေါင်း ၅နေရာကို သြဂုတ်လ ၁၅ရက် မနက် ၅နာရီက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပလောင်လွတ်လပ်ရေးတပ်က ပြောခွင့်ရသူ မိုင်အိုက်ကျော်က ဘီဘီစီကိုအတည်ပြုပါတယ်။

နောင်ချိုမြို့နယ်ထဲက လော့ပန်ရွာ၊ တိုးဂိတ်နဲ့ တိုးဂိတ်တံတားအထက်နေရာတွေ၊ ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ ပြင်ဦးလွင်မြို့ရှောင်တိုးဂိတ်စတဲ့နေရာ ၅ခုမှာ မနက် ၅နာရီကနေ ၅နာရီခွဲအထိ တိုက်ခိုက်ခဲ့တယ်လို့ သူကပြောပါတယ်။

အဲဒီနေရာတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA) နဲ့ ပလောင်လွတ်လပ်ရေးတပ် (TNLA) တို့ကပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ မိုင်အိုက်ကျော်က ပြောပါတယ်။

နောင်ချိုအခြေစိုက် စေတနာမွန်အသင်းက ကိုကျော်ထွေးကတော့ လက်ရှိအချိန်ထိ ဂုတ်တွင်းတံတားဂိတ်မှာ အလောင်း ၁၂လောင်းကို ထုတ်ယူထားပြီး အထဲမှာ အလောင်းတွေကို ထပ်ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အဲဒီကျန်နေတဲ့အလောင်းတွေအောက်မှာ မိုင်းတွေရှိတယ်လို့ ယူဆထားတဲ့အတွက် ထုတ်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ သူကဆိုပါတယ်။

ရရှိထားတဲ့အလောင်းတွေထဲမှာတော့ အရပ်သား ၂ဦးသာပါပြီး ကျန်ရှိတဲ့ ၁၀ဦးကတော့ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စေတနာမွန်အသင်းကသိရပါတယ်။

တပ်မတော်က သတင်းထုတ်ပြန်ရာမှာတော့ အဲဒီတိုက်ခိုက်မှုတွေမှာ တပ်မတော်အရာရှိ၊စစ်သည် ကိုးဦး၊ ရဲတပ်ဖွဲဝင် သုံးဦး၊ အရပ်သား နှစ်ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း၊ တပ်မတော်သား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံးနေကြောင်း ပါရှိပါတယ်။

တပ်မတော်က ကျွန်တော်တို့ဒေသမှာထိုးစစ်ဆင်တယ်။ အဲဒါမို့ တနေ့ကတည်းက ထိုးစစ်ရပ်ဖို့ ထုတ်ပြန်ခဲ့ တယ်။ ထုတ်ပြန်ပေမယ့် ဘာမှထူးခြားတာမရှိဘူး။ ဒါကြောင့်မို့ ခုခံတဲ့အနေနဲ့ တိုက်ပွဲပြန်ဆင်နွှဲ တာဖြစ် တယ်လို့ မိုင်အိုက်ကျော်က ဆိုပါတယ်။

တပ်မတော်ဘက်ကတော့"ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄၊ ၂၅၊ ၂၆ မှာ ကွတ်ခိုင်အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးတွေ အများအပြားဖမ်းဆီးခဲ့တယ်၊ အဲ့ဒီဒေသမှာ မူးယစ်ဆေးဝါး အကြီးအကျယ်ထုတ်လုပ်နေတာ ရှိတယ် မူးယစ်ဆေးဝါး ချက်လုပ်နေတဲ့ စခန်း ၁၀ နေရာထက်မနည်း၊ တန်ဖိုးအနေနဲ့ မြန်မာကျပ်ငွေ ၁၆ ဘီလီယံထပ်မနည်း ဖမ်းဆီးခဲ့တယ်၊ ဒါကြောင့် သူတို့ဘက်က အခုလို တုံ့ပြန်တာ ဖြစ်တယ်"လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"မူးယစ်ဆေးဝါးကို တာဝန်ရှိတဲ့ အစိုးရဘက်က ရဲတွေလုပ်တာကို မဖမ်းဆီးတာတွေရှိတယ်။ မြောက်ပိုင်းမှာဖမ်းဆီး ရမိတဲ့ မူးယစ်ဆေးတွေနဲ့ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်ဆက်နွှယ်မှုမရှိပါဘူး" လို့ မိုင်အိုက်ကျော်က ဘီဘီစီကိုပြောပါတယ်။

အရပ်သားတွေကိုဖမ်းဆီးခေါ်ဆောင်ထားတာရှိမရှိကိုတော့ မဟာမိတ်အဖွဲ့က မြေပြင်သတင်းအချက် အလက်ကို အတိအကျမရရှိလို့ မဖြေကြားပေးနိုင်သေးပါဘူးလို့ မိုင်အိုက်ကျော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် TNLA
Image caption အလောင်း ၁၂လောင်းကို ထုတ်ယူထားပြီး အထဲမှာ အလောင်းတွေကို ထပ်ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အဲဒီကျန်နေတဲ့အလောင်းတွေအောက်မှာ မိုင်းတွေရှိတယ်လို့ ယူဆထားတဲ့အတွက် ထုတ်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ သူကဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ပြင်ဦးလွင်မှာ သြဂုတ်လ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို မနက်ပိုင်းမှာ အတည်ပြု ပြောထားပါတယ်။

တပြိုင်တည်းမှာပဲ ပြင်ဦးလွင်မြို့အဝင်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ပါမပါဆိုတာကို အိတ်စရေးစက်နဲ့ ဖြတ်ပြီး စစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်လည်း ပစ်ခတ်ခံခဲ့ရပါတယ်။

မနက် ၇ နာရီကျော်လောက်မှာတော့ နောင်ချိုမှာရှိတဲ့ မူးယစ်ဆေးဝါးပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှုတွေရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းနေရပါတယ်။

ဓာတ်ပုံ မူပိုင် Benson Roy Kyaw Htwe
Image caption နောက်ထပ်တိုက်ခိုက်မှုတွေရှိလာမယ် မရှိလာဘူးဆိုတာကတော့ တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ ပေါ်မှာပဲ မူတည်ပါတယ်လို့ မိုင်အိုက်ကျော်က ဆိုပါတယ်။

နောင်ချိုမြို့နယ်၊ ဂုတ်တွင်းကားလမ်းတံတားကို မဟာမိတ်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ပျက်စီးမှု တွေရှိခဲ့ပေမယ့် ကျိုးကျတဲ့အထိတော့မရှိဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

နောက်ထပ်တိုက်ခိုက်မှုတွေရှိလာမယ် မရှိလာဘူးဆိုတာကတော့ တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ ပေါ်မှာပဲ မူတည်ပါတယ်လို့ မိုင်အိုက်ကျော်က ဆိုပါတယ်။

လမ်းပန်းဆက်သွယ်မှုကို လုံခြုံရေးကို ထိခိုက်လာရင်၊ အစိုးရ ယန္တရားကို ထိခိုက်လာရင် လိုအပ်တဲ့အရေးယူ ဆောင်ရွက်မှုတွေ အားလုံးကို လုပ်သွားမယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။