ရှမ်းမြောက်တိုက်ပွဲတွေ က ဘယ်ကို ဦးတည်နေသလဲ

လားရှိုးနား က ဆီဆိုင် မီး ရှို့ခံရတာအပြင် ကယ်ဖို့သွားတဲ့ လူနာတင်ကားအပစ်ခံရ ဓာတ်ပုံ မူပိုင် Lashio News
Image caption လားရှိုးနား က ဆီဆိုင် မီး ရှို့ခံရတာအပြင် ကယ်ဖို့သွားတဲ့ လူနာတင်ကားအပစ်ခံရ

ရှမ်းပြည်မြောက်ပိုင်းကမြို့ ၄ မြို့ မှာ သြဂုတ်လ ၁၇ ရက်နေ့က တိုက်ပွဲတွေ ဆက်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်၊ ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းမြို့ အတော်များများ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။

လားရှိုး၊သိန္နီနဲ့ ကွတ်ခိုင်၊ကွမ်းလုံတို့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

သြဂုတ်လ၁၆ ရက်ညကတော့ ကျောတ်မဲမြို့က အမြှောက်တပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ ခံရပါတယ်။

သြဂုတ်လ ၁၇ ရက် မနက်ပိုင်း လားရှိုးနားက ဆီဆိုင် မီးရှို့ခံရတာအပြင် ကယ်ဖို့သွားတဲ့ လူနာတင်ကားအပစ်ခံရလို့ ကားထဲပါလာတဲ့ အသင်းဥက္ကဌ သေဆုံးပြီး ၃ ဦးဒဏ်ရာရ သွားခဲ့ပါတယ်။

ပစ်ခတ်သံ ပေါက်ကွဲသံတွေ ကြားနေရပြီးနောက် သိန္နီ အထက က ကျောင်းသားတွေကို ကျောင်းဆင်းပြီးနေအိမ် တွေကို ပြန်ခိုင်းခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

တိုက်ပွဲတွေ နဲ့ပက်သက်ပြီး မြောက်ပိုင်းအဖွဲ့တွေဘက် ကတော့သူတို့ရဲ့နိုင်ငံရေး စစ်ရေးအခြေနေ ရှင်းလင်းချက်ဆိုပြီးထုတ်ပြန်ပြီး တပ်မတော်ထိုးစစ်တွေနဲ့ စစ်စခန်းတွေ တိုးချဲ့လာတာကို မလွဲမရှောင်သာတုံ့ပြန်ရတာပါလို့ ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်၊ ပရဟိတ လူနာတင်ကား အပစ်ခံရ၊ ၁ ဦး သေဆုံး

မဟာမိတ်အဖွဲ့တွေတိုက်ခိုက်မှု ၁၄ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် Yan Moe Naing
Image caption သိန္ဒီမြို့အဝင်ကိုလည်း လုံခြုံရေးအရ ပေးမဝင်ပဲ တင်းကြပ်ထား

ဘယ်နေရာတွေမှာဖြစ်နေတာလဲ

သြဂုတ်လ၁၇ရက်နေ့မနက်ကတည်းက နေရာကွက်ကျား တိုက်ပွဲတွေဖြစ်နေပြီး၊ မနက်အစောပိုင်းမှာ မူဆယ်မြို့နန့်မူရွာမှာ စဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကဘီဘီစီကို ပြောပြပါတယ်။

လားရှိုးမှာ လည်းလူနေရပ်ကွတ်တွေပေါ်မှာ လက်နက်ကြီးပစ်ခတ်ခံရမှုတွေရှိပါတယ်။

လားရှိုးမူဆယ်လမ်းပိုင်းကကွတ်ခိုင်မြို့အနီးနဲ့လားရှိုးချင်းရွှေဟော်လမ်းပိုင်းတစ်လျှောက်မှာလည်းသြဂုတ်လ၁၇ရက်နေ့မနက်ကပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေခဲ့ ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ သြဂုတ်လ (၁၅)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာစပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မူ သတင်းတွေကြောင့် လားရှိုးမှာ တော့ ဈေးဆိုင်တွေ သြဂုတ်လ၁၇ ရက် နေ့လည်က စပြီးပိတ်သွားခဲ့ပြီး လူတွေ ကစိုးရိမ်ထိတ်လန့်နေကြတယ်လို့လားရှိုးမြို့ခံတွေကပြောပါတယ်။

သိန်းနီမြို့အဝင်ကိုလည်း လုံခြုံရေးအရ ပေးမဝင်ပဲ တင်းကြပ်ထားပြီး လုံခြုံရေး အခြေအနေကတော့ ဒေသခံတွေအတွက် စိုးရိမ်နေရဆဲ အခြေအနေတွေဖြစ်နေတယ်လို့လည်းဒေသခံ တစ်ဦးကဘီဘီစီကို ပြောပြပါတယ်။

သြဂုတ်လ ၁၆ရက် အထိ တရားဝင် ထုတ်ပြန်ထားတဲ့ သတင်းတွေအရ နောင်ချိုနဲ့ပြင်ဦးလွင် နှစ်ခုပေါင်းရင်တော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် တပ်မတော်သား ၉ ဦး၊ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၃ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပါတယ်။

ကုန်သွယ်ရေးလမ်းကြောင်းပေါ်ကို ဖြတ်ပြီးတိုက်နေတာဘာကြောင့်လဲ

ဓာတ်ပုံ မူပိုင် Yan Moe Naing
Image caption ဂုတ်တွင်းတံတားကို မိုင်းခွဲခဲ့ရသလို သြဂုတ်လ ၁၇ ရက်နေ့မှာလည်း နောက်ထပ် တံတားတွေ မိုင်းဖောက်ဖျက်ဆီးခံရ ပါတယ်။

အခုတိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေက မန္တလေး မူဆယ်ကားလမ်းပေါ်က မြို့တွေဖြစ်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ က စတင်ပြီးဂုတ်တွင်းတံတားကို မိုင်းခွဲခဲ့ သလို သြဂုတ်လ ၁၇ ရက်နေ့မှာလည်း မန္တလေး မူဆယ်ကားလမ်းပေါ်က နောက်ထပ် တံတားတွေ မိုင်းဖောက်ဖျက်ဆီးခံရ ပါတယ်၊တံတားတွေကျိုးပြီး တိုက်ပွဲတွေကြောင့် မန္တလေး မူဆယ်ကားလမ်းပေါ်က ယာဉ်သွားလာမှုတွေ ရပ်နေပါတယ်။

မန္တလေး မူဆယ်ကားလမ်းပေါ်က ဂုတ်တွင်းတံတားပြင်နေချိန်မှာ နောက်ထပ်တံတားတွေ့ကျိုးလို့ မူဆယ်ကို တက်ဖို့စောင့်နေတဲ့ ကုန်သည်တွေ လည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ် ။

ကုန်သွယ်ရေးလမ်းကြောင်းကို တိုက်တာက တွေ့ဆုံဆွေးနွေးရေးလုပ်ရင် နိုင်ငံရေးအသာစီး ရဖို့ဖြစ်သလို တရုတ် အစိုးရက ဒီတိုက်ပွဲတွေကို သတိထားမိလာအောင် လုပ်တာလည်းဖြစ်နိုင်ပါတယ် လို့မြန်မာ့အရေးလေ့လာသူ ဒေါက်တာအောင်မျိုးက ဘီဘီစီ ကို ပြောပါတယ် ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံရေးအသာစီး ယူဖို့ကုန်သွယ်လမ်းကြောင်းတွေတိုက်တာဖြစ်နိုင်

တပ်မတော်ကအခုလိုတိုက်ခံရတာကို ကာကွယ်မပေးနိုင်ဘူးလား

အခုတိုက်ခိုက်မူတွေဟာ ပြန်ကြည့်ရင်တော့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ မဟုတ်ဘဲ ချုံခို တိုက်ပွဲတွေများတယ် လို့လည်းမြန်မာအရေးလေ့လာသူ ဒေါက်တာအောင်မျိုးကပြောပါတယ်။

နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ထောက်လှမ်းရေးသတင်းရယူတဲ့စနစ် ကို လွှတ်တော် ကနိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုဥပဒေ နဲ့ကန့်သတ်လိုက်တာနဲ့ ထွေအုပ် ကို အစိုးရလက်အောက် ထည့်လိုက်တာ ဟာ တပ်မတော်ဘက် က လူထုအဖွဲ့စည်းကို အခြေခံပြီး သတင်းရယူဖို့ ခက်ခဲသွားတယ် လို့ လည်းသူကပြောပါတယ်။

ဒါကြောင့်တပ်မတော် ဘက် ကလုံခြုံရေးစည်းပေါက်တာခံနေရ တာလို့လည်းသူကဆိုပါတယ်။

နိုင် ငံရေးအကဲခတ်တွေကတော့ အခုတိုက်ခိုက်မှုတွေ ဟာ နိုင်ငံရေးအရ တိုက်ခိုက်တာဖြစ်ပြီး တော့ တိုက်ပွဲတွေဟာရေရှည်ဖြစ်လာနိုင်တယ်လို့ လည်း သုံးသပ်မှုတွေရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုက်ပွဲတော့ ဘယ်တော့ရပ်မလဲ မသိပေမယ့် ကုန်ကားတွေတော့ရပ်နေရပြီ

တိုက်ပွဲတော့ ဘယ်တော့ရပ်မလဲ

ပြည်တွင်းစစ်တွေမှာ နိုင်ငံရေးအရ တိုက်တာ ၈၀ ရာခိုင်နူန်းဖြစ်ပြီးစစ်တကယ်တန်းတိုက်တာက ၂၀ ရာခိုင်နှူန်းပဲရှိတယ်လို့ ဒေါက်တာအောင်မျိုးကပြောပါတယ်။

နောက်တစ်ခုက အရပ်သားနဲ့ရောထွေးနေပြီးအချိန်မရွေးပြောက်ကျားစစ်ဖြစ်လာနိုင်တဲ့ အတွက် အတိအကျ ပြောဖို့ခက်တယ်လို့ လည်းသူကပြောပါတယ် ။

မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ နဲ့ အပစ်ရပ်စာချုပ် မူကြမ်းပေးပြီးဖြစ်ပေမယ့်ဆွေးနွေးမယ့် နေရာအတည် မပြုနိုင် သလို အခုလိုတိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဆွေးနွေးပွဲတွေ ဟာဝေးနေ ဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်လောက်က ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေတဲ့စခန်း ဖမ်းတာကြောင့် အခုလို တိုက်ခိုက်တာလို့ တပ်မတော် ဘက် ကသုံးသပ်ထားပြီး TNLA ဘက်ကတော့ ထိုးစစ်တွေကြောင့်လို့ပြောပါတယ်။

မြန်မာ့အရေးလေ့လာသူဦးမောင်မောင်စိုးကတော့ NCA ထဲ ပါဝင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေ ကိုယ်စီကိုင်စွဲထားတဲ့ သဘောထားတွေ ကွာဟလွန်းနေတယ်လို့ ဆိုပါတယ်။

တစ်ဘက်နဲ့ တစ်ဘက် ညှိဖို့ ခက်ခဲနေချိန် ခုလို တိုက်ပွဲတွေ ဖြစ်လာတဲ့ နောက်မှာတော့ အစိုးရတပ်ဘက်ကလည်း အပစ်ရပ်ကာလ သက်တမ်းထပ်တိုးဖို့ အလားအလာ နည်းသွားပြီလို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။