ခရီးသွားတွေ လုံခြုံရေး RCSS က ဘယ်လို တာဝန်ယူမယ်လို့ ပြောလဲ

ရှမ်းမြောက် ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption ဂုတ်တွင်းစခန်း ဖျက်စီးခံအရပြီး ရောက်လာတဲ့ အစိုးရ စစ်ကြောင်း

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနဲ့ မန္တလေးကြား ခရီးသွားလာလို သူတွေ အနေနဲ့ နမ့်လန်၊ ကျောက်ဂူ၊ နောင်ချို လမ်းကြောင်း အတိုင်း သွားမယ်ဆိုရင် လမ်းခရီး တလျှောက် လုံခြုံရေးကို တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်ပေးမယ်လို့ ရှမ်းပြည် တောင်ပိုင်းတပ်လို့ အသိများတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA က ကြေညာပါတယ်။

RCSS အခြေစိုက်ထားတဲ့ မြို့နယ်တွေထဲ ထားရှိတဲ့ ဆက်ဆံရေး ရုံးတွေကို ဆက်သွယ်လာမယ် ဆိုရင် လမ်းကြောင်း တလျှောက် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သိထားသမျှ သတင်းအချက်အလက် တွေကို မျှဝေပေးမှာ ဖြစ်တယ်လို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ဘီဘီစီကို ပြောပါတယ်။

လမ်းကြောင်းတလျှောက် RCSS တပ်ဖွဲ့တွေ လုံခြုံရေး ချမယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ဘူးလို့ စိုင်းမိဏ်းက ဆိုပါတယ်။

အစိုးရတပ် စစ်ကြောင်းတွေနဲ့ RCSS တပ်ဖွဲ့ ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မှာလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုလည်း စိုင်းမိဏ်းက အဲဒီလို နှစ်ဘက်တပ်ဖွဲ့တွေ ပူးပေါင်းလှုပ်ရှားတာမျိုး အရင်က မရှိခဲ့သလို အခုလည်း လုပ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

မူဆယ်၊ ကျောက်မဲ တို့လို ရှမ်းပြည် မြောက်ပိုင်းက မြို့တွေနဲ့ မိုင်းတုံလို့ ရှမ်းပြည်နယ် အရှေ့ပိုင်းက နေရာမှာလည်း RCSS အနေနဲ့ ဆက်ဆံရေးရုံးတွေ ဖွင့်ထားတာပါတယ်။

အဲဒီ ရုံးတွေကနေ တဆင့် အရပ်ဘက်၊ စစ်ဘက် အာဏာပိုင်တွေနဲ့ကြား ဆက်ဆံရေးတွေ ထားရှိပေမယ့် တပ်ဖွဲ့ဝင်ချင်း ပူးပေါင်း လှုပ်ရှားတာမျိုးတော့ မလုပ်ဘူးလို့ စိုင်းမိဏ်းက ပြောတာဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း ဖြစ်နေတဲ့ တိုက်ပွဲတွေ ဘယ်လောက် ကြာမလဲ ဆိုတာ မခန့်မှန်း နိုင်တဲ့ အတွက် အများပြည်သူ အနေနဲ့ သတိထား သွားလာကြပါ ဆိုပြီး RCSS ရဲ့ ကြေညာချက်ထဲ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ရခိုင်ထဲက စစ်အင်အား နုတ်ဖို့ မလိုဘူးလို့ တပ်မတော်ပြော

ပြည်ထောင်စုလမ်းမပေါ်က အပျက်အစီးများ

ရှမ်းပြည်နယ်တွင်း လတ်တလော ပေါ်ပေါက်လာပြန်တဲ့ တိုက်ပွဲတွေ အတွင်း လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ ထိခိုက် ပျက်စီး သွားပါတယ်။

ပြည်ထောင်စု လမ်းမကြီး ပေါ်က အနည်းဆုံး တံတား ၄ စင်း ပျက်စီး နေတယ်လို့ အစိုးရတပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး- သိန်းနီ-ကွမ်းလုံ လမ်းကြောင်းပေါ်က အရှည် ပေ ၅ဝ၊ အကျယ် ၂၅ ပေရှိတဲ့ အဓိက တံတားတစ်စင်း ပြီးခဲ့တဲ့ စနေ၊ ဩဂုတ်လ ၁၇ ရက် နေ့တုန်းက မိုင်းခွဲ ဖျက်စီး ခံခဲ့ရတယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ပါတယ်။

နားတီး ဆိုတဲ့ ရွာ အထွက်မှာ ရှိတဲ့ သံကွန်ကရစ်တံတား ဖြစ်ပြီး ၃၁ မိုင်တံတားလို့ ခေါ်ပါတယ်။

တအာင်းပလောင်တပ် TNLA၊ ကိုးကန့်တပ် MNDAA နဲ့ ရခိုင် အေအေ မြောက်ပိုင်း တပ်တွေရဲ့ လက်ချက်ဆိုပြီး အစိုးရတပ်က ပြောပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့က စပြီး ကြည့်မယ်ဆိုရင် ပြည်ထောင်စု လမ်းမကြီးပေါ်က ဂုတ်တွင်းတံတား ၊ ၄၁ မိုင်တံတား၊ မန်တုံစွန်တံတားနှင့် နားတီးရွာ အထွက်တံတား တို့ ဖောက်ခွဲ ပြီးဖျက်ခံထားရတယ်လို့ တပ်မတော်က ဆိုပါတယ်။

ဒါဟာ ဒေသတွင်းလမ်းပန်းဆက်သွယ်မှုတွေကို ဖြတ်တောက်ပြီး မြို့ရွာတွေကို နှောင့်ယှက်ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်တာလို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲ စွပ်စွဲ ပြစ်တင်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption နောက်ပိုင်း ၅ ရက် ရှမ်းမြောက်မှာ တိုက်ပွဲ ဆက်ဖြစ်နေ

စစ်ရေး အခြေအနေ ဘယ်လိုရှိလဲ

ဩဂုတ်လ ၁၉ ရက်၊ တနင်္လာနေ့ထိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

အဝေးက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ လားရှိုးမြို့နယ် ကုန်းဆာရွာဘက် တနင်္လာနေ့ မနက်ပိုင်းက ကျလာခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ကွတ်ခိုင်မြို့ တောင်ဘက် မီတာ ရှစ်ထောင် အကွာမှာ ထိတွေ့ ပစ်ခတ်တာတွေ ပေါ်ပေါက်ခဲ့သလို၊ နမ့်ဖတ်ကာတောင်ပိုင်းနဲ့ နမ့်ခိုင်တံတားကြား ပြည်ထောင်စုလမ်းမပေါ်မှာလည်း ထိတွေ့မှုတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဩဂုတ် ၁၈ ရက်၊ တနင်္ဂနွေနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲ မှာ အဲဒီနေ့ကလည်း ကွတ်ခိုင်မြို့ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ် ချည်းကပ်လာတဲ့ အင်အားရာကျော်တဲ့ လက်နက်ကိုင်တွေကို တိုက်ထုတ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ပျက်စီးသွားတဲ့ ဂုတ်တွင်းတံတား

လားရှိုး - ကွတ်ခိုင် - နမ့်ဖတ်ကာ-မူဆယ် လမ်းကြောင်းနဲ့ သိန်းနီ-ကွမ်းလုံသွား ပြည်ထောင်စု လမ်းမကြီး တစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲ တွေ အနည်းဆုံး ၄ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲတွေ ရှိနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ အစိုးရတပ်ရဲ့ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ ဖြတ်သန်း ပျံဝဲသွားကြတာ မြင်တွေ့ကြရတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။

တပ်တွေ ရွှေ့ပြောင်း နေရာချထားရေး အပါအဝင် သယ်ယူပို့ဆောင်ရေးတွေမှာ လေကြောင်းကို အသုံးပြု နေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောဆိုပါတယ်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ကြား လတ်တလော တိုက်ပွဲတွေမှာ လေကြောင်းသုံး တိုက်ခိုက်တာမျိုး မရှိသေးပေမယ့် လိုအပ်ရင် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

အခုလို ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အတွက် ရခိုင်ပြည်နယ်ထဲ နေရာချထားတဲ့ တပ်အင်အား တချို့ကို ခေါ်ယူ ရွှေ့ပြောင်း နေရာချထား နေတယ် ဆိုတဲ့ သတင်းတွေကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယတိပြတ် ငြင်းဆိုပါတယ်။

"အဲဒီလို ပြောင်းရွှေ့ဖို့ မလိုဘူး၊ တပ်မတော်မှာ သူ့အင်အားနဲ့သူ ရှိတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

မြောက်ပိုင်း ၃ ဖွဲ့ကရော ဘာပြောလဲ

အစိုးရ စစ်တပ်က ရှမ်းပြည်နယ်ထဲ ရှမ်းရိုးမ ၂ ဆိုတဲ့ ခေါင်းစဉ်နဲ့ မူးယစ်ဆေး နှိမ်နှင်းရေး စီမံကိန်းတွေ ပြီးခဲ့တဲ့ လပိုင်းတွေက လုပ်ဆောင် နေခဲ့ပါတယ်။

အဲဒီ စီမံကိန်းကြောင့် မူးယစ်ဆေး ထုတ်လုပ် ကုန်သွယ်မှုတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တွေ အထိနာသွားတဲ့ အတွက် ဩဂုတ် ၁၅ ရက်၊ ပြင်ဦးလွင်နဲ့ နောင်ချိုက နေရာတွေကို လက်တုံ့ပြန် တိုက်ခိုက်လာကြတာ ဖြစ်တယ် ဆိုပြီး တပ်မတော်ဘက်က ပြောဆို ထားပါတယ်။

တိုက်ပွဲ ဖော်လာခဲ့တဲ့ မြောက်ပိုင်း အဖွဲ့တွေကတော့ အဲဒီ ပြောဆိုချက်ကို ငြင်းပယ်ထားပါတယ်။

အစိုးရတပ်က အပစ်ရပ် ယာယီ ကြေညာထားပေမယ့် ထိုးစစ် အရှိန် မလျှော့လို့ စစ်ရေးအရ လက်တုံ့ပြန်ရတာ ဖြစ်တယ်ဆိုပြီး TNLA၊ MNDAA ၊ AA ပူးပေါင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ၃ ဖွဲ့ က ပြောထားပါတယ်။

မူးယစ်ဆေး စီးပွားရေးကို ဘယ်သူ ထိန်းချုပ်လဲ

မူးယစ်ဆေး စီးပွားရေး လုပ်ငန်းနဲ့ အဆက်စပ် ရှိနေတဲ့ လက်နက်ကိုင်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အဖြစ် ရည်ညွှန်း မခေါ်ဆိုသင့်ဘူးလို့ ရှမ်းပြည်တောင်ပိုင်းတပ် RCSS/SSA က ပြောပါတယ်။

မူးယစ်ဆေး ပြဿနာကို ကိုင်တွယ် နှိမ်နှင်းဖို့ ဆိုတာ အရပ်ဘက်၊ စစ်ဘက် အစိုးရ အာဏာပိုင်တွေမှာ တာဝန် အရှိဆုံး ဖြစ်တယ်လို့ RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ဆိုပါတယ်။

RCSS အနေနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်နေပြီး၊ ကုလသမဂ္ဂရဲ့ မူးယစ်နဲ့ ရာဇဝတ်မှု ဆိုင်ရာ အဖွဲ့ UNODCနဲ့ RCSS ကြားမှာလည်း သဘောတူချက်တွေ ရထားတယ်လို့ စိုင်းမိဏ်းက ပြောပါတယ်။

မူးယစ်ဆေး ပြဿနာ ရှိနေတဲ့ နယ်မြေတွေမှာ ဘယ်လို လက်နက်ကိုင် အဖွဲ့တွေ ပြည်သူ့စစ်တွေ ရှိနေလဲ၊ ဘယ်နေရာ ဘယ်ကုန်းတွေမှာ အစိုးရ တပ်မတော် အခြေစိုက်ထားလဲ စတဲ့ သတင်း အချက်အလက် အသေးစိတ်ကို စုစည်း သုံးသပ်သင့်တယ်လို့လည်း ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption လားရှိုး မန်ဆူ ဘုန်းကြီးကျောင်းရောက် စစ်ဘေး ဒုက္ခသည်တွေ

ငြိမ်းချမ်းရေး အလားအလာ

ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခတွေ ၊ မူးယစ် ကုန်သွယ်မှုတွေ စတဲ့ ပြဿနာတွေ ရှိနေတဲ့ ရှမ်းပြည်နယ်ထဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြားထဲမှာလည်း ထိန်းချုပ်နယ်မြေ အငြင်းပွားပြီး ပစ်ခတ် တိုက်ခိုက်တာတွေ ပေါ်ပေါက်လေ့ ရှိပါတယ်။

RCSS နဲ့TNLA ကြားမှာ ဆိုရင် ထိတွေ့ ပစ်ခတ်တာတွေ အခု နောက်ပိုင်းနှစ်တွေ အတွင်း ကြိုကြားကြိုကြား ပေါ်ပေါက် နေခဲ့ပြီး၊ သူ့မြေ ကိုယ့်မြေ ကျုးကျော် ဝင်ရောက်တယ် ဆိုတဲ့ အပြန်အလှန် ပြစ်တင် ပြောဆိုမှုတွေ လုပ်လေ့ ရှိပါတယ်။

RCSS က တော့ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ် ထိုးထားပါတယ်။

မြောက်ပိုင်း ၃ ဖွဲ့နဲ့ အစိုးရတပ်ကြား ပေါ်ပေါက်နေတဲ့ လက်ရှိ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး RCSS ရဲ့ ရပ်တည်မှု ဘယ်လို ရှိလဲလို့ ဘီဘီစီက မေးခဲ့တာမှာ ပြောခွင့်ရ ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက RCSS ဟာ နိုင်ငံရေးအရ NCA လမ်းကြောင်းပေါ်မှာ ရပ်တည်တယ် ၊ ငြိမ်းချမ်းရေး အတွက် ရပ်တည်တယ်လို့ ဆိုပါတယ်။

"NCA ကို သူတို့ ဝင်ပြီး လက်မှတ် မရေးထိုးနိုင်သေးရင်တောင် ငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေး ကိစ္စတွေ အတူဆွေးနွေးကြဖို့ ကျွန်တော်တို့ဘက်က ကြိုးစားပါတယ်။ မိုင်းလားမှာလုပ်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အနှစ် ၃ဝ ပြည့် ပွဲမှာ ဆိုရင် ကျွန်တော်ကိုယ်တိုင် မိုင်အိုက်ဖုန်း (TNLA ခေါင်းဆောင်)နဲ့ တွေ့ပါတယ်။ ဆွေးနွေးကြဖို့ ကျွန်တော်ကမ်းလှမ်းဖူးပါတယ်။ သူကတော့ ပြုံးပြပြီး ကောင်းပါတယ် ဆိုတဲ့ သဘော ပြပါတယ်။ ဒီလောက်ပါပဲ" လို့ ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဝ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA ရဲ့ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး နေ့ အခမ်းအနား

အဲဒီလို TNLA နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ဖို့ ကမ်းလှမ်းတာမျိုးတွေ RCSS ဘက်က လုပ်ခဲ့ပေမယ့်၊ တိုက်ပွဲတွေ ပစ်ခတ်တာတွေ ပေါ်ပေါက်ပြန်တဲ့အတွက် လက်တွေ့ အကောင်အထည် ပေါ်မလာခဲ့ဘူးလို့ ဆိုပါတယ်။

အစိုးရရဲ့ ရပ်တည်မှုကို ကြည့်ရင်တော့ အခု နောက်ဆုံး တိုက်ပွဲတွေ ပေါ်ပေါက် လာခဲ့ပေမယ့်လည်း အဲဒီ မြောက်ပိုင်း အဖွဲ့တွေ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင်လာအောင် တံခါးဖွင့်ထားဆဲ ဖြစ်တယ် ဆိုတဲ့သဘော သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ ဦးဇော်ဌေးက ဆိုထားပါတယ်။

လက်တွေ့ မြေပြင် အခြေအနေမှာတော့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ နောင်ချို ဂုတ်တွင်း စီးနင်းမှု အတွင်း စစ်တပ်နဲ့ရဲ လုံခြုံရေး တပ်ဖွဲ့တွေ အကျအဆုံး များခဲ့ပါတယ်။

ဒီနောက်ပိုင်း ရက်တွေမှာ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး ကွတ်ခိုင် ဝန်းကျင်နဲ့ ပြည်ထောင်စု လမ်းမကြီး ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်တိုက် ရှိလာခဲ့ပါတယ်။

NCA ထဲ မပါဝင်သေးသူတွေ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင်ခွင့် ရှိလာအောင် ဆိုပြီး အစိုးရတပ်ဘက်က ယာယီ အပစ်ရပ်ကလ တိုးမြှင့် ကြေညာထားတဲ့ အချိန်မှာ အခုလို အပစ်ရပ် လုံးဝ ကျိုးပေါက် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ ယာယီ အပစ်ရပ်ကာလ တပ်ဘက်က ဆက်တိုးပေးဖို့ ဆိုတာ အလှမ်းဝေးသွားပြီး ၊ NCA ထဲ အားလုံး ပါဝင်လာရေး ရည်မှန်းချက်လည်း ထိခိုက် သွားတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေတဲ့ အကြောင်း

ဒီသတင်းနဲ့ပတ်သက်သမျှ