လိပ်ကျွန်းအမှုက သေဒဏ်သတ်မှတ်ခံထားရတဲ့ ဝင်းနဲ့ဇော် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အမြန်ဆုံး အသနားခံစာတင်မယ်

ဝင်းနဲ့ဇော် ပြစ်ဒဏ်လျော့ဖို့ အမြန်ဆုံး အသနားခံစာတင်မယ် ဓာတ်ပုံ မူပိုင် MLADEN ANTONOV/AFP/Getty Images
Image caption ဝင်းနဲ့ဇော် ပြစ်ဒဏ်လျော့ဖို့ အမြန်ဆုံး အသနားခံစာတင်မယ်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့ဟာ လိပ်ကျွန်းလူသတ်မှုက သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့က ဘန်ခဝမ်ဗဟိုအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဟာ ထောင်ညွှန်ကြားရေးမှူး နဲ့လည်း တွေ့ဆုံခဲ့ပြီး အသနားခံစာကိစ္စကိုဆွေးနွေးရာမှာပြစ်ဒဏ်လျှော့ပေါ့ရေးမှာ မျှော်လင့်ချက်ရှိတယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောပါတယ်။

'' ဝင်းနဲ့ဇော်က သံအမတ်ကြီးကိုယ်တိုင်သွားတွေ့တဲ့အပေါ်ရော ပြီးခဲ့တဲ့ရက်က ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့သွားတွေ့တဲ့အပေါ် မြန်မာနိုင်ငံအစိုးရနဲ့ လူကြီးတွေကိုယ်တိုင်သွားတွေ့ပြီးဆောင်ရွက်ပေးနေတာသိရလို့ ပျော်ရွှင်နေကြတာကိုတွေ့ရတယ်''လို့ ရှေ့နေ ဦးအောင်မျိုးသန့် ကပြောပြပါတယ်။

ဒါ့အပြင် ဝင်းနဲ့ဇော်တို့ရဲ့ မိဘတွေနဲ့လည်း တွေ့ဆုံနိုင်ဖို့စီစဉ်နေပြီး မိဘတွေနဲ့တွေ့ဆုံနိုင်ရေးကို ထောင်ညွှန်မှူးကလည်း ဆောင်ရွက်ပေးမယ်လို့ သံအမတ်ကြီးကိုပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း သတ္တမအကြိမ်မြောက်၊ထိုင်း -မြန်မာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးတက်ရောက်ဖို့ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့ ကိုရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အစိုးရအိမ်တော်မှာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယွတ် ချန်အိုချာနဲ့ တွေ့ဆုံရာမှာ ဝင်းနဲ့ဇော်တို့ကိစ္စကိုထည့်သွင်းတောင်းဆိုခဲ့တယ်လို့လည်း တပ်မတော်ကသတင်းထုတ်ပြန်ခဲ့ ပါတယ်။

ဒီခရီးစဉ်မှာအတူပါလာတဲ့ (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမြထွန်းဦး ကလည်း စက်တင်ဘာ ၃ရက်နေ့မှာ ဘန်ခဝမ်အကျဉ်းထောင်ကိုသွားပြီး ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းကို တွေ့ဆုံပြီးသူတို့အတွက်အစိုးရဘက်ကရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပါ ထိုင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးကူညီဆောင်ရွက်ပေးဖို့ပြောထားကြောင်းသူတို့ကိုအားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။

'' ဝင်းနဲ့ဇော်ကတော့ သူတို့ကိုမြန်မာနိုင်ငံကထောင် ကိုပြောင်းပေးဖို့ကိစ္စပြောတယ်။သံအမတ်ကြီးကတော့ လောလောဆယ် သေဒဏ်ကနေလျော့သွားဖို့အသနားခံတဲ့ကိစ္စ အရင်ဆောင်ရွက်နေတယ်။ ပြီးရင် နှစ်နိုင်ငံဆောင်ရွက်လို့ ရနိုင်တာတွေကို ဆက်ပြီးဆောင်ရွက် ပေးမယ်လို့ ဝင်းနဲ့ဇော်တို့ကို အားပေးစကားပြောခဲ့တယ်''လို့ ရှေ့နေဦးအောင်မျိုးသန့်ကပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်နဲ့ ရှေ့နေ ဦးအောင်မျိုးသန့်တို့ အဖွဲ့ဟာဒီကနေ့ စက်တင်ဘာ ၅ရက်နေ့ ထိုင်းစံတော်ချိန်မနက် ၉ နာရီခွဲကနေ ၁၀ နာရီခွဲအထိကို ဝင်းနဲ့ဇော်ကိုတွေ့ဆုံခွင့်ရတဲ့အပြင် ထောင်ညွှန်မှူးနဲ့ပါ ဆွေးနွေးနိုင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ ထိုင်းရှေ့နေများကောင်စီနဲ့ သံအမတ်ကြီးဦမျိုးမြင့်သန်းနဲ့ သံရုံးတာဝန်ရှိ တချို့တွေ့ဆုံပြီး အသနားခံစာအမြန်ဆုံးတင်နိုင်ဖို့ဆောင်ရွက်ကြဖို့ရှိတယ်လို့လည်းသိရပါတယ်။

ဆက်စပ် အကြောင်းအရာများ