ဗစ်တိုးရီးယားအမှုတရားခွင်မှာ ဘာထူးခြားမှုတွေ ဖြစ်ခဲ့လဲ

အောင်သူရ

ဘီဘီစီ မြန်မာပိုင်း

ဗစ်တိုးရီးယားအမှု ရုံးချိန်းတွေကို စိတ်၀င်စားသူတွေ လာရောက်လေ့ရှိ
Image caption ဗစ်တိုးရီးယားအမှု ရုံးချိန်းတွေကို စိတ်၀င်စားသူတွေ လာရောက်လေ့ရှိ

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ ဗစ်တိုးရီးယားအမှုရဲ့ ငါးကြိမ်မြောက် ရုံးထုတ်မှာတော့ မြန်မာနိုင်ငံက တရားရုံး တရားခွင်တွေမှာ ဖြစ်တောင့်ဖြစ်ခဲ ထူးခြားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒါကတော့ နစ်နာသူ ဗစ်တိုးရီးယားဘက်က လိုက်ပါပေးနေတဲ့ တရားလိုရှေ့နေနဲ့ အစိုးရ ဥပဒေအရာရှိအကြား အမြင်မတူတာ ဖြစ်ခဲ့တာပါ။

အမှုသဘောအရ ပြောရရင် သူတို့ဟာ ဗစ်တိုးရီးယားဘက် တစ်ဘက်တည်းက ဖြစ်ပါတယ်။

အဲဒီရုံးထုတ်မှာ သံသယတရားခံ ရှေ့နေရဲ့ တင်ပြချက်ကို တစ်ဦးက လက်ခံပြီး တစ်ဦးက ကန့်ကွက်ခဲ့တာပါ။ သူတို့နှစ်ဦးအကြား ရုံးတော်ကို မတူညီတဲ့ တင်ပြမှုတွေ ရှိခဲ့တဲ့အတွက် တရားသူကြီးရဲ့ အဆုံးအဖြတ် ယူရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။

နစ်နာသူဘက်က လိုက်ပါ ဆောင်ရွက်ပေးတဲ့ ဥပဒေအရာရှိနဲ့ တရားလိုရှေ့နေအကြား တရားခွင်မှာ သဘောထား ကွဲလွဲလို့ တရားသူကြီးရဲ့ အဆုံးအဖြတ် ခံယူရတာမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် ဖြစ်တယ်လို့ အဲဒီနေ့က တရားခွင်မှာ ရှိနေတဲ့ ရှေ့နေတချို့က ပြောပါတယ်။

"တော်တော်များများတော့ အချင်းမများကြဘူး၊ ဥပဒေအရာရှိက ဦးဆောင်မေးတယ်၊ ပြင်ပရှေ့နေက ဥပဒေအရာရှိရဲ့ ဦးဆောင်မှုနောက်ကပဲ လိုက်ကြတာ" လို့ ဗစ်တိုးရီယားလေးရဲ့အမှု ရုံးချိန်းတိုင်း လာရောက်နားထောင်နေတဲ့ ဝါရင့်ရှေ့နေကြီး ဦးအောင်စိုးဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption ဗစ်တိုးရီးယားအမှုကို နိုင်ငံတကာကပါ စိတ်ဝင်စား

သဘောထားကွဲတာကဘယ်သူတွေလဲ

ဗစ်တိုးရီးယားလေးရဲ့ အမှုမှာ တရားလိုဖက်က လိုက်ပါ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်က ဥပဒေအရာရှိ ဦးကျော်မင်းအောင်ကို တာဝန်ပေးထားပါတယ်။

ဦးကျော်မင်းအောင်ဟာ ရှေ့နေချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံဝန်ထမ်းတစ်ဦးပါ။ဒီအမှုရဲ့ ရုံးချိန်းတိုင်းမှာ သက်သေတွေကိုလည်း ဥပဒေအရာရှိ ဦးကျော်မင်းအောင်ကပဲ တရားလိုဘက်ကနေ စစ်ဆေးနေတာ ဖြစ်ပါတယ်။

"တရားခံအပြစ်ရရေး နံပတ်တစ်ပေါ့၊ တာဝန်အရ ဆိုရင်တော့ တတ်နိုင်သရွေ့ တရားခံ အပြစ်ရရေးပဲ" လို့ ဥပဒေအရာရှိတွေရဲ့ တာဝန်ကို ရှေ့နေကြီး ဦးအောင်စိုးဦးက ရှင်းပြပါတယ်။

တရားလိုဖြစ်တဲ့ ဗစ်တိုးရီးယားရဲ့ မိဘကလည်း ဒီအမှုမှာ သူတို့ဘက်က လိုက်ပါ ဆောင်ရွက်ပေးဖို့အတွက် တရား လွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ငှားရမ်းထားခဲ့ပါတယ်။

တရားခွင်မှာ ဥပဒေအရာရှိ ဦးကျော်မင်းအောင်နဲ့ ဒေါ်ရွက်နုအောင်တို့ တရားရုံးရဲ့ ဘယ်ဖက် ထိုင်ခုံရှည်မှာ တစ်တန်းထဲ အတူထိုင်နေတာကို တွေ့ရပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ရုံးချိန်းမှာ လာရောက်ထွက်ဆိုတဲ့ သက်သေတွေကို တရားလိုဘက်က ဥပဒေအရာရှိ ဦးကျော်မင်းအောင်ကပဲ စစ်ဆေးခဲ့တာပါ။ဒေါ်ရွက်နုအောင်အနေနဲ့ စစ်ဆေးချက်တွေကို မှတ်တမ်းတင်တာပဲ အဓိက လုပ်ဆောင်ပြီး တခါတလေမှာတော့ သက်သေထွက်ဆိုတဲ့ ကလေးမိဘတွေနဲ့ စကားပြောတာကို တွေ့ရပါတယ်။

အခု ငါးကြိမ်မြောက် ရုံးချိန်းမှာ သဘောထားကွဲတာကတော့ ဗစ်တိုးရီးယားဘက်က ရှေ့နေတွေဖြစ်တဲ့ ဦးကျော်မင်းအောင်နဲ့ ဒေါ်ရွက်နုအောင်တို့ ဖြစ်ပါတယ်။

Image caption ဗစ်တိုးရီးယားအမှု ရုံးချိန်း လေးကြိမ်မြောက်မှာ ကလေးအဖေကိုစစ်

ဘယ်နေရာမှာ အမြင်မတူကြတာလဲ

သံသယတရားခံဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ဇော်နဲ့ ဒေါ်စုဒါလီတို့က သက်သေတွေကို တစ်လှည့်စီ စစ်ဆေးတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ငါးကြိမ်မြောက် ရုံးထုတ်မှာ သံသယတရားခံ ကိုအောင်ကြီးရဲ့ရှေ့နေ ဒေါ်စုဒါလီက ဗစ်တိုးရီးယားရဲ့ အဘွားကို စစ်ဆေးပါတယ်။အဲဒီလို စစ်ဆေးတဲ့အခါ ပြီးခဲ့တဲ့ လေးကြိမ်မြောက် ရုံးချိန်းတုန်းက ဗစ်တိုးရီးယားရဲ့ ဖခင် ရုံးတော်ကို တင်သွင်းခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ပြခဲ့ပါတယ်။

အဲဒီလို ဖွင့်ပြပြီး "သမီးကို အနိုင်ကျင့်တဲ့ ကိုကို နှစ်ယောက်ကို ပြပါဦးလို့ မေးတဲ့အခါ ကလေးက ဒီကိုကို နှစ်ယောက်ကို ထပ်ပြတယ်လို့ ပြောရင် မှန်ပါသလား"လို့ ဒေါ်စုဒါလီက မေးတဲ့အခါ အဘွားလုပ်သူက " မှန်ပါတယ် အဲဒီဗီဒီယို ရိုက်တုန်းက ကျွန်မလည်း အနားမှာပဲ ရှိနေတာလေ" လို့ ထွက်ဆိုခဲ့ပါတယ်။

အဲဒီလို အဘွားက ထွက်ဆိုပြီးတဲ့အခါမှာတော့ ဥပဒေအရာရှိ ဦးကျော်မင်းအောင်က အဲဒီဗီဒီယိုဖိုင်ကို ဖွင့်ပြပြီး စစ်ဖို့မပြုဖို့ တရားခွင်မှာ ကန့်ကွက်ပါ တယ်။ ဒေါ်စုဒါလီက ဒီဖိုင် ၂ ဖိုင်ကို ပြီးခဲ့တဲ့ရုံးချိန်းမှာ တရားရုံးက သက်သေခံအဖြစ် လက်ခံထားပြီး ဖြစ်တဲ့အတွက် စစ်ဆေးလို့ ရကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။

Image caption ကလေးငယ်ရဲ့အဘွားဖြစ်သူကို စစ်ဆေးရာမှာ တရားလိုရှေ့နေနဲ့ အစိုးရဥပဒေအရာရှိအကြား အမြင်မတူ

အငြင်းပွားတဲ့ ဗီဒီယိုဖိုင်ကဘာလဲ

ဥပဒေအရာရှိ ဦးကျော်မင်းအောင်ကတော့ ကလေးအဖေ ရိုက်ထားတဲ့ ဖုန်းထဲမှာရှိတဲ့ ဗီဒီယိုဖိုင် ၃ ဖိုင်ထဲက CCTV မှတ်တမ်းကို ကြည့်ပြီး ကလေး ပြောဆိုခဲ့တဲ့ ဖိုင်သာ သက်သေခံ ဝင်ပြီးသားဖြစ်လို့ အဲဒီ ဗီဒီယိုဖိုင်ကိုသာ ပြသပြီး စစ်ဆေးခွင့် ပြုသင့်ကြောင်းနဲ့ သက်သေခံ မဝင်တဲ့ ဗီဒီယိုဖိုင် ၂ ဖိုင်ကို ပြသမေးမြန်းခွင့် မပြုသင့်ကြောင်း တရားသူကြီးထံ လျှောက်လဲခဲ့ပါတယ်။

ဦးကျော်မင်းအောင် ပြောတဲ့ သက်သေဝင်ပြီးသား ဗီဒီယိုဖိုင် ဆိုတာက တရားမစွဲဆိုခင် သမီးငယ်လေးက CCTV မှတ်တမ်းမှာ တွေ့ရတဲ့ ကိုအောင်ကြီးရဲ့ ပုံကို ကြည့်ပြီး ဒီကိုကို လုပ်တာဆိုတာ ပြောခဲ့တာကို ဗီဒီယို ရိုက်ထားတဲ့ဖိုင်ပါ။

အခုတရားရုံးမှာ စစ်မေးတဲ့ ဗီဒီယိုဖိုင်က ကိုကိုညီညီ လုပ်တာလို့ ဗစ်တိုးရီးယားက ညွှန်ပြခဲ့တဲ့ဖိုင် ဖြစ်ပါတယ်။

တရားသူကြီးကတော့ ဒီဖိုင် ၃ ဖိုင်စလုံးဟာ ဖုန်းဟန်းဆက် တစ်ခုထဲမှာ ရှိနေတဲ့အတွက် သီးခြား ထပ်တင်စရာ မလိုဘူးလို့ ပြီးခဲ့တဲ့ တရားခွင်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒေါ်စုဒါလီ အနေနဲ့လည်း ပြီးခဲ့တဲ့ရုံးချိန်းတုန်းက တရားသူကြီး အဲဒီလို မှတ်ချက်ပြုထားတာရယ်၊ ဒီဗီဒီယိုဖိုင် ၃ ဖိုင်ဟာ ဖုန်းဟန်းဆက် တစ်ခုထဲမှာ ရှိနေတာ ဖြစ်သလို့ ဒီဖုန်းဟန်းဆက် ကိုလည်း ရုံးတော်က သက်သေခံအဖြစ် ပြီးခဲ့တဲ့ ရုံးချိန်းမှာ လက်ခံထားပြီး ဖြစ်တဲ့အတွက် ဗီဒီယိုဖိုင် ၂ ဖိုင်ကို ပြသပြီး စစ်ဆေးဖို့ ခွင့်ပြုသင့်ကြောင်း ပြန်လည် လျှောက်ထားခဲ့ပါတယ်။

Image caption စက်တင်ဘာလ ၁၁ ရက်မှာ ကလေးငယ်ကို တရားရုံးမှာ ဗီဒီယို ကွန်ဖရင့်ကနေ စစ်မယ်။

အငြင်းပွားတာတွေကို တရားသူကြီးက ဘယ်လိုဆုံးဖြတ်လိုက်သလဲ

အဲဒီလို သံသယတရားခံ ရှေ့နေနဲ့ ဥပဒေအရာရှိအကြား အပြန်အလှန် အငြင်းပွားနေချိန်မှာပဲ တရားလိုဖက်က လိုက်ပါ ဆောင်ရွက်နေတဲ့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်ကလည်း သူ့ကိုလည်း တင်ပြခွင့်ပြုဖို့ တရားသူကြီးထံ လျှောက်ထားတာ တွေ့ရပါတယ်။

ဒေါ်ရွက်နုအောင်အနေနဲ့ ကျင့်ထုံးဥပဒေအရ ဥပဒေအရာရှိအောက်မှာ လိုက်ပါဆောင်ရွက်နေတဲ့အတွက် သီးခြား အခုလို လျှောက်ထားခွင့် မပြုနိုင်ကြောင်း ဥပဒေအရာရှိက တရားသူကြီးထံ တင်ပြပါတယ်။

ဒါပေမဲ့လည်း တရားသူကြီးကဒေါ် ရွက်နုအောင်ကို လျှောက်လဲခွင့် ပြုခဲ့ရာမှာ ဒေါ်ရွက်နုအောင်က ဒေါ်စုဒါလီ လျှောက်ထားတဲ့အတိုင်း ဗီဒီယိုဖိုင် ၃ ဖိုင်စလုံးဟာ တရားရုံးက သက်သေခံအဖြစ် လက်ခံပြီး ဖြစ်တဲ့အကြောင်း တင်ပြခဲ့ပါတယ်။

အဲဒီလို ဒေါ်ရွက်နုအောင် တင်ပြနေတာကို နားထောင်နေတဲ့ တရားခွင် လာနားထောင်သူ အမျိုးသမီးတစ်ဦးက " ဒီအမှုက ထူးတယ်နော်၊ တရားလို ရှေ့နေနဲ့ တရားခံရှေ့နေတွေက တစ်သဘောထားထဲလိုပဲ" လို့ ပြောပါတယ်။ အသက် ၃၀ အရွယ် အဲဒီအမျိုးသမီးဟာ တရားရုံးချိန်း ၅ ကြိမ်စလုံး တရားရုံးကို လာရောက် နားထောင်တာကို တွေ့ရပါတယ်။

ရှေ့နေနှစ်ဦးနဲ့ ဥပဒေအရာရှိတို့ရဲ့ အပြန်အလှန် လျှောက်လဲမှုကို တရားသူကြီးက နားထောင်ပြီးတဲ့အခါ သံသယတရားခံ ကိုအောင်ကြီးရဲ့ရှေ့နေ ဒေါ်စုဒါလီကို ဗီဒီယိုဖိုင် ၂ ဖိုင် ဖွင့်ပြပြီး အဘွားကို စစ်ဆေးဖို့ ခွင့်ပြုလိုက်ပါတယ်။

ဒီထူးခြားမှုက ဘာကိုပြောတာလဲ

"ဗီဒီယိုဖိုင် ၂ ဖိုင် ဖွင့်ပြပြီး စစ်ဆေးတာကို ကန့်ကွက်ရတာဟာ ရှုပ်ထွေးကုန်မှာ စိုးလို့ပါ" လို့ ဦးကျော်မင်းအောင်က တရားရုံးအပြီး သတင်းထောက် တချို့ကို ပြောခဲ့ပါတယ်။

"ကျွန်မတို့ကတော့ အမှုရဲ့ အမှန်တရား ပေါ်ပေါက်ဖို့အတွက် ရှေးရှုပါတယ်၊ ဒါကြောင့် ဘယ်လို အချက်အလက်မျိုးပဲ ဖြစ်ဖြစ် ရုံးတော်ရှေ့ကို ရောက်လာတဲ့ အခြေအနေမျိုးမှာ တင်ပြခွင့် ရှိရမယ် ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပါတယ်" လို့ ရှေ့နေဒေါ်ရွက်နုအောင်က ဆိုပါတယ်။

အခုလို အမြင်ချင်း မတူကြလို့လည်း တရားလိုဖက်က လိုက်ပါဆောင်ရွက်သူ နှစ်ဦးအကြား သဘောထား ကွဲလွဲခဲ့ကြတာ ဖြစ်ပါတယ်။ဒီလို သဘောထား ကွဲလွဲခဲ့ကြပေမဲ့လည်း နောက်ဆုံးမှာတော့ တရားသူကြီးရဲ့ အဆုံးအဖြတ်ကို အားလုံးက လက်ခံခဲ့ကြပါတယ်။

အခုလို တရားရုံးမှာ ဥပဒေအရာရှိနဲ့ တရားလိုရှေ့နေအကြား အမြင်သဘောထား မတူခဲ့တာကို မြင်ခဲ့ရတဲ့ ရှေ့နေကြီး ဦးအောင်စိုးဦး ကတော့ "တရားစီရင်ရေးစနစ်ကြီး တစ်ခုလုံး စဉ်းစားသုံးသပ်ရမယ့် အချက်တစ်ချက် ပေါ်လာတယ်၊ သင်ခန်းစာ ရတယ်၊ လေ့လာစရာ ရတယ်၊ တရားလို့ရှေ့နေနဲ့ ဥပဒေအရာရှိ လုပ်ပိုင်ခွင့်ဟာ conflict ဖြစ်လာရင် တရားမျှတမှုက ဘယ်လောက်ထိ မျှတနိုင်မလဲပေါ့၊ စဉ်းစားစရာ ဖြစ်လာတယ်" လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ