လိပ်ကျွန်း လူသတ်မှု - ထိုင်းဘုရင် လွတ်ငြိမ်းခွင့်ကို မျှော်လင့်နိုင်သလား

ဝင်းနဲ့ဇော် ဓာတ်ပုံ မူပိုင် AFP/Getty Images

ထိုင်းနိုင်ငံမှာ မုဒိမ်းမှုနဲ့ လူသတ်မှု ကျူးလွန်သူတွေဟာ ပုံမှန်အားဖြင့် ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မရကြဘူးလို့ ဘီဘီစီ ထိုင်း ဌာနက ပြောပါတယ်။

ထိုင်းရဲ့ အမြင့်ဆုံးတရားရုံးကနေ သြဂုတ်လ ၂၉ ရက်မှာ အယူခံ ရှုံးနိမ့်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့အတွက် ထိုင်း ဘုရင်ဆီကို အသနားခံစာ တင်ဖို့ ရှိပေမဲ့ သူတို့ စီရင်ခံရတဲ့ ပြစ်မှုဟာ ထိုင်းဘုရင်က ပုံမှန်အားဖြင့် လွတ်ငြိမ်းခွင့်မပေးတဲ့ ပြစ်မှု အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။

ထိုင်းဘုရင်က လွတ်ငြိမ်းခွင့် ဘယ်လိုပေးလဲ

မုဒိမ်းမှုနဲ့ လူသတ်မှုတွေ ကျူးလွန်သူ မဟုတ်သူတွေကိုတော့ နေ့ထူးနေ့မြတ်လိုနေ့တွေမှာ ဘုရင်က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလေ့ ရှိပြီး အဲဒီလို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပေးခဲ့တယ်လို့ ဘီဘီစီ ထိုင်းဌာနက အယ်ဒီတာ အစ္စာရိယက ပြောပါတယ်။

ထိုင်းဘုရင်သစ်က ၂၀၁၆ ခုနှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အထဲမှာ ထိုင်းတော်ဝင်မိသားစုကို ထိပါးစော်ကားမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ သူတွေပါ လွတ်ငြိမ်းခွင့် ရခဲ့ပါတယ်။

သေဒဏ်ပေးရင် တကယ်စီရင်သလား

ထိုင်းနိုင်ငံဟာ သေဒဏ် စီရင်မှုကို ဆက်လက် ကျင့်သုံးနေတဲ့ နိုင်ငံ ဖြစ်ပေမဲ့ အမှန်တကယ် သေဒဏ် စီရင်တာကတော့ ရှားပါးပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်းမှာ ထိုင်းမှာ လူ ၃၂၆ ယောက်ကို သေဏ် စီရင်ခဲ့ပါတယ်။

အဲဒီလူတွေထဲက ၃၁၉ ယောက်ကို သေနတ်နဲ့ ပစ်ပြီး သေဒဏ် စီရင်ခဲ့တာပါ။

သေနတ်နဲ့ပစ် သေဒဏ် စီရင်တာကိုတော့ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှာ နောက်ဆုံး စီရင်ခဲ့တာ ဖြစ်ပါတယ်။

ခုနစ်ယောက်ကိုတော့ ဆေးထိုးပြီး သေဒဏ် စီရင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ BANG KWANG ဗဟို အကျဉ်းထောင်က သေဒဏ်စီရင်တဲ့ အဆောက်အအုံ

သေဒဏ် ချမှတ် ခံထားရသူဟာ ၂၀၁၈ ခုနှစ် မတ်လ အထိ အယောက် ၅၁၀ ရှိပြီး သူတို့ကို သေဒဏ်ချခံရမယ်သူတွေထားတဲ့ အကျဉ်းသားအဆောင်တွေမှာ ထားရှိပါတယ်။

၀င်းနဲ့ဇော်အမှုမှာ မြန်မာ အစိုးရက ဘာလုပ်နိုင်သလဲ

အခု ဝင်းနဲ့ဇော် အမှုအပေါ် ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာသံရုံးကပါ ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

သူတို့ အတွက် ထိုင်းဘုရင်ဆီကနေ ပြစ်ဒဏ်လျှော့ပေါ့ပေးတာကို ရဖို့ မျှော်လင့်ပြီး အသနားခံစာ တင်မှာပါ။

" ထိုင်းဘုရင့်ထံကို အသနားခံစာတင်ဖို့ရှိတယ်။ အဲဒီလိုတင်ရင် ပြစ်ဒဏ်ကနေ ကွင်းလုံးမကျွတ်ပေမဲ့လည်း ပြစ်ဒဏ်ကိုလျှော့ပေါ့တာဖြစ်နိုင်တယ်" လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ်က ဝင်းနဲ့ဇော် အမှု နောက်ဆုံး အယူခံရှုံးနိမ့်ပြီး ဆက်လက် လုပ်ဆောင်နိုင်တာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

သူတို့ဟာ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်း မှာ ကမ္ဘာလှည့်ခရီးသွား ဗြိတိန် လူငယ်စုံတွဲ နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး၂၀၁၅ မှာ သေဒဏ်ချမှတ်ခံခဲ့ရခဲ့ပါတယ်။ ၂၀၁၇ မှာ ခရိုင်တရားရုံးနဲ့ အခု ဗဟိုတရားရုံးမှာ နောက်ဆုံးအယူခံ ထပ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

သူတို့အတွက် ထိုင်းဘုရင်ထံကို အသနားခံစာတင်ဖို့ဆိုရင် သူတို့ ကိုယ်စား မြန်မာအစိုးရက တင်ပေးရမှာ ဖြစ်ပါတယ်။

ထိုင်းမှာ သေဒဏ်ဘယ်တုန်းက နောက်ဆုံး စီရင်ခဲ့သလဲ

ထိုင်းနိုင်ငံမှာ နောက်ဆုံး သေဒဏ် စီရင်မှုကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်မှာ လုပ်ခဲ့ပါတယ်။

လူသတ်မှု ကျူးလွန်ခဲ့တဲ့ အသက် ၂၆ နှစ် အရွယ် အမျိုးသားကို ဆေးထိုးပြီး သေဒဏ် စီရင်ခဲ့တာလို့ ထိုင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

သူဟာ ဆေးထိုးပြီး သေဒဏ်စီရင်တဲ့ စနစ်ကို စတင်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကနေ စရင် ခုနစ်ယောက်မြောက် ဆေးထိုး သေဒဏ် စီရင်ခံရသူ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ထိုင်းမှာ ၂၀၀၉ ခုနှစ် နောက်ပိုင်း ပထမဆုံး သေဒဏ် စီရင်မှုလည်း ဖြစ်ပါတယ်။

သူဟာ လူသတ်မှု ကျူးလွန်ချိန် မှာ အသက် ၁၉ နှစ် အရွယ် ရှိပြီး အသက် ၁၇ နှစ် အရွယ် အမျိုးသားကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုတယ်လို့ ဆိုပါတယ်။ သူဟာ သူနဲ့ အရင်ကတည်း ရင်းနှီး ကျွမ်းဝင်ခဲ့တဲ့ အဲဒီ အမျိုးသားကို မိန်းကလေးတစ်ယောက်အတွက် မနာလို ဝန်တိုဖြစ်ပြီး ဓားနဲ့ ၂၄ ချက် ထိုးသတ်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

သူဟာ ၂၀၁၂ ခုနှစ်မှာ လူသတ်မှု ကျူးလွန်ခဲ့တာ ဖြစ်လို့ သူ ပြစ်မှုကျူးလွန်ချိန်နဲ့ သေဒဏ်စီရင်ခံရချိန်ကြားမှာ အချိန် ခြောက်နှစ်ကွာတာကို တွေ့ရပါတယ်။

ထိုင်းဘုရင်က ပုံမှန်အားဖြင့် မုဒိမ်းမှုနဲ့ လူသတ်မှုကို လွတ်ငြိမ်းခွင့်မပေးလို့ မျှော်လင့်ချက်နည်းပေမဲ့ ကြားထဲမှာ ကောင်းမွန်စွာ နေထိုင်မယ်ဆိုရင် ဘုရင့်ရဲ့ ပြစ်ဒဏ်လျှော့ပေါ့တာကို မျှော်လင့်ချက်ထားရှိနိုင်တယ်လို့ ဘီဘီစီထိုင်းဌာနက အစ္စာရိယက ဆိုပါတယ်။

ဝင်းနဲ့ဇော် မိသားစုရဲ့ နောက်ဆုံးမျှော်လင့်ချက်

ကိုဝင်းဇော်ထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုရဲဇော်ထွန်းကတော့ သူတို့ အနေနဲ့ လုပ်နိုင်တဲ့ စွမ်းအား မရှိလို့ အစိုးရက ကူညီပေးဖို့ မျှော်လင့်နေပါတယ်။

ကိုရဲဇော်ထွန်းက သူလည်း ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်ဖူးလို့ ထိုင်းနိုင်ငံ အကြောင်းကို သိတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူက အကောင်းဘက်ကို ၃၀ ရာခိုင်နှုန်းလောက်ပဲ မျှော်လင့်ထားခဲ့တယ်လို့ ပြောပါတယ်။

အခု ကိုဝင်းဇော်ထွန်း နောက်ဆုံး အယူခံ ရှုံးနိမ့်ခဲ့ပေမဲ့ သူတို့ရဲ့ အမေကို စိတ်မဆင်းရဲစေချင်လို့ ဒီသတင်းကို လတ်တလော အသိမပေးသေးဘဲ သူတို့ အမေ တနည်းနည်းနဲ့ သိလာမှသာ သူက ရှင်းပြမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းဘုရင်ဆီကို အသနားခံစာ တင်နိုင်တဲ့ နည်းလမ်းကို မျှော်မှန်းပြီး အခု အယူခံဟာ နောက်ဆုံးအဆင့်မဟုတ်သေးဘူးဆိုပြီး သူက ကိုဝင်းဇော်ထွန်း သေဒဏ်ကနေ လွတ်မြောက်ဖို့ကို မျှော်လင့်နေပါတယ်။