ရေဘေးဒဏ်ခံရတာ တပတ်ရှိနေပြီဖြစ်တဲ့ ကျိုက်မရောမှာ အတ္တရံမြစ်ရေ တိုးလာ

မွန်ရေဘေး ဓာတ်ပုံ မူပိုင် Dr. Aye Zan facebook
Image caption ရေဘေးအကူအညီ အစိုးရကတဆင့် ဝေဖို့ ၀န်ကြီးချုပ်ပြော

ကျိုက်မရောမြို့နယ်မှာ အတ္တရံမြစ်ရေ အရှိန်မြင့်တက် နေတဲ့အတွက် မြစ်ရေစီးသန် နေပြီး ရေဘေး အန္တရာယ် စိုးရိမ် ရကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနိုင်တာကြောင့် ရေဘေးသင့် ကျေးရွာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းမှုတွေ မလုပ်ကြဖို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ အေးဇံက မေတ္တာ ရပ်ခံထားပါတယ်။

မွန်ပြည်နယ် အတွင်း ရေဘေးဒဏ်ခံစားနေရတဲ့ အနယ်နယ် အရပ်ရပ်က ပြည်သူတွေထဲ အလှူငွေနဲ့ ပစ္စည်းတွေကို မွန်ပြည်နယ် အစိုးရ အဖွဲ့နဲ့ မြို့နယ် ကွပ်ကဲရေး အဖွဲ့တွေက သူတို့ အစီအစဉ်နဲ့ အရောက် ပို့ဆောင် ပေးလျက် ရှိတယ်လို့ မွန်၀န်ကြီးချုပ်ရဲ့ ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ကျိုက်မရော မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်ကတည်းက ရေတက်လာရာမှာ သြဂုတ်လ ၁၄ရက်နေ့မှာ မြို့ပေါ်ရပ်ကွက်တွေမှာ လူတယောက် ရင်ခေါင်းမြုပ်ရုံ ရှိနေသေးပေမယ့် ရွာတွေ ဖက်မှာတော့ နှစ်ထပ်အိမ်တွေ ဆိုရင် အိမ်ခေါင်မိုး အထိ ရေမြုပ်နေတယ်လို့ ရေကြီး ဒေသတွေမှာ လူမှုကယ်ဆယ်ရေး အကူအညီတွေ လိုက်လံ ဝေငှပေးနေတယ် အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ ဒေါ်ခင်သန်းထွေးက ပြောပါတယ်။

ကျိုက်မရော မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၃၁ အုပ်စုမှာ ရေဘေးသင့်သူ ငါးသောင်းလောက် ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Dr. Aye Zan facebook
Image caption အတ္တရံမြစ်ရေတိုးလာလို့ အလှူရှင်တွေ အတွက် မွန်၀န်ကြီးချုပ် စိုးရိမ်ကာ ပန်ကြားချက်ထုတ်

ရေစတက်တုန်းက ဆိုရင် ဒီရေမတက်တဲ့ ရက်ဖြစ်ပေမယ့် မိုးရေချိန် အများအပြား ရွာသွန်းကာ အခု ရေကျမယ့် ရက်ကျပြန်တော့လည်း ဒီရေတက်တာနဲ့ ကြုံနေရတဲ့ အတွက် တက်လာတဲ့ ရေတွေက ပြန်မဆင်းသေးဘဲ အိုင်နေတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရေဘေးဒဏ် ခံနေရတာ တပတ်နီးပါး ရှိလာချိန်မှာ မော်လမြိုင်နဲ့ ရေးမြို့တို့မှာ ရေကျသွားပေမယ့် ကျိုက်မရော ၊ မုဒုံ တို့ဖက်မှာတော့ ရေတွေက တန့်နေတယ်လို့ ဆိုပါတယ်။

အဆိုးရွားဆုံးကတော့ ကျိုက်မရောမြို့နယ် တဝိုက်က ရွာတွေနဲ့ ဦးလေး ၊ နှီးဒုံ ၊ ကွာငမ်း ၊ ကော့ကလော့ ဒေသတွေဘဲ ဖြစ်တယ်လို့ ဒေါ်ခင်သန်းထွေးက ပြောပါတယ်။

ကျိုက်မရောမြို့ဟာ အတ္တရံမြစ် ရိုးတလျောက်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၅ရက်နေ့ဟာ ဝါခေါင် လပြည့်နေ့လည်း ဖြစ်တာကြောင့် ဒီည မြစ်ရေတက်လာရင် စိုးရိမ်ဖွယ် ရှိတဲ့ အတွက် လူမှုကယ်ဆယ်ရေး အဖွဲ့တွေ အနေနဲ့ လက်ရှိမှာ ကယ်ဆယ်ရေး အကူအညီတွေကို နောင်လာမယ့် ရက်တွေ အတွက် လျာထား ဖယ်ချန်ထားနေရတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေထဲက ဆန်ပေးမယ် ဆိုရင်တောင် ချက်စားမရတဲ့ အနေအထား ဖြစ်နေတာကြောင့် ထမင်းထုပ်တွေ ဆက်လက် ဝေငှ ပေးနေရဆဲ ဖြစ်တယ် ၊ စောင်၊ ခြင်ထောင်တွေ အများအပြား လိုအပ်လျက် ရှိပြီး ဒုက္ခသည်တွေ တောင်းဆိုတဲ့ အထဲ ယားနာ ပျောက်ဆေးနဲ့ ကွဲပြတ် ရှနာတွေ အတွက် ပလာစတာ တွေ ပါ၀င်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Daw Khin Than Htwe facebook
Image caption ကယ်ဆယ်ရေး အကူအညီတွေ အနက် ယားနာပျောက်ဆေးနဲ့ ကွဲပြတ်ရှနာတွေအတွက် အနာကတ် ပလာစတာ အတောင်းများနေ

အနယ်နယ် အရပ်ရပ်က လာရောက် ကူညီသူတွေ ရောက်လာရင် လှေနဲ့ လိုက်ပို့ပေးရတဲ့ အတွက် လှေမလောက်ဘဲ ဖြစ်နေပြီး ခုရက်ပိုင်း အတွင်းမှာ ရေစီးသန်လာလို့ အန္တရာယ်များတယ်လို့ ဒေါ်ခင်သန်းထွေးက ရှင်းပြပါတယ်။

အရင်နှစ်တွေက ရေဘေးကြုံရင် သုံးလေးရက် အတွင်း ဝမ်းရောဂါတွေ ဖြစ်လာလေ့ရှိတဲ့ ကျိုက်မရောမှာ အခုနှစ်တော့ ရေကြီးမှုဒဏ် ခံနေရတာ သီတင်း တပတ် ကြာမြင့်နေပြီ ဖြစ်ပေမယ့် ရေနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်သံ မကြားသေးဘူးလို့ သူက ပြောပါတယ်။

ဒါပေမယ့် ရေထဲမှာ ဖိနပ်မပါ အကာအကွယ်မရှိပဲ သွားလာနေကြရတာကြောင့် ယားနာတွေ ပေါက်တာရှိသလို ကွဲပြတ် ဒဏ်ရာရလို့ ပလာစတာ အတောင်းများနေတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒေသခံ အများစုဟာ ရေကြီးနေပေမယ့် မိမိတို့ နေအိမ်တွေကို စွန့်ခွာမသွားဘဲ သံယောဇဉ် နဲ့ တွယ်ကပ်နေကြသလို ကယ်ဆယ်ရေး စခန်းမှာ လူတွေ ပြည့်ကြပ်နေတယ်လို့ ပြောဆိုသံတွေ ကြားရတဲ့ အတွက် အိုးအိမ် စွန့်ခွာမသွားဘဲ ရှိနေတယ်လို့ သူက ပြောပါတယ်။

ကယ်ဆယ်ရေး သမားတွေ အနေနဲ့ ဒီနေ့ သြဂုတ်လ ၁၅ရက် နောက်ပိုင်းမှာ ရေတက်မယ့် အရှိန် ရှိနေသေးတဲ့ အတွက် ရေဘယ်လောက် တက်လာမလဲ စောင့်ကြည့်ရင်း အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေကို ဖယ်ကာ အသင့်ပြင်ထားနေရတယ်လို့ MWCUC အမျိုးသမီး အဖွဲ့ဆိုင်ရာ မွန်ပြည်နယ် ဥက္ကဌက ပြောပါတယ်။