ရှမ်းမြောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူ ၁၀၀၀ ကျော်ရှိ၊ နောက်ထပ် စစ်ဘေးရှောင် ၆၀၀ လောက်အစားအသောက်နဲ့ ဆေးဝါး ပြတ်

ဓာတ်ပုံ မူပိုင် MPA
Image caption အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြီး တိုက်ပွဲကြောင့်နေရပ်မပြန်နိုင်သူ ၁၀၁ဦးလည်း ရှမ်းပြည်နယ်၊ လားရှိုးမြို့ မန်ဆူဘုန်ကြီးကျောင်းမှာ ခိုလှုံနေရတယ်

လားရှိုးကနေ ၁၅ မိုင်လောက်အကွာမှာ ရှိတဲ့ မိုင်းတင် (ရှမ်းဘုန်းကြီးကျောင်း) မှာ အနီးတဝိုက် ကျေးရွာတွေက ပြေးလာနေတဲ့ စစ်ဘေးရှောင် ၆၀၀ လောက်ရှိနေပြီး အစားအသောက်နဲ့ ဆေးဝါး ပြတ်လပ်နေတယ်လို့ လားရှိုးလူငယ်လူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးဖြစ်တဲ့ စိုင်းမိုးသူက ပြောပါတယ်။

လားရှိုး၊ နောင်ချို၊ ကွတ်ခိုင်၊ ကျောက်မဲ စတဲ့ မြို့တွေတလျှောက် ၃ရက်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိနေတဲ့ ရွာတွေမှာနေထိုင်ကြသူတွေက လားရှိုးနဲ့ ကွတ်ခိုင်မြို့ပေါ်ကိုတိုက်ပွဲရှောင်လာ ကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူ ၁၀၀၀ ကျော်ရှိနေပြီလို့ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က သြဂုတ်လ ၁၉ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။

လားရှိုး မန်ဆူဘုန်းတော်ကြီးကျောင်းမှာ အိမ်ထောင်စု ၁၃၄ခုက ၄၆၉ဦး၊ သန္နီမှာ အိမ်ထောင်စု ၄၅စုက ၂၄၁ဦး၊ ကွတ်ခိုင်မှာ လူဦးရေ ၃၀၀ကျော်အပါအဝင် စုစုပေါင်း စစ်ရှောင်ဒေသခံ ၁,၀၁၀ ဦးရှိနေပါတယ်။

ဒါ့အပြင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြီး တိုက်ပွဲကြောင့်နေရပ်မပြန်နိုင်သူ ၁၀၁ဦးလည်း ရှမ်းပြည်နယ်၊ လားရှိုးမြို့ မန်ဆူဘုန်ကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ ရှမ်းပြည်နယ်အစိုးရထံကသိရပါတယ်။

ဓာတ်ပုံ မူပိုင် STR/AFP/GETTY IMAGES
Image caption နောင်ရွှေရွာကနေအကူညီတောင်းလို့ အခုလာခေါ်တာ၊ ကူညီရေးအသင်း ၂ခုက၊ အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူး။ အခုကားပေါ်တက်နေကြတာ

ဘီဘီစီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့ သြဂုတ်လ ၁၉ရက်၊ နေ့လည် ၁နာရီ အထိတော့ စစ်ဘေးရှောင် အရေအတွက် ထပ်တိုးလာတယ်လို့ သတင်းထပ်မံပေးပို့တာ မရှိသေး ဘူးလို့ စိုင်းမိုးသူကပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရကတော့ တိုက်ပွဲရှောင်လာတဲ့သူတွေကို၊ အဝတ်အစားတွေအပါအဝင် လူသုံးပစ္စည်း ၉မျိုးနဲ့ ဆန်၊ ဆီစတာတွေကို ၇ရက်စာ ထောက်ပံ့ပေးထားတယ်လို့ ဒေါက်တာအောင်သန်းမောင်က ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် လူမှုကူညီရေးအသင်းအချို့ကတော့ ကယ်ဆယ်ရေးကား ၅စီးနဲ့၊ စစ်ဘေးရှောင်ဒေသခံ အချို့ကို ကွတ်ခိုင်အနီးက သြဂုတ်လ ၁၉ရက်၊ မနက်ပိုင်းမှာ ထပ်မံသွားရောက်ခေါ်ယူနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကတော့ လားရှိုး၊ မန်ဆူဘုန်းကြီးကျောင်းကို လာရောက် စစ်ဘေး ရှောင်ကြတဲ့ ဒေသခံတွေကို သြဂုတ်လ ၁၉ရက်နေ့ မနက်မှာ စားနပ်ရိက္ခာများလာရောက် ထောက်ပံ့ပေးခဲ့ပါတယ်။

ပြည်ထောင်စုလမ်းကြီး သီပေါ-လားရှိုး-သိန်းနီ-ကွတ်ခိုင် လမ်းတွေတစ်လျှောက် ညီနောင်မဟာမိတ် သုံးဖွဲ့ (ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA) နဲ့ (TN LA) )နဲ့ တပ်မတော်တို့ အသီးသီးနေရာယူထားကြပြီး တိုက်ပွဲတွေဖြစ်နေတာမို့လို့ သွားလာဖို့ မသင့် သေးဘူးလို့ TN LA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ဘီဘီစီကို သြဂုတ်လ ၁၈ရက်နေ့က ပြောထားပါတယ်။

ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ၁၅ ရက်မှာ ခုနစ်ကြိမ်၊ ၁၆ ရက်မှာ သုံး၊လေးကြိမ်၊ ၁၇ ရက်မှာ ရှစ်နေရာ၊ ရှစ်ကြိမ်လောက် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့လည်း မိုင်အိုက်ကျော်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေအပြင် အဲဒီမတိုင်မီကပဲ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူမြို့နယ်တွေမှာ စစ်ဘေးရှောင်သူ ၇,၄၀၇ ဦးအထိရှိနေပါသေးတယ်။