မီတာခ၊ ကုန်ဈေးနှုန်းတွေတက်ပေမယ့် အခြေခံလုပ်အားခတိုးဖို့ နောက်၂နှစ်ကြာမှ ပြန်သုံးသပ်နိုင်မယ်

ကုန်ဈေးနှုန်းနဲ့ မီတာခတွေကြောင့် အလုပ်သမားတွေရဲ့ အဆောင်ခ၊ လျှပ်စစ်သုံးစွဲခအပြင် စားဝတ်နေရေးအသုံးစားရိတ်တွေလည်း တိုးလာလို့ ရရှိတဲ့အခြေခံလုပ်အားလစာနဲ့ မလောက်မငှ ဖြစ်နေကြတယ်
Image caption ကုန်ဈေးနှုန်းနဲ့ မီတာခတွေကြောင့် အလုပ်သမားတွေရဲ့ အဆောင်ခ၊ လျှပ်စစ်သုံးစွဲခအပြင် စားဝတ်နေရေးအသုံးစားရိတ်တွေလည်း တိုးလာလို့ ရရှိတဲ့အခြေခံလုပ်အားလစာနဲ့ မလောက်မငှ ဖြစ်နေကြတယ်

အခြေခံလုပ်အားခ တိုးဖို့အတွက်က ဥပဒေအရ ၂နှစ်ကြာမှသာ တိုးသင့်မတိုးသင့်ကို ပြန်လည်သုံးသပ်နိုင် မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က သြဂုတ်လ ၂၅ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။

အခြေခံလုပ်အားခကို တိုးမြှင့်ခြင်းကို ၂နှစ်ကြာမှ တိုးမြှင့်သင့်၊ မတိုးသင့် စတာကို အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေကော်မတီက ပြန်လည်သုံးသပ်ဖို့ကို အလုပ်သမားဥပဒေမှာ ပြဋ္ဌာန်း ထားပါတယ်။

မီတာခတိုးကောက်တော့မယ့်လို့ အစိုးရကသတ်မှတ်လိုက်တဲ့အချိန်ကစပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းမြှင့်တက်လာသလို့၊ တိုးကောက်တဲ့မီတာခတွေကလည်း မူလထက် နှစ်ဆကနေ သုံးဆအထိ တိုးမြင့် သွားပါတယ်။

အဲဒီလိုတိုးမြင့် လာတဲ့ ကုန်ဈေးနှုန်းနဲ့ မီတာခတွေကြောင့် အလုပ်သမားတွေရဲ့ အဆောင်ခ၊ လျှပ်စစ်သုံးစွဲခအပြင် စားဝတ်နေရေးအသုံးစားရိတ်တွေလည်း တိုးလာလို့ ရရှိတဲ့အခြေခံလုပ်အားလစာနဲ့ မလောက်မငှ ဖြစ်နေကြတယ်လို့ အလုပ်သမားသမဂ္ဂတွေထံကသိရပါတယ်။

လက်ရှိအချိန်ထိတော့ အနည်းဆုံးလုပ်အားခကို ၂၀၁၈ခုနှစ် ကနေ ခုနှစ် က နှုတ်ထား အတိုင်း တစ်ရက် ၄၈၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဥပဒေအရဆိုရင် ကျပ် ၄၈၀၀ အထက်တိုးမြှင့်ဖို့ကို ၂၀၂၀ ခုနှစ်မှ ပြန်သုံးသပ်နိုင်မယ့်အနေအထားဖြစ်ပါတယ်။

၂နှစ်မပြည့်ခင်လုပ်အားခတိုးမြှင့်ပေးဖို့ ကိစ္စက၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ သုံးပွင့်ဆိုင်ဆွေးနွေးရ မှာဖြစ်ပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားအကြားကျေနပ်မှုရှိနေရင်တော့ အစိုးရက ဝင်ရောက်စွက်ဖက်စရာ အကြောင်းမရှိဘူးလို့ ဦးမျိုးအောင်က ပြောပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကတော့ "တကယ့်တကယ်တိုးပေးရမယ့်အချိန်မှာ နိုင်ငံရေးအရ နိုင်ငံရေး သတ္တိမရှိတဲ့အခါ၊ အလုပ်မလုပ်ချင်တာနဲ့ပဲ အလုပ်ရှင်နဲ့အလုပ်သမားအကြားအဆင်ပြေနေသရွေ့ အစိုးရက ဝင်မစွက်ဖက်ဘူးလို့ ပြောတာလေ၊ ဒါကိုတော့ ကျွန်တော်တို့လက်ခံလို့မရပါဘူး" လို့ ဘီဘီစီကိုပြော ပါတယ်။

ဒါ့အပြင် လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေက အလုပ်ရှင် တွေနဲ့ တစ်လတစ်ကြိမ်ပုံမှန်တွေ့ဆုံမှုရှိပေမယ့်လည်း အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံဆွေးနွေးတာ မရှိတာက အလုပ်ရှင်အလုပ်သမားအရေးမှာ အလုပ်ရှင်ကို မျက်နှာသာပေးတဲ့ အစိုးရအဖြစ် ဖော်ပြနေတာကို ပေါ်လွင်တယ်လို့လည်း သူကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် CTUM Myanmar
Image caption ပွင့်ပွင့်လင်းလင်းပြော ရရင် လုပ်ခလစာမှမဟုတ်ဘူး၊ အလုပ်ရှင်အလုပ်သမားပြဿနာတွေဖြေရှင်းတိုင်း အခက်အခဲတွေအများ ကြီးရှိနေပါတယ်

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက အလုပ်ရှင်အလုပ်သမားကြားမနေပဲ ကြားနေမူဝါဒထက်၊ အလုပ်ရှင်မျက်နှာသာပေးတဲ့ အစိုးရလို့ပြောလို့ရတယ်။ အဲဒီအတွက်ကြောင့် ပွင့်ပွင့်လင်းလင်းပြော ရရင် လုပ်ခလစာမှ မဟုတ်ဘူး၊ အလုပ်ရှင်-အလုပ်သမားပြဿနာတွေဖြေရှင်းတိုင်း အခက်အခဲတွေအများ ကြီးရှိနေပါတယ်" လို့ ကိုသက်နှင်းအောင်ကပြောပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေထဲမှာ အလုပ်ရှင်တွေရှိနေတာကလည်း လုပ်အားလစာတိုးမြှင့်ဖို့အတွက် လုပ်ဆောင်တဲ့အခါ အဲဒီအစိုးရအကြီးအကဲတွေက အလုပ်ရှင်တွေ အတိုင်းစဉ်းစားတာကြောင့် လုပ်အား လစာ တိုးမြှင့်ရရှိဖို့မှာ အခက်အခဲတွေဖြစ်နေတယ်လို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးမှူး ကိုကျော်မျိုးက ဘီဘီစီကိုပြောပါတယ်။

"ဝန်ကြီးတွေ၊ တိုင်းအလုပ်သမားဦးစီးအရာရှိတွေ၊ ညွှန်ကြားရေးမှူးတွေအစရှိသဖြင့် သူတို့က တပ်ကနေ ဒီဘက်မှာ နေရာရ လာတဲ့သူတွေဖြစ်တော့ ဥပဒေရဲ့အားနည်းချက်တွေ၊ အလုပ်သမားတွေရဲ့ လက်တွေ့ပြဿနာ၊ လက်တွေ့အခက်အခဲတွေ သူတို့ဘာမှမသိဘူး" လို့ သူကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် CTUM Myanmar
Image caption အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေထဲမှာ အလုပ်ရှင်တွေရှိနေတာကလည်း လုပ်အားလစာတိုးမြှင့်ဖို့အတွက် လုပ်ဆောင်တဲ့အခါ အဲဒီအစိုးရအကြီးအကဲတွေက အလုပ်ရှင်တွေအတိုင်းစဉ်းစားတာကြောင့် လုပ်အား လစာ တိုးမြှင့်ရရှိဖို့မှာ အခက်အခဲတွေဖြစ်နေတယ်

လုပ်ခလစာတိုးဖို့ ပြန်သုံးသပ်တာကို ဥပဒေအရ ၂နှစ်လို့သတ်မှတ်ထားပေမယ့် အမှန်တကယ် လုပ်အားခ တိုးမြှင့်ပေးဖို့ အလုပ်ရှင်အလုပ်သမားတို့ဆွေးနွေးရာမှာ အခက်အခဲတွေရှိတာကြောင့် သုံးနှစ်ကျော်လောက် ကြာမြှင့်တယ်လို့ အလုပ်သမားအဖွဲ့တွေထံကသိရပါတယ်။

ဒါကြောင့် ဥပဒေပါပြဋ္ဌာန်းချက် ၂နှစ်ကို ၁ နှစ်အထိလျော့ချနိုင်ဖို့ ဥပဒေပြင်ဆင်နိုင်ရေး အလုပ်သမားအဖွဲ့ တွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်တွင်း အလုပ်သမားရေးရာကော်မတီတွေထံ ဆွေးနွေး တိုင်ပင်တာတွေ ရှိပေမယ့် လျော့ချမယ် မလျော့ချဘူးဆိုတဲ့ တိတိကျကျကိုတော့ ပြန်လည်သိရှိရတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အခြေခံလုပ်အားခ ၃၆၀၀ ကနေ၊ ၄၈၀၀ ကိုတိုးမြှင့်ဖို့အတွက်ကိုတော့ အချိန် ၃နှစ်ကျော်ယူကာ ဆွေးနွေးပြီးမှ တိုးမြှင့်သတ်မှတ်နိုင်ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ