တနင်္သာရီတိုင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးကို ပါတီက အရေးယူ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခု အရေးယူလိုက်သူတွေ ကို ပါတီတာဝန်ကနေ ရပ်ဆိုင်း လိုက်တာဖြစ်

တနင်္သာရီတိုင်း NLD ပါတီ က ဘဏ္ဍာရေးမှူး စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင်နဲ့ ပြန်ကြားရေးတာဝန်ခံ တာဝန်ယူထားသူ ထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးကို ပါတီက အရေးယူလိုက်တယ်လို့ NLD ပါတီ ကပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် က ဘီဘီစီကို ပြောပါတယ် ။

သူတို့ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကစစ်ဆေးပြီး အစီရင်ခံစာပါတဲ့အတိုင်း ပါတီက လက်ခံ အတည်ပြုလိုက်တာလို့လည်း ဒေါက်တာမျိုးညွန့်က ဘီဘီစီကိုပြောပါတယ် ။

အရေးယူခံရတဲ့သူတွေကတော့ တနင်္သာရီတိုင်း NLD ပါတီ က ဘဏ္ဍာရေးမှူးဦးသန်းထွန်း၊ စည်းကမ်း ထိန်းသိမ်းရေးခေါင်းဆောင် ဦးအေးနိုင်နဲ့ ပြန်ကြားရေးတာဝန်ခံ တာဝန်ယူထားသူ ဒေါ်မြရတနာထက်တို့ ဖြစ်ကြပါတယ်။

အရေးယူခံရတဲ့သူတွေအနက် တနင်္သာရီတိုင်း NLDပါတီ ပြန်ကြားရေးတာဝန်ခံ တာဝန်ယူထားသူ ဒေါ်မြရတနာထက် ကို ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ရာမှာ လောလောဆယ် အင်တာဗျူး ဖြေဖို့ ငြင်းဆိုခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်လို့ ပြန်လည် ဖြေရှင်းမယ်လို့ ဘီဘီစီကို ပြောပါတယ်။ သူ့အနေနဲ့ ဒီစာကို လက်ခံရရှိခြင်း မရှိသေးကြောင်းနဲ့ သတင်းမီဒီယာတွေကနေ ပြန်လည် ဖြေရှင်းမယ်လို့လည်း ဆိုပါတယ်။

NLD ပါတီက အခု အရေးယူလိုက်သူတွေကို ပါတီတာဝန်ကနေ ရပ်ဆိုင်း လိုက်တာဖြစ်ပြီး သူတို့ဟာ ပါတီဝင်အဖြစ်နဲ့တော့ ဆက်ရှိနေတုန်းပဲ လို့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ် ။

NLD ပါတီ ဗဟိုသုတေသနဌာန အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း ကိုလည်း ပါတီတာဝန်တွေကနေ လုံးဝ ရပ်ဆိုင်းလိုက်တယ်လို့ သြဂုတ်လ ၁၈ ရက်နေ့က NLD ပါတီကနေ ထုတ်ပြန်ခဲ့ ပါတယ် ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption NLD ပါတီ ဟာ တိုင်ကြားမှုပေါင်း ၄၅၀ ကျော်ကို စစ်ဆေးအရေးယူထား

တနင်္သာရီတိုင်း NLD ပါတီ အလုပ် အမှုဆောင်တွေကို အခုလို အရေးယူရတာတွေဟာ ပါတီ စည်းကမ်းဖောက်ဖျက်လို့ ဖြစ်ပြီး မှန်မှန်ကန်ကန် မဆောင်ရွက်ခဲ့လို့ ဖြစ်တယ် လို့လည်း ဒေါက်တာမျိုးညွန့် က ပြောပါတယ် ။

ဘယ်လိုစည်းကမ်းတွေ ဖောက်ဖျက်ခဲ့တာလဲလို့ ဘီဘီစီက မေးမြန်းရာမှာတော့ ပြောလို့မရဘူးလို့ သူက ပြန်ဖြေခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူထားတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်နဲ့တော့ မပတ်သက်ဘူးလို့လည်း ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

NLD ပါတီ ဟာ တိုင်ကြားမှုပေါင်း ၄၅၀ ကျော်ကို စစ်ဆေး အရေးယူထားပြီး လက်ရှိ စစ်ဆေးနေတဲ့ အမူပေါင်း ၅၀ ကျော်ရှိတယ် လို့လည်း ပြောပါတယ်။