ပင်လယ်ပြင်ကို ရေလုပ်သားတွေ မပိုင်ဘဲ ဦးရှင်ကြီးပိုင်ဟု လွှတ်တော်မှာဆွေးနွေး

ဓာတ်ပုံ မူပိုင် Getty Images
Image caption လက်ရှိငါးလုပ်ငန်းဥပေဒကြောင့် ရေလုပ်သားတွေဟာ မကြာခဏ ဖမ်းဆီးထောင်ချခံနေရ

အမျိုးသားလွှတ်တော်မှာ သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ မြန်မာ့ပင်လယ်ပြင်ကြီးကို ရေလုပ်သားတွေ မပိုင်ဘဲ ရေငံပိုင်ဦးရှင်ကြီးကသာ ပိုင်နေပါတယ် လို့ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း ကပြောဆိုဆွေးနွေးခဲ့ပါတယ်။

၁၉၉၀ ခုနှစ်က ရေးဆွဲခဲ့တဲ့ ငါးလုပ်ငန်းဥပဒေဟာ လက်တွေ့ ပင်လယ်ပြင်ရေလုပ်သားတွေဘဝ နဲ့ ကင်းကွာနေပြီးတော့ ဒီဥပဒေပြင်ဆင်ဖို့ ကြိုးပမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေကြမ်းဟာ ဥပဒေချုပ်ရုံးရောက်နေတယ်လို့ သက်ဆိုင်ရာကပြောထားတယ်လို့သူကဆိုပါတယ်။

အစိုးရ သက်တမ်း ၃နှစ်ကျော်လာပြီဖြစ်ပြီး ဥပဒေ ဘယ်အခြေနေ ရောက်နေပြီလဲ ဆိုတာကို ဦးဥက္ကာမင်းက မေးခွန်းမေးရင်း မြန်မာပင်လယ်ပြင်ဟာ ပင်လယ်ငါးဖမ်းရေလုပ်သားတွေမပိုင် ဘဲ ပင်လယ်ပြင်ကိုဦးရှင်ကြီးပိုင် နေပါပြီ လို့ အခုလိုထည့်သွင်းပြောသွားတာပါ။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကတော့ အခုလို ပြောဆိုမှုကို မဖွယ်မရာပြောဆိုမှုလို့ သတ်မှတ်ပြီး၊ နောက်ပိုင်းမှာ အခုလိုပြောဆို ဆွေးနွေးသွားတဲ့ ဦးဥက္ကာမင်းကို သတိပေးခဲ့ပါတယ် ။

ကမ်းနီးလုပ်ကွက်တွေထိ ခိုးဝင်နေတဲ့ ကမ်းဝေးလှေတွေကြောင့် ဒေသခံတွေထိခိုက်နေ

မြန်မာ့ပင်လယ်ထက်က လောင်မြိုက်ဆဲ ငရဲခန်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာနိုင်ငံရဲ့ငါးလုပ်ငန်း ဥပဒေဟာ နှစ်ပေါင်း ၃၀ ခန့်သက်တမ်းရှိနေ

လွှတ်တော်မှာ ဥပဒေကြမ်း ပြင်ဆင်ဖို့ဆိုတာဟာ လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရဝန်ကြီးဌာန တွေက သာပြင်ဆင်ကြပြီး တော့ တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဝန်ကြီးဌာနက ကြီးကြပ်မှုအားနည်းနေလို့ ဒီဥပဒေဟာ ကြန့်ကြာနေတာလို့ လည်း ဦးဥက္ကာမင်းက မေးခွန်း မေးမြန်းဆွေးနွေးမှုမှာ ပြောဆိုဆွေးနွေးသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီဥပဒေဟာ တနင်္သာရီတိုင်း တစ်ခုတည်း အတွက်မဟုတ် မွန်၊ ဧရာဝတီ၊ရခိုင် စတဲ့ကမ်းရိုးတန်းနဲ့ ဆက်စပ်ဒေသတွေ အတွက်လည်း အရေးပါတယ်လို့ သူက ပြောပါတယ် ။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟာ ဒီအဆို ဆွေးနွေးသွားတဲ့ ဦးဥက္ကာမင်းကို စိုက်ပျိုး၊မွေးမြူရေးနဲ့ဆည်မြောင်း ဝန်ကြီးဌာနက ပြန်လည်ဖြေ ကြားမှုအပြီးမှာ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရဲ့လေထု၊မြေထု၊ရေထု ကို အခြေခံ ဥပဒေ တည်ရှိသည့်နေ့တွင် ပါရှိသည့်အတိုင်းအတည်ဖြစ်သည်လို့ပါရှိတဲ့ အတွက် မေးခွန်းပါ ပြောဆိုချက်ကို မှတ်တမ်းက ပယ်ဖျက်ကြောင်းကြေညာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် အမ်ိဳးသားလႊတ္ေတာ္
Image caption ပင်လယ်ပြင် ငါးဖမ်းခြင်းလုပ်ငန်းကို ဥပဒေနဲ့အညီ လုပ်ကိုနိုင်ဖို့ အရေးကြီး

မြန်မာနိုင်ငံရဲ့လက်ရှိ ငါးလုပ်ငန်း ဥပဒေဟာ ၁၉၉၀ ပြည့်နှစ် တပ်မတော် အစိုးရ လက်ထက်က ဥပဒေ ဖြစ်ပြီးတော့ နှစ်ပေါင်း ၃၀ ခန့်သက်တမ်းရှိနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဦးဥက္ကာမင်းက ခေတ်ကာလ အခြေအနေ၊ လုပ်ငန်းအမျိုးအစား၊ ရာသီဥတု၊ နည်းစနစ်တွေနဲ့သင့်တော်မှုမရှိတော့ကြောင်း လက်ရှိတည်ဆဲဥပဒေတွေ အရ ရေလုပ်သားတွေဟာ မကြာခဏ ဖမ်းဆီးထောင်ချခံနေရတာတွေရှိကြောင်း ကိုလည်း ထောက်ပြပြောဆို ဆွေးနွေးသွားပါတယ်။

ဒါကြောင့် ပင်လယ်ပြင်မှာ လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေဟာ မိမိဒေသမှာ ပင်လယ်ပြင် ငါးဖမ်းခြင်းလုပ်ငန်းကို ဥပဒေနဲ့အညီ လုပ်ကိုနိုင်ဖို့ အရေးကြီးတဲ့ အတွက် ဦးဥက္ကာမင်းကို စိုက်ပျိုး၊ မွေးမြူရေး နဲ့ဆည်မြောင်း ဝန်ကြီးဌာနကို ငါးလုပ်ငန်း ဥပဒေ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ဘယ် အချိန်မှာ လွှတ်တော်တင်နိုင်မလဲဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနဘက်ကတော့ ဒီဥပဒေဟာ အရင်အစိုးရလက်ထက်က ဒီဥပဒေကို ဖြည့်စွက် ပြင်ဆင်ပြဌာန်းဖို့ လိုတာကြောင့် ပြန်လည်ရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ထဲအစိုးရသစ် လက်ထက်မှာ ပြန်လည် ပြင်ဆင်ညွှန်ကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဥပဒေကြမ်းအပေါ်ဟိုဘဏ် သဘောထားတောင်းထားဆဲ

ပြန်လည်ပြင်ဆင်ပြီး ပြည်ထောင်စုဥပဒေချုပ်ရုံးသဘောထားရယူပြီးတော့၂၀၁၇ ခုနှစ်မှာ အစိုးရအဖွဲ့ကို တင်ပြရာမှာလည်း ကျစ်လစ်စွာ ပြန်လည်ရေးဆွဲဖို့ ဖြစ်လာပြီး ပြန်လည်ရေးဆွဲ နေတာပါလို့လည်း စိုက်ပျိုးရေး မွေးမြူရေး ဆည်မြောင်း နဲ့ ငါးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးလှကျော် ကပြန်လည်ရှင်းလင်းပြောဆို သွားခဲ့ပါတယ် ။

ဒီဥပဒေ ဟာ ပညာရှင်တွေ အကြံညဏ် ယူပြီးရေးဆွဲခဲ့တဲ့ အကြိမ်အရေအတွက် ဟာ ၁၁ကြိမ် ရှိပြီလို့လည်း ဒုဝန်ကြီးကပြောပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လထဲမှာတော့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းဝေးကို တင်ပြခဲ့ပြီး တော့ စီမံ၊ဘဏ္ဍာ ဝန်ကြီးဌာန သဘောထားမှတ်ချက်တောင်းဖို့ အကြံပေးခဲ့ပါတယ်။ အဲဒီနောက် စီမံ၊ဘဏ္ဍာ က ဗဟိုဘဏ် သဘောထားတောင်းဖို့ ထပ်မံ ပြောခဲ့ပြီး အခု လက်ရှိ ဗဟိုဘဏ် သဘောထားတောင်းထားဆဲ ဖြစ်ပါတယ်လို့ လည်း ဒုဝန်ကြီးကပြောပါတယ်။

ဗဟိုဘဏ်က သဘောထားရရင် ပြည်ထောင်စု အစိုးရအဖွဲ့ထံတင်ပြီး လွှတ်တော်ကို တင်ပြမှာ ဖြစ်တယ်လို့လည်း စိုက်ပျိုးရေး မွေးမြူရေး ဆည်မြောင်း နဲ့ ငါးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးလှကျော် ကပြန်လည်ရှင်းလင်းပြောဆို သွားခဲ့ပါတယ် ။

အမျိုးသားလွှတ်တော်ဥက္ကဌကတော့ မြန်မာပင်လယ်ပြင်ကြီးကို ရေငံပိုင်ဦးရှင်ကြီးကသာပိုင်နေပါတယ် လို့ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း ပြောဆို တာကို မဖွယ်မရာ ပြောဆို ဆွေးနွေးတာလို့ပြောဆိုခဲ့ပြီးတော့ နောက်နောင်လွှတ်တော်အစည်းဝေးများ ပြုလုပ်ရာမှာ နဲ့ မေးခွန်းမေးမြန်းရာမှာ မဖွယ်မရာ ပြောဆိုဆွေးနွေးမှုတွေ မလုပ်ဖို့လည်း သတိပေးသွားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ