မြန်မာ ဝက်တင်ပို့မှု ၃ လကြာ ပိတ်ပင်ထားမယ်လို့ ထိုင်းကြေညာ

အာဖရိက ဝက်အပြင်းဖျား၊ မြန်မာ၊ ထိုင်း၊ တရုတ် ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံက ဝက်တွေမှာ အာဖရိက ဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုး စစ်ဆေး တွေ့ရှိကြောင်း မြန်မာအစိုးရ အတည်ပြု

မြန်မာနိုင်ငံကနေ ဝက်တင်ပို့မှုတွေကို လာမယ့် သီတင်းပတ်က စလို့ ၃ လကြာ ပိတ်ပင်ထားမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းလားခရိုင်မှာ သေဆုံးခဲ့တဲ့ ဝက်တွေမှာ အာဖရိက ဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ဖော် အတည်ပြုခဲ့အပြီးမှာ ထိုင်းအစိုးရက အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။

ဓာတ်ပုံ မူပိုင် MOAIL
Image caption မိုင်းလားမြို့နယ်မှာ သေဆုံးခဲ့တဲ့ ဝက်တွေမှာ အာဖရိကဝက်အပြင်းဖျား ရောဂါ ဗိုင်းရပ်စ်ပိုး စစ်ဆေး တွေ့ရှိခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်

ထိုင်းအစိုးရရဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံက တင်ပို့တဲ့ ဝက်နဲ့ တောဝက် အကောင်အရှင်တွေ၊ ဝက်သားနဲ့ ကလီစာတွေကို ထိုင်းနိုင်ငံထဲ တင်သွင်းခွင့် ပိတ်ပင် တားမြစ်လိုက်ကြောင်း ဖော်ပြထားပါတယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက် ဖြစ်ပွားနေတဲ့ တရုတ်နဲ့ လာအိုနိုင်ငံတွေက ဝက်နဲ့ ဝက်ထွက် ပစ္စည်းတွေကို ထိုင်းနိုင်ငံထဲ တင်သွင်းခွင့် ထိုင်းအစိုးရက ပိတ်ပင်ထားခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ပြည်နယ်တချို့မှာ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းကစလို့ အာဖရိက ဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ ဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ သန်းနဲ့ချီ သုတ်သင် ရှင်းလင်းခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်နိုင်ငံ ဂွမ်ရှီ ချွမ်းဒေသမှာ အာဖရိက ဝက်အပြင်းဖျား ရောဂါ ဖြစ်နေတဲ့ ဝက်တွေကို အရှင်လတ်လတ် တွင်းတူး မြှုပ်နှံ ရှင်းလင်းခဲ့

မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ မှာ ဇူလိုင်လကုန်လောက်ကစလို့ ဝက်တွေ ရာနဲ့ချီ သေဆုံးခဲ့တဲ့အတွက် ဒေသတွင်းမှာ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ တင်သွင်းတာ၊ ရောင်းချတာတွေကို သြဂုတ်လ ၂ ရက်နေ့ကက ပိတ်ပင် တားမြစ်ခဲ့ပါတယ်။ မိုင်းလားဒေသမှာ အနည်းဆုံး ဝက်အကောင်ရေ ၂၀၀၀ ကျော် သုတ်သင် ရှင်းလင်းခဲ့ရအပြီးမှာ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ကပ်ရက် တရုတ်နိုင်ငံကလည်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုး ထပ်မံ ကူးစက်ပျံ့ပွားလာမှာကို စိုးရိမ်တဲ့အတွက် မြန်မာနိုင်ငံက ဝက်နဲ့ တောဝက်တွေ၊ ဆက်စပ် ထုတ်ကုန်တွေကို တရုတ်နိုင်ငံထဲ တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း သြဂုတ်လ ၁၅ ရက် အစောပိုင်းတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

တခါ ထိုင်ဝမ်အစိုးရက ထိုင်ဝမ်နိုင်ငံထဲ မြန်မာနိုင်ငံကနေ ဝက်သားနဲ့ဆိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်လာသူတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ကြေးငွေကို တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ပထမဆုံးအကြိမ် ကျူးလွန်သူအတွက် သတ်မှတ်ထားတဲ့ ဒဏ်ငွေကို ထိုင်ဝမ်ဒေါ်လာ ၂ သိန်းကနေ ၃ သိန်း တိုးသတ်မှတ်လိုက်တာ ဖြစ်ပြီး အကြိမ်ကြိမ် ကျူးလွန်သူကတော့ ထိုင်ဝမ် ဒေါ်လာ တစ်သန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အာဖရိကဝက် အပြင်းဖျား ရောဂါဟာ ဝက်တွေအတွက် အသက်အန္တရာယ်ပေးနိုင်ပြီး ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ရောဂါ မပျံ့ပွားအောင် လုပ်နိုင်တဲ့ နည်းက ရောဂါ ဖြစ်ပွားနေတဲ့ ဝက်တွေကို သုတ်သင် ရှင်းလင်းတဲ့ နည်းပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီရောဂါဟာ လူကိုတော့ အန္တရာယ် မပေးနိုင်ဘူးလို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ