"ကျွန်တော်တို့ အစ္စလာမ်ဘာသာက နိုင်ငံရေးမှာ ကစားခံနေရတယ်" အစ္စလာမ်ဘာသာရေးဆရာ ဦးစန်းအောင်

အစ္စလာမ်ဘာသာကို ခုတုံးလုပ်ခံနေရလို့ပြော ဓာတ်ပုံ မူပိုင် Getty Images
Image caption အစ္စလာမ်ဘာသာကို ခုတုံးလုပ်ခံနေရလို့ပြော

အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အာဏာရဖို့ ကြိုးပမ်းနေသူ လူတချို့က နိုင်ငံရေးကစားနေတယ်လို့ ဘူးလက် ဦးလှဆွေကို တရားစွဲထားသူ အစ္စလာမ်ဘာသာရေးဆရာ ဦးစန်းအောင် က ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့ အစ္စလာမ်ဘာသာက နိုင်ငံရေးမှာ ကစားခံနေရတယ် လို့လည်း"သူကပြောပါတယ်။

ပြဿနာဖြစ်ရင် အစ္စလာမ်ဘာသာ တွေဘက်က စာထုတ်မယ် ၊ဖေ့စ်ဘုတ်မှာ ပြောကြတာကလွဲလို့ နောက်ထပ် ဆက်ပြီးတရားဥပဒေအရ ကြိုးပမ်းတာ မတွေ့ရဘူး၊ ကျွန်တော်တို့က နိုင်ငံသား မူဆလင်တွေပါ။ နိုင်ငံတော်က တရားဥပဒေအရ အကာကွယ်ပေးသင့်တယ်လို့ ကျွန်တော်က ယူဆတယ် လို့လည်း သူ ကပြောပါတယ်။

သာသနာ ညှိုးနွမ်းစေမှုနဲ့ ဟောပြောသူ ဘူးလက် ဦးလှဆွေကိုတရားစွဲထားတဲ့ အမှုကိုတော့ ကျောက်တံတားတရားရုံးက သြဂုတ်လ ၂၁ ရက်ကနေ လက်ခံလိုက်ပါတယ်။

တရားဥပဒေ စိုးမိုးဖို့နဲ့ ဥပဒေကို လိုက်နာဖို့ အခုလို တရားစွဲဖို့ ပြင်ဆင်တာဖြစ်ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းအစ္စလမ် ဘာသာဘက်က အခုလို သာသနာရေး ကို ထိခိုက်မှုအတွက် တရားစွဲဆိုမှု မြန်မာနိုင်ငံ မှာ ပထမဆုံးလို့လည်း အစ္စလာမ် ဘာသာရေးဆရာ ဦးစန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစိုးရ တရားဝင်စာရင်းတွေ အရ လူဦးရေ ၅၄ သန်းကျော် ရှိတဲ့မြန်မာနိုင်ငံမှာ ၄ ရာခိုင်နှုန်းကျော် က မူဆလင်တွေ ဖြစ်ကြပါတယ် ။

မြန်မာနိုင်ငံကအစ္စလာမ်ဘာသာဝင်တွေ အခက်အခဲကဘာလဲ

တောင်ဒဂုံမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်လကာလ ယာယီဝတ်ပြုဆောင်တွေကို လူအုပ်စုတစ်စုက အတင်းပိတ်သိမ်းခိုင်းခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင်တို့ ဘာသာရေးအရ အရေးပါတဲ့ ဥပုသ်လမှာ ဝတ်ပြုဆုတောင်းနိုင်ဖို့ ယာယီဝတ်ပြုဆောင် သုံးဆောင်ကို ရန်ကုန်တိုင်း အစိုးရက နေအိမ်သုံးလုံးမှာ ခွင့်ပြုပေးခဲ့တာကို အတင်းပိတ်ခိုင်းတာလို့လည်း ဦးစန်းအောင်ကပြောပါတယ်။

"ဘယ်လောက်ထိ ဖြစ်လာလဲဆိုတော့ အစ္စလာမ်ဘာသာဝင်ဟာ မြန်မာပြည်မှာ မလိုလားအပ်တဲ့ လူမျိုးစုပုံစံလို၊ ဘာသာဝင်တွေပုံစံလို ဖြစ်အောင် ပြောဆိုမှုတွေ ဖြစ်လာတယ်လို့လည်း ဒါကို ဥပဒေအရ လိုက်နာအောင် လုပ်ပေးဖို့လည်းအစိုးရက အားနည်းတယ်"လို့ သူကပြောပါတယ်။

ဒါကို တစ်ဘက်ကလည်း မင်းတို့က ငြိမ်ခံနေတာကိုးလို့ ပြောဆိုမှုတွေ ရှိတာကြောင့် ဘူးလက်ဦးလှဆွေကို အခုလိုပြန်ပြီး တရားစွဲတာပါလို့ သူက ရှင်းပါတယ်။

ဘူးလက် ဦးလှဆွေပြောတာကတော့ အစ္စလာမ်ဘာသာက တမန်တော်ဟာ အကြမ်းဖက်လို့ ပြောတဲ့ပုံစံမျိုး ပြောထားတော့ ကျွန်တော်က တရားခွင်မှာ ဒါကို သူနဲ့ ယှဉ်ပြီး ပြောချင်တာပါလို့လည်း ဦးစန်းအောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အနောက်ပိုင်းခရိုင်တရားရုံးကို ရဲက ခေါ်လာနိုင်ခြင်းမရှိသေး။

ဘူးလက်လှဆွေ ဘယ်သူလဲ

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေဟာ ဘူးလက်ဂျာနယ်ကို ထုတ်ဝေသူလည်းဖြစ်ပြီး ဘူးလက်လှဆွေလို့ လူသိများပါတယ်။

ဦးလှဆွေ ဟာ တပ်မတော် အရာရှိဟာင်းတစ်ဦးလည်းဖြစ်ပါတယ်။၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဂန့်ဂေါ မြောက်ခရမ်းကျေးရွာက အိမ်ထောင်စုစာရင်းဝင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပါတယ်။၂၀၁၅ရွေးကောက်ပွဲမှာတော့ ထပ်အရွေးမခံခဲ့ရပါဘူး။

တပ်မတော်ထိပ်တန်း အရာရှိတွေကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့တဲ့ အပေါ် ၂၀၁၉ သြဂုတ်လ ၃ ရက် က ရန်ကုန်မြို့တော်ခန်းမ ရှေ့ မှာပြုလုပ်တဲ့ ကန့်ကွက်ပွဲမှာ အမေရိကန် သံရုံးက facebook မှာဖော်ပြခဲ့တဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ဘူးလက်ဦးလှဆွေက ထည့်သွင်း ဟောပြောခဲ့ပါတယ်။

"ဘာသာကြီးလေးမျိုးမှာ သုံးမျိုးကတော့ သူတို့ စော်ကားချင်တိုင်း စော်ကားလို့ရတယ်၊ မိုဟာမက်ကို ထိရဲလား၊ တော် တော်သတ္တိရှိ တဲ့ အမေရိကန်ပဲ၊ လုပ်ကြည့်ပါလား လေယာဉ်ပျံနဲ့ ဗုံးခွဲပစ်မယ် မိုဟာမက်က၊ အဲ့ဒါကျ ကြောက်တယ် "လို့ပြောသွားခဲ့ပါတယ်။

ဦးလှဆွေရင်ဆိုင်ရဖို့ရှိတဲ့ အမှု ၃မှု

ဦးလှဆွေရင်ဆိုင်ရမယ့် အမှု ၃ မှုက တော့ ကျောက်တံတား မြို့နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ် ပြီးစွဲထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က၊ အစ္စလမ် ဘာသာရေးဆရာက စွဲထားတဲ့ သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့ သူရဦးရွှေမန်း ယာဉ်မောင်းကစွဲထားတဲ့ နိုင်၊လွတ်၊လုံ ၁၀ တို့ဖြစ်ကြပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က ကတော့ အနောက်ပိုင်းခရိုင်တရားရုံးက သြဂုတ်လ ၇ ရက်နေ့တည်းက ဒီအမှုကို လက်ခံထားပြီး ဖမ်းဝရမ်းထုတ်ထားပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့ကို ပြန်ချိန်းထားပါတယ်။

အစ္စလမ် ဘာသာရေးဆရာက စွဲထားတဲ့ သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ကတော့ ရဲတပ်ဖွဲ့ကနေ ပြန်လည်စိစစ်ဖို့ ကျောက်တံတားမြို့နယ် တရားရုံးက ကျင့်ထုံး၂၀၂ အရ ချထားပေးလိုက်ပြီးတော့ သြဂုတ် လ ၂၁ ရက်နေ့မှာ တရားသူကြီးက ပြစ်မှု နံပါတ်တပ်ပေးပါတယ်။

သူရ ဦးရွှေမန်း ယာဉ်မောင်းက စွဲထားတဲ့ နိုင်၊လွတ်၊လုံ ၁၀ ကတော့ ဦးရဲထွဋ် နဲ့ ဦးလှဆွေ စစ်ပြီးပြီ ဖြစ်ပြီးတော့ ဦးဘိုဘို ကျော်ငြီမ်း တစ်ယောက်တော့ ကျန်ပါသေးတယ် ။

ဒီအမှု ၃ မှု မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ ကနဲ့ ပုဒ်မ ၂၉၅ ကို တရားရုံးက လက်ခံထားပြီးတော့ ကျန် အမှုကတော့ တရားရုံးက လက်ခံဖို့ စိစစ်နေ ဆဲဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ၂၀၁၉ သြဂုတ်လ ၃ ရက်ဘူးလက်ဦးလှေဆွ ဟောပြောပွဲ

မြန်မာနိုင်ငံက အစ္စလာမ်ဘာသာ၀င်တွေရဲ့ စိုးရိမ်မှု

ပြီးခဲ့တဲ့ လပိုင်းတွေက မလေးရှားမှာမိတဲ့ အကြမ်းဖက်သမားတွေရဲ့ ထွက်ဆိုချက်တွေအရ မြန်မာနိုင်ငံက ဘာသာကြီးလေးခုရဲ့ ထင်ရှားတဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့အထိ သူတို့ လုပ်ထားတယ် ဆိုတဲ့ ထွက်ဆိုချက်တွေရထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ အယ်လ်ကိုင်ဒါ၊ တာလီဘန် စသည့် အဖွဲ့တွေက ယခင်ကတည်းက ကြေငြာထားပြီး လက်ရှိမှာ IS ကပါ ကြေငြာလာတဲ့ အနေအထားဖြစ်တယ်လို့ ဦးဇော်ဌေးက နေပြည်တော်မှာ မေလ ၂၄ရက်က သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဧပြီလအတွင်းက သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်ခံရမှုကို အိုင်အက်စ် IS အကြမ်းဖက်အဖွဲ့က သူတို့လုပ်ရပ်လို့ ဝန်ခံခဲ့သလို သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်တို့ကို ပစ်မှတ် ထားနေတယ်လို့ မလေးရှားရဲချုပ်ကပြော ထားပါတယ်။

အိုင်အက်စ်က အခုလို ပြောဆိုလာမှုတွေကို မြန်မာပြည်တွင်း နေထိုင်ကြတဲ့ မူဆလင်တချို့ကလည်း စိုးရိမ်မှုတွေရှိတယ်လို့ ရန်ကုန်မြို့က မူဆလင် အမျိုးသမီး ကျောင်းဆရာမ ဒေါ်မီးငယ်ကပြောပါတယ်။

ငြိမ်းချမ်းရေးကိုလိုချင်လို့တရားစွဲ

အစ္စလာမ်ဘာသာဟာ မြန်မာနိုင်ငံမှာ ကိုးကွယ်သူ ၄ ရာခိုင်နူန်းကျော်ရှိပါတယ်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လူ့အဖွဲ့စည်းကြားမှာ သတ်ဖြတ်မှုတွေ စတင်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ် မတ်လထဲမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းက မိထ္ထီလာအထိပါ ပျံနှံ့လာပြီး ဗလီတွေ မီးရှို့တာ နှစ်ဘက်သတ်ဖြတ်တာတွေ ဖြစ်လာခဲ့ပါတယ် ။

ရခိုင်ပြည်နယ်မှာ နောက်ပိုင်း နှစ်ဘက်လူ့အဖွဲ့စည်းကြားမှာ အတူပြန်နေဖို့ကတော့ အခုထိ ပြသနာတွေရှိနေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေက တဆင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြားမှာ ပြီးခဲတဲ့နှစ်ပိုင်းတွေက တင်းမာမှုတွေ ရှိခဲ့ပြီး အခုတခါ ပဋိပက္ခတွေ တကျော့ပြန်လာမှာကိုလည်း စိုးရိမ်တာ ဖြစ်ပါတယ်။

"အခုမှ နည်းနည်း ပြန်တည်ငြိမ်လာတဲ့ လူ့ အဖွဲ့စည်းမှာ အဓိကကတော့ ငြိမ်းချမ်းစေချင်တယ်၊ ဘယ်ဘာသာကိုမှ ကျီးလန့်စာစား နေရတဲ့ အဖြစ် မျိုးမကြိုက်ဘူး"လို့ ဆရာမ ဒေါ်မီးငယ်က ပြောပါတယ်။

လက်ရှိတရားရုံမှာ ဘူးလက်ဦးလှဆွေ ကို တရားစွဲတင်တာဟာ ကျွန်တော်က ငြိမ်းချမ်းရေးကိုလိုချင်လို့လည်း ဦးစန်းအောင်က ပြောပါတယ်။

သူရင်မဆိုင်ရင်လည်း တရားဥပဒေအတိုင်းပဲ ဆက်သွားမှာပါ။ အခုဟာက ကျွန်တော်က သူ့ဟောပြောမှုဟာ အစ္စလာမ်ဘာသာကို ညှိုးနွမ်းစေတယ်ဆို ပြီး စွပ်စွဲတာပဲရှိပါသေးတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုနားထောင်ရမှာပါ။ တရားရုံးမှာ သူ့က အပြစ်ရှိတယ်လို့ ဝန်ခံရင် ကျွန်တော် ပြန်ပြီး အမှုကို ရုပ်သိမ်းဖို့ ဝန်မလေးပါဘူး လို့လည်း ဘီဘီစီကို ပြောပါတယ်။