ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်၊ပရဟိတ လူနာတင်ကား ၁ စီး အပစ်ခံရ၊ ၁ ဦး သေဆုံး

ရှမ်းမြောက်တိုက်ပွဲတွေက တပ်မတော်တပ်ဖွဲ့ဝင်တချို့ ဓာတ်ပုံ မူပိုင် STR/AFP/Getty Images
Image caption ရှမ်းမြောက်တိုက်ပွဲတွေက တပ်မတော်တပ်ဖွဲ့ဝင်တချို့

ရှမ်းပြည်နယ်၊ လားရှိုးကနေ သိန္နီမြို့အထွက် ၁၂ မိုင်အကွာ နမ့်တွန်းရွာအနီးမှာရှိတဲ့ မီးလောင်နေတဲ့ ဆီဆိုင်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့သွားရောက်တဲ့ လားရှိုးအခြေစိုက် လူငယ်ပရိဟိတအသင်းကားကို လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် ကားထဲပါလာတဲ့ အသင်းဥက္ကဋ္ဌ သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

"ကား ၃ စီးသွားတာ၊ ရှေ့ဆုံးကားကို စနိုက်ပါနဲ့ လှမ်းပစ်တယ်၊ ပြီးတော့ RPG နဲ့ ထုတယ်၊ အသင်းဥက္ကဋ္ဌက ကျသွားပါပြီ၊ လူငယ် ၃ ယောက်လည်း ဒဏ်ရာတွေနဲ့ ဆေးရုံပေါ် ရောက်နေပါတယ် လို့ လားရှိုးလူငယ်ပရဟိတအသင်းဝင် ကိုအောင်ကျော်ဦးက ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ လူငယ်ပရဟိတအသင်းကားက ဒဏ်ရာရသူတွေကို လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ဆယ်လို့ မရသေးဘူး လို့ ကိုအောင်ကျော်ဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ ညီနောင်မဟာမိတ် ၃ ဖွဲ့ ကနေပြီးတော့ "တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ဌာနေပြည်သူစစ်တွေက တိုက်ပွဲအတွင်းမပါဖို့၊ စစ်တပ်နဲ့ ပူးပေါင်းပြီး ပူးပေါင်းလှုပ်ရှားနေသူတွေကို စစ်ရေးနည်းနဲ့ တုံ့ပြန်မယ်" ဆိုပြီးတော့ သြဂုတ်လ ၁၇ ရက်နေ့ရက်စွဲနဲ့ ဒေသခံဌာနေပြည်သူစစ်တွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပြည်သူ့စစ် ယူနီဖောင်းဝတ်ဆင်ထားသူတွေကို မြန်မာစစ်တပ်ရဲ့ အရန်အင်အားအဖြစ် သတ်မှတ်တာကြောင့် ကိုယ့်ကိုယ်ခုခံကာကွယ်တဲ့အနေနဲ့ တုံ့ပြန်တိုက်ခိုက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် STR/AFP/Getty Images
Image caption သြဂုတ် ၁၅ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ ဂုတ်တွင်းရဲကင်းစခန်း

သြဂုတ် ၁၅ ရက်နေ့တုန်းက ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA) နဲ့ (TNLA) တို့ ပါတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေပြီးတော့ ပြင်ဦးလွင် တပ်မတော်နည်းပညာတပ်က္ကသိုလ်အပါအဝင် ရှမ်းပြည်နယ်၊ နောင်ချိုက နေရာ ၃ ခုမှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်၊ မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲတွေကြောင့် လားရှိုးမြို့ပြင် ဟိုပိတ်အထွက် တိမ်ဖြူဆီဆိုင်မှာ မီးလောင်မှုဖြစ်ခဲ့သလို၊ လားရှိုးကနေ မူဆယ်အထွက် ဟန်ပက်ကျေးရွာအနီးမှာလည်း တောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပါတယ်။

တိုက်ပွဲတွေကြောင့် လားရှိုး မြို့မဈေးကြီးထဲက ဈေးဆိုင်တွေ အားလုံးပိတ်ထားပြီး မြို့ပေါ်မှာလည်း လူသွားလူလာ သိပ်မရှိဘဲ ခြောက်ကပ်နေပါတယ်။

"တိုက်ပွဲဖြစ်နေတဲ့နေရာက လားရှိုးနဲ့ဆို ၇ မိုင်လောက်ပဲဝေးတယ်၊ ဒီအထိ တိုက်ပွဲတွေ ရောက်လာမှာ စိုးရိမ်ရတယ်၊ ခုကို ဆိုင်တွေမှာ လူတွေပြုံတိုးနေကြတယ်၊ အစားအသောက်တွေ ဝယ်စုနေကြတယ်" လို့ လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။