ကျိုင်းတုံဆွေးနွေးပွဲ ရှမ်းမြောက်နဲ့ ရခိုင်တိုက်ပွဲရပ်ရေး သဘောတူချက်မရ

တိုက်ပွဲဖြစ်နေတဲ့ ကွတ်ခိုင်က စစ်ဘေးရှောင်စခန်းတစ်ခု ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုက်ပွဲဖြစ်နေတဲ့ ကွတ်ခိုင်က စစ်ဘေးရှောင်စခန်းတစ်ခု

ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမှာ သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ အကြား တွေ့ဆုံဆွေးနွေးပွဲဟာ ရခိုင်နဲ့ ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေး သဘောတူချက် မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာတော့ လာမယ့် စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ရက်မှာ ထပ်ပြီးတွေ့ဆုံမယ်လို့ သဘောတူထားတယ်လို့ ဖော်ပြထားပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ အပစ်ရပ်ဆွေးနွေးပွဲတွေ လုပ်နေချိန်အထိ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ရာမှာ ကွတ်ခိုင်မြို့က အရပ်သား နေအိမ်ပေါ် လက်နက်ကြီး ကျခဲ့ပြီး လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ၅ ဦး သေဆုံးခဲ့ပါတယ်။

မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေက ရှမ်းမြောက်နဲ့ ရခိုင် တိုက်ပွဲရပ်ရေးအတွက် သူတို့ခေါင်းဆောင်တွေကို တင်ပြရဦးမယ်လို့ ပြောဆိုခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ကွတ်ခိုင်မှာ လက်နက်ကြီး ကျလို့ လသားကလေးနဲ့မိခင်အပါအဝင် ၅ ဦးသေဆုံး

ရခိုင် မြောက်ပိုင်း တိုက်ပွဲ ပြင်းထန်၊ ရန်ကုန်-စစ်တွေလမ်းပိတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အရပ်သားသေဆုံးမှုတွေ တိုးလာသလို စစ်ရှောင်သူတွေလည်း တိုးလာနေပါတယ်။

ကျိုင်းတုံ ဆွေးနွေးပွဲမှာ အခုရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့အတွက် တိကျတဲ့ သဘောတူညီချက် မရခဲ့သလို မြန်မာ့ တပ်မတော်ဘက် ကိုယ်စားပြုပြီး လာရောက် ဆွေးနွေးတာ မရှိဘူးလို့လည်း ကျိုင်းတုံဆွေးနွေးပွဲ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နောက်ဆွေးနွေးပွဲတွေကို ဝဒေသ ပန်ဆန်းမှာ လုပ်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က အဆိုပြုထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီဆွေးနွေးပွဲကနေ တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ မြောက်ပိုင်းအဖွဲ့က ဆွေးနွေးခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့ဝင် အေအေရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ကျိုင်းတုံဆွေးနွေးပွဲဟာ ရလဒ်ကောင်းတယ်လို့ ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက မိုင်းလားကနေ ဆွေးနွေးပွဲ လုပ်တဲ့နေရာကို ဆွေးနွေးပွဲ ကျင်းပတဲ့နေ့မှာ လာရောက်ကြတာ ဖြစ်ပါတယ်။

မိုင်းလားဒေသက အသိအမှတ် ပြုထားတဲ့ ကားလိုင်စင်နံပါတ်တွေနဲ့ အတူ ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲကို ကျိုင်းတုံမြို့တွင်းက ဒေသခံတွေကလည်း စိတ်ဝင်တစား ရှိကြတာ တွေ့ရတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ကွတ်ခိုင်မှာ ကားအချို့အပစ်ခံရပြီး ကွတ်ခိုင်လမ်းပိုင်း ပြန်ပိတ်

ဓာတ်ပုံ မူပိုင် နှလုံးလှ ပရဟိတ
Image caption သြဂုတ်လ ၂၉ ရက်နေ့ က မူဆယ်နားမှာ မီးရှို့ခံရတဲ့ ကုန်ကားတစ်စီး

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ သြဂုတ်လ ၃၁ ရက် မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သြဂုတ်လ ၃၁ ရက် မနက် အစောပိုင်းကတည်းက ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်တွေမှာပါ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး မသန်စွမ်း ကျောင်းက ကလေးငယ်တွေကို ဘေးလွတ်ရာ ခေါ်ထုတ်ပြီး တိမ်းရှောင်နေကြရတယ်လို့ ကျောင်းတာဝန်ခံ ဒေါ်မိုင်းမိုင်းက ဘီဘီစီကို ပြောပါတယ်။

"မနက်ကတည်းက ကျောင်းနားမှာပါ တိုက်ပွဲတွေ ဖြစ်နေလို့ ကလေးတွေကို လွတ်တဲ့ဆီ ပို့ထားရတယ်၊ ကချင်ဘုရားကျောင်းနားမှာတော့ လက်နက်တွေ ကျလာတယ်လို့ သိရတယ်၊ ကလေးတွေကိုတော့ ကွတ်ခိုင်မြို့ထဲက ဘုရားကျောင်းမှာ သွားပို့ထားတယ်၊ အခုကတော့ ကွတ်ခိုင်တစ်မြို့လုံး ဘယ်နေရာမှ လုံခြုံတယ်လို့ မရှိတော့ဘူး"လို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို ဒေါ်မိုင်းမိုင်းက ပြောပြပါတယ်။

ကွတ်ခိုင်ဈေးလည်း ပိတ်ထားပြီး လမ်းတွေပေါ်မှာ လူသွားလူလာ မရှိဘဲ ဖြစ်နေပါတယ် ။

"ကျမတို့ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ် တိုက်ခိုက်တာတွေကို မလုပ်ပါကြနဲ့။လက်နက်ကြီးတွေ ပရမ်းပတာ ပစ်တော့ ပစ်မှတ်လွဲပြီးမှ ကျရင်လည်း အခုလိုပဲ ပြည်သူတွေပဲ ထိခိုက်ရတယ်။ အခုငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့နေရာမှာ သဘောထားပြည့်ဝစွာနဲ့ ပြည်သူတွေကို ကြည့်ပါ။ ကိုယ့်အမေ ကိုယ့်မိန်းမ ကိုယ့်ကလေး ကိုယ့်ညီမဆိုတဲ့ မျက်နှာကို ကြည့်ပြီးမှ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လုပ်ကြပါ။ အကုန်လုံးက လူသားတွေပါပဲ" လို့ ဒေါ်မိုင်းမိုင်းက သူ့ရဲ့သဘောထားကို ပြောပြပါတယ်။

ရှမ်းမြောက်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် တစ်ပတ်ကျော်ကာလမှာပဲ စစ်ဘေးရှောင် ပြည်သူ ငါးထောင်ကျော် ရှိခဲ့ပြီး စစ်ရှောင် အရေအတွက် ထပ်တိုးလာနေသလို အရပ်သားသေဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

Image caption ကျိုင်းတုံဆွေနွေးပွဲ တိုက်ပွဲတွေမရပ်နိုင်

မြန်မာတပ်မတော် အပစ်ရပ်သက်တမ်းထပ်တိုး

မြန်မာတပ်မတော်က စစ်တိုင်းကြီး ၅ တိုင်းမှာ အပစ်ရပ်ထားတဲ့ အပစ်ရပ်ကာလကို လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့အထိ သက်တမ်း ထပ်တိုး လိုက်တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ဟာ သက်တမ်းတိုးထားတဲ့ အပစ်ရပ်ကာလ နောက်ဆုံးနေ့ ဖြစ်ပြီး နောက်ထပ် ၂၁ ရက် တပ်မတော်ဘက်က ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

တပ်မတော်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေ တို့မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ၊ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ အထိ၊ နောက် ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ သြဂုတ်လ ၁၅ ရက်နေ့က စတင်လာခဲ့တာ ဖြစ်ပြီး လားရှိုး မူဆယ် လမ်းပိုင်းမှာ သြဂုတ်လ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက်ဆက်တိုက် အရပ်ဘက် ကုန်ကားနဲ့ ခရီးသည် ကား ၆ စီး မီးရှို့ခံထားရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ စတင်ခဲ့တဲ့ ပြင်ဦးလွင် နောင်ချို တိုက်ခိုက်မှုကြောင့် တပ်မတော်အရာရှိ၊ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အရပ်သား ၂ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း၊ တပ်မတော်သား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံးနေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။