ဘန်ကောက်က စားသောက်ဆိုင်ပိုင်ရှင် သတ်မှု ဖမ်းမိမြန်မာလုပ်သားတွေဖြောင့်ချက်ပေးလို့ ထိုင်းရဲကပြော

Image caption ဘန်ကောက်မြို့၊ရမ်ခမ်ဟင် ၃၉ လမ်း ဧရိယာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ရမ်ခမ်ဟင် ၃၉ လမ်း၊တရုတ်စားသောက်ဆိုင်ပိုင်ရှင်ကို သတ်မှုနဲ့ ထွက်ပြေးနေတဲ့မြန်မာလုပ်သားတွေကိုရဲကဖမ်းမိသွားပြီလို့ ဘန်ကောက်ဝမ်ထောင်လန်မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က ဘီဘီစီကိုအတည်ပြုပြောပါတယ်။

အဲဒီဆိုင်ကထွက်ပြေးသွားတဲ့မြန်မာနိုင်ငံသားအလုပ်သမားတွေဟာ အမျိုးသမီးသုံးယောက်နဲ့ အမျိုးသား လေးယောက်ဖြစ်ပါတယ်။

အဲဒီအထဲကအမျိုးသားသုံးယောက်ဟာသူတို့သတ်တာလို့ဖြောင့်ချက်ပေးကြောင်း၊ဝမ်ထောင်လန်မက်ထရိုပိုလီတန် ရဲမှူးကြီး ဝေါရဖုန်ကပြောပါတယ်။

ဒီဆိုင်ကထွက်ပြေးသွားတဲ့အားလုံးကိုဖမ်းမိတယ်။ဒါပေမယ့်အမျိုးသားသုံးယောက်က၊ဆိုင်ရှင်ဟာသူတို့ကိုနေ့တိုင်းဆဲဆိုဆူပူတာမခံနိုင်လို့သတ်လိုက်တာဆိုပြီးဖြောင့်ချက်ပေးတယ်၊ဒါကြောင့်သူတို့ကိုထောင်ချုပ်ကိုပို့ထားပြီး၊တရားရုံတင်သွားမှာဖြစ်တယ်၊ အမှုအနေအထားအရအမြင့်ဆုံးသေဒဏ်အထိကျခံရနိုင်တယ်လို့ရဲမှူးကြီး ဝေါရဖုန်ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းမှာအလုပ်လုပ်နေတဲ့ မြန်မာလုပ်သားသန်းချီရှိပါတယ်။

ဆိုင်ဝန်ထမ်း အမျိုးသမီး သုံး ယောက်နဲ့အခြားအမျိုးသား တစ်ယောက်ဟာကြောက်ပြီးထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။ တကယ်သူတို့အမှုမှာပါဝင်ပတ်သက်မှုမရှိရင်တော့၊လိုအပ်တဲ့စစ်ဆေးမှုတွေပြီးရင်ပြန်လွှတ်မယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ၂၉ရက်နေ့ညမှာ အလုပ်သမားတွေဟာ အရက်သောက်ရင်းဆိုင်ရှင်နဲ့ရန်ဖြစ်ကြတယ်လို့ရဲတွေကစစ်ဆေးတွေ့ရှိ ရတယ်လို့ဆိုပါတယ်။

မူလပိုင်ရှင်ဆီကနေလုပ်ငန်းကိုစက်တင်ဘာလ ၁ ရက်နေ့ကစပြီးလွှဲပြောင်းယူဖို့အခုသြဂုတ်လ ၂၀ ရက်နေ့ကထဲကဒီစားသောက်ဆိုင်ကိုရောက်လာတဲ့ပိုင်ရှင်အသစ်တရုတ်နိုင်ငံသား ချန်ယီဟိုင်းဆိုသူဖြစ်ပါတယ်။

သေဆုံးသူခေါင်းမှာဒါဏ်ရာတွေရထားပြီး၊အလောင်းအနားမှာသွေးစွန်နေတဲ့ပုလင်းကွဲ ၊သံတုတ်တွေကိုတွေ့ရပြီး၊လည်းပင်းပြတ်ရှဒါဏ်ရာနဲ့သွေးစွန်းနေတဲ့ဓါးတွေကိုသိမ်းဆည်းရမိ တယ်လို့ ဝမ်ထောင်လန်အမှုစစ်ရဲတွေကပြောပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု အယူခံ ရှုံးနိမ့်

ထိုင်းမှာ သေဒဏ်ကျရင် တကယ် စီရင်သလား

ဆက်စပ် အကြောင်းအရာများ