ပြင်ဦးလွင် နောင်ချို တိုက်ခိုက်ခံရမှု - ဂုတ်တွင်းတံတားဂိတ်မှာ အကျအဆုံးများ

ပြင်ဦးလွင် နောင်ချို ဓာတ်ပုံ မူပိုင် MPA
Image caption အကျအဆုံး များခဲ့တဲ့ ဂုတ်တွင်း တိုက်ခိုက်ခံရမှု

ဩဂုတ်လ ၁၅ ရက် မနက်ပိုင်း၊ နောင်ချိုနဲ့ ပြင်ဦးလွင်က ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့သူတွေထဲ သူတို့လည်း ပါဝင်တယ် ဆိုပြီး ရခိုင်လက်နက်ကိုင်အဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။

အစိုးရတပ်ဘက်က ထိုးစစ်တွေ မလျှော့တဲ့ အတွက် လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ရတာ ဖြစ်တယ်ဆိုပြီး အေအေ ပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲ အစိုးရတပ်နဲ့ တိုက်ပွဲတွေ လပေါင်းများစွာ ဖြစ်နေတဲ့ အေအေ တပ်ဖွဲ့ဟာ ရခိုင်ပြည်နယ် အပြင်ဘက်မှာပါ ကျန် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၂ ဖွဲ့နဲ့ ပေါင်းပြီး တိုက်ပွဲ ဖော်ဆောင်လာတာ ဖြစ်ပါတယ်။

တအာင်းပလောင်အဖွဲ့ TNLA ၊ ကိုးကန့် MNDAA နဲ့ ရခိုင်အေအေ ပူးပေါင်း အဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နောင်ချို၊ ပြင်ဦးလွင် တဝိုက်က ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အစပ် ပြင်ဦးလွင်မြို့က တပ်မတော် နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့ဘက်ကို ထွက်တဲ့ ပြင်ဦးလွင် တိုးဂိတ်၊ တခါ နောင်ချို မြို့နယ်ထဲက ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့ဘက်ထွက်တဲ့ နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေခံ တပ်ရင်းဌာနချုပ်တို့ ပစ်ခတ် ခံခဲ့ရတယ် ဆိုပြီး အစိုးရတပ်ဘက်က အတည်ပြုထားပါတယ်။

အသေအပျောက်များတဲ့ ဂုတ်တွင်း တိုက်ခိုက်ခံရမှု

အစိုးရတပ်ဟာ ရခိုင်ပြည်နယ် မပါဝင်ပဲ ကချင်နဲ့ ရှမ်းပြည်နယ်ထဲက အစိုးရ စစ်တိုင်းတွေမှာ ယာယီ အပစ်ရပ်ကာလ တိုးမြှင့် ကြေညာထားပါတယ်။

အဲဒီ အပစ်ရပ် ဒေသတွေမှာလည်း တပ်မတော်ရဲ့ ထိုးစစ် အရှိန် မလျှော့ဘူး ဆိုပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ နာမည်အောက်မှာ စုစည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေထဲက တချို့ အဖွဲ့တွေဟာ အခုလို တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် CINCDS
Image caption မြောက်ပိုင်းအဖွဲ့တွေက ရှော့တိုက်ဒုံးတွေ သုံးခဲ့တယ် ဆိုပြီး တပ်မတော် ထုတ်ပြန်

ပြီးခဲ့တဲ့နှစ်တွေ အတွင်း တပ်မတော်နဲ့ကြား တိုက်ပွဲတွေ ဖြစ်နေခဲ့တဲ့ တအာင်းတပ် TNLA၊ ၂ဝ၁၅ မှာ တကျော့ပြန်ထိုးစစ် အကြီးအကျယ် ဆင်နွှဲခဲ့တဲ့ ကိုးကန့်တပ် MNDAA နဲ့ ရခိုင်အေအေ အဖွဲ့တွေ ပူးပေါင်းပြီး ပြင်ဦးလွင်နဲ့ နောင်ချို အထိ စစ်ရေး ဖော်ဆောင် လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂုတ်တွင်း တိုက်ခိုက်ခံရမှုမှာ လူ အသေအဆုံး များတာကို ပြသနေတဲ့ ဓာတ်ပုံတွေ ဘီဘီစီ ရရှိထားပါတယ်။

စစ်ဝတ်စုံ၊ ရဲဝတ်စုံတွေ ဝတ်လျက် သေဆုံးနေသူတွေကို ဂုတ်တွင်းရဲ စခန်းရှေ့ စီပြီး ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ဂုတ်တွင်းစခန်း အတိုက်ခံရအပြီး ရှင်းလင်းရေးလုပ်

နောင်ချိုမြို့ခံ အရပ်ဘက် ပရဟိတ လှုပ်ရှားသူတွေရဲ့ အဆိုအရ ဂုတ်တွင်း ဖြတ်တံတား ရှိရာ စခန်းကနေ အလောင်း ၁၂ လောင်း ထုတ်ယူထားပြီး၊ မိုင်းထောင်ထားခဲ့နိုင်တဲ့ အန္တရာယ်ကြောင့် တချို့ အလောင်းတွေကို မထုတ် နိုင်သေးဘူးလို့ ဘီဘီစီကို ပြောထားပါတယ်။

အဲဒီ ၁၂ လောင်းထဲမှာ အရပ်ဝတ် ၂ ဦးပဲ ပါတယ်လို့ ဆိုပါတယ်။

ကျန် ၁ဝ ယောက်ကတော့ တပ်မတော်ဘက်က အရာရှိတစ်ယောက် အပါအဝင် ၇ ဦး၊ ရဲ တပ်ဖွဲ့ အရာရှိ တစ်ဦး အပါအဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး အနီးရှိနေသူ တချို့က ဘီဘီစီကို ပြောပါတယ်။

ဂုတ်တွင်းတံတားကိုလည်း မိုင်းနဲ့ ဖောက်ခွဲခဲ့တဲ့ အတွက် အတော်ပျက်စီးသွားတာ တွေ့ရပါတယ်။

တခါ နောင်ချိုမူးယစ်ဂိတ် စီးနင်းမှုမှာတော့ စစ်သား နှစ်ဦးနဲ့ ကုန်တင်ကုန်ချ အရပ်သားတစ်ယောက် မီးရှို့သတ်ဖြတ် ခံခဲ့ရတယ် ဆိုပြီး မျက်မြင်သက်သေ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

(တပ်မတော်ဘက်ကထပ်မံ ထုတ်ပြန်တဲ့သတင်းတွေ အရ နောင်ချိုတိုးဂိတ်အနီး မူးယစ်ဆေးဝါး စစ်ဆေးဂိတ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် လုံးခြုံရေး စစ်သည် ၂ဦးကျဆုံးခဲ့ပြီး မီးရှို့ထားတဲ့ အရပ်သားအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လ ၁၆ ရက် )

အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော်က သတင်းထုတ်ပြန်ရာမှာတော့ ဒီတိုက်ခိုက်မှုတွေမှာ တပ်မတော်အရာရှိ၊စစ်သည် ကိုးဦး၊ ရဲတပ်ဖွဲဝင် သုံးဦး၊ အရပ်သား နှစ်ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း၊ တပ်မတော်သား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံးနေကြောင်း ပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ဂုတ်တွင်းတံတားကို မိုင်းနဲ့ ဖောက်ခွဲ

နှစ်ဘက်ပြောဆိုချက်

ပြီးခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းတွေထဲမှာ ရှမ်းပြည်နယ်ထဲမှာ မူးယစ်ဆေးတွေ အပါအဝင် ဆေးပြား ထုတ်တဲ့စက်၊ ဘိန်းချက်စခန်းနဲ့ ဆက်စပ် ပစ္စည်းတွေကို ဖမ်းမိ ဖျက်ဆီးနိုင်ခဲ့သလို၊ ရခိုင်မှာလည်း ကျန်သန်းထောင်ပေါင်းများစွာ တန်တဲ့ မူးယစ်ဆေးတွေ ဖမ်းမိတဲ့ အတွက် လက်နက်ကိုင်အဖွဲ့တွေ အထိနာသွားပြီး အခုလို လက်တုံ့ပြန် တိုက်ခိုက်လာတာလို့ အစိုးရတပ်ဘက်က ပြောနေပါတယ်။

အဲဒီ မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်သွယ်တဲ့ လုပ်ငန်းတွေဟာ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်နေတာ ဆိုပြီးတပ်မတော်ဘက်က စွပ်စွဲနေတာ ဖြစ်ပါတယ်။

အခုလို တိုက်ခိုက်ခံလာရတဲ့ အတွက် တစ်ဘက်သတ် အပစ်ရပ် ကြေညာ ပေးထားပေမယ့်လည်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံရေးနဲ့ အများပြည်သူ အသက်အိုးအိမ် ကို ထိပါးလာတဲ့ အတွက် လိုအပ်တာတွေ ဆက်လုပ် သွားမယ်လို့လည်း တပ်မတော်က ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်တွေကတော့ မူးယစ်ဆေး စီးပွားရေး ထိခိုက်လာလို့ တိုက်ပွဲဖော်ရတာ မဟုတ်ဘူးဆိုပြီး တပ်မတော်ရဲ့ စွပ်စွဲ ပြောဆိုချက်တွေကို ငြင်းပယ်ပါတယ်။

အပစ်ရပ်ကြေညာပြီး တကယ်တမ်း အပစ်မရပ်ဘဲ ထိုးစစ် အရှိန်မလျှော့လို့ လက်တုံ့ပြန်ရတာ ဖြစ်တယ် ဆိုပြီး TNLA အဖွဲ့ကရော၊ အေအေကပါ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ပိုင်း မဟာမိတ်တွေ NCA ထဲ ပါဝင်ရေး

NCA ထဲ ပါဝင်ရေး လုံးဝ ဆုံးခန်းတိုင်သွားပြီလား

မြောက်ပိုင်း မဟာမိတ် နာမည်အောက် စုစည်းထားတဲ့ လက်နက်ကိုင်တွေပါ တနိုင်ငံလုံး အပစ်ရပ် NCA ကို လက်မှတ်ထိုးလာဖို့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ကြိုးစားနေတာ ဖြစ်ပါတယ်။

အကြံပြု တောင်းဆိုချက်တွေ အပြန်အလှန် ပေးပို့ထားကြပေမယ့် မျက်နှာချင်းဆိုင် တွေ့ဆုံပွဲ တေ့တေ့ဆိုင်ဆိုင် ဖြစ်လာဖို့ကတော့ ဘယ်နေရာမှာ ကျင်းပမလဲ ဆိုတာကအစ မရွေးနိုင်သေးပဲ ရှိနေပါတယ်။

အခုလို အစိုးရတပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကျအဆုံး များတဲ့ အထိ တိုက်ခိုက်ခံ ခဲ့ရသလို၊ စစ်တက္ကသိုလ်တွေ ရှိတဲ့ ပြင်ဦးလွင်ပါ ပစ်မှတ်ထား ခံလာရတဲ့နောက် ငြိမ်းချမ်းရေး အလားအလာလည်း အတော်လေး ထိခိုက် သွားရတယ် ဆိုပြီး နိုင်ငံရေး အကဲခတ်တွေက ဆိုကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲ အစိုးရတပ် အသုံးပြုထားတဲ့ တပ်အင်အား တချို့ကို ရှမ်းပြည်နယ်ဘက် ဆွဲထုတ်ချင်တဲ့ အတွက် မြောက်ပိုင်းအဖွဲ့တွေ အခုလို တိုက်ပွဲ ဖော်တာ ဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ရှိနေပါတယ်။

အေအေ ပြောခွင့်ရ ခိုင်သုခကတော့ ဒီ ပြောဆိုချက်ကို ငြင်းလည်း မငြင်းပယ်သလို၊ အတည်လည်း မပြုပါဘူး။

ညီနောင်မဟာမိတ်တွေရဲ့ ဒေသတွေထဲ အစိုးရတပ်က ထိုးစစ်မြှင့်နေတာကို ညီညီညွတ်ညွတ် စုပေါင်း တုံ့ပြန်တဲ့ လုပ်ရပ်အဖြစ်သာ ဩဂုတ် ၁၅ ရက် တိုက်ပွဲတွေ အပေါ် ပုံဖော် ပြောဆိုပါတယ်။

အဲဒီလို တိုက်ပွဲဖော်ဆောင်လာတဲ့ အတွက် ရှမ်းပြည်နယ်ထဲမှာ ထိတွေ့ ပစ်ခတ်မှုတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒါပေမယ့် မြို့ပေါ်ထိ တိုက်ပွဲတွေ ကျယ်ပြန့်လာမယ့် အလားအလာမျိုးထက်စာရင်၊ အစိုးရ စစ်တပ်ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပစ်မှတ်ထားနေပြီး အစိုးရတပ်တွေကို ရခိုင်ထဲက ဆွဲထုတ်နေတာ ဆိုတဲ့ ရှုထောင့်နဲ့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

NCA ထဲ ပါဝင်နိုင်ရေးအတွက် နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဖို့ ဆိုပြီး တပ်မတော်က မြောက်ပိုင်းနဲ့ အရှေ့မြောက် နယ်မြေတွေမှာ အပစ်ရပ် ကြေညာ ပေးထားတာ ဖြစ်ပြီး၊ သက်တမ်း တစ်ကြိမ်လည်း တိုးမြှင့်ထားပါတယ်။

ဒါပေမယ့် ဒီ ကာလတွေ အတွင်းမှာပဲ သေနတ်သံတွေ လုံးဝ တိတ်သွားတာမျိုး မဟုတ်ပဲ တိုက်ပွဲတွေ ကြိုကြားကြိုကြား ဆိုသလို ဖြစ်နေခဲ့ပြီး၊ အထူးသဖြင့် တအာင်းပလောင် TNLA နဲ့ တပ်မတော်ကြား တိုက်ပွဲ ပေါ်ပေါက်တဲ့ သတင်းတွေ ကြားနေခဲ့ရပါတယ်။

ဦးမောင်မောင်စိုးကတော့ NCA ထဲ ပါဝင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေ ကိုယ်စီကိုင်စွဲထားတဲ့ သဘောထားတွေ ကွာဟလွန်းနေတယ်လို့ ဆိုပါတယ်။

တစ်ဘက်နဲ့ တစ်ဘက် ညှိဖို့ ခက်ခဲနေချိန် ခုလို တိုက်ပွဲတွေ ဖြစ်လာတဲ့ နောက်မှာတော့ အစိုးရတပ်ဘက်ကလည်း အပစ်ရပ်ကာလ သက်တမ်းထပ်တိုးဖို့ အလားအလာ နည်းသွားပြီလို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။