ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နိုင်တယ်လို့ဆို

မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ရတဲ့ ကျောရိုးရှိ ပင်လယ်နေ တွားသွား သတ္တဝါ ကျောက်ဖြစ် ရုပ်ကြွင်း ဓာတ်ပုံ မူပိုင် Dr Khaing Khaing San
Image caption ကျောရိုးရှိ ပင်လယ်နေ တွားသွား သတ္တဝါ ကျောက်ဖြစ် ရုပ်ကြွင်း

ကမ္ဘာမှာ သက်တမ်း အရင့်ဆုံး ဖြစ်နိုင်တဲ့ ကျောရိုးရှိ ပင်လယ်နေ တွားသွား သတ္တဝါ ကျောက်ဖြစ် ရုပ်ကြွင်းကို မြန်မာနိုင်ငံ လားရှိုးမြို့မှာ တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရင်က ကျောက်ဖြစ်ရုပ်ကြွင်းတွေ အများကြီး တွေ့ခဲ့ဖူးပေမဲ့ ကျောရိုးရှိ ပင်လယ်နေ တွားသွားသတ္တဝါရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း ကိုတော့ အခုမှ ပထမဆုံး တွေ့ခဲ့တာဖြစ်ပါတယ်။

လားရှိုးမြို့ အနောက်ဘက် ရဲဘော်ဟောင်း ကျောက်တောင်ကနေ ပြီးခဲ့တဲ့ နှစ်က တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကို ပြည်တွင်း၊ပြည်ပ ပညာရှင်တွေ တစ်နှစ်ကျော် သုတေသန ပြုခဲ့ပြီး အခုလို ကျောရိုးရှိတဲ့ ပင်လယ်နေ တွားသွား သတ္တဝါ ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်ပြီး ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ဖြစ်နိုင်တယ်လို့ သုတေသန လုပ်သူတွေက ပြောတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Dr Khaing Kgaing San
Image caption ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ခဲ့တဲ့တောင်

မန္တလေး ရတနာပုံ တက္ကသိုလ် ဘူမိဗေဒ ဌာနက ပါမောက္ခ ဒေါက်တာ ခိုင်ခိုင်စန်းနဲ့ ယူကေ နိုင်ငံ အီဒင်ဘာရာ တက္ကသိုလ်က ပညာရှင်တွေ ပူးပေါင်း သုတေသန ပြုလုပ်ခဲ့ကြရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၁၀ နဲ့ သန်း ၂၅၀ ကြား သက်တမ်းရှိ ရုပ်ကြွင်းဖြစ်ကြောင်းနဲ့ ပါချီပလူရိုဆော Pachypleurosaur မျိုးရင်း ဖြစ်တယ်လို့ သိရှိ လာရပါတယ်။

ဓာတ်ပုံ မူပိုင် Dr Khaing Khaing San
Image caption မြန်မာနိုင်ငံမှာ အရင်က မတွေ့ခဲ့ဖူးသေးတဲ့ ပါချီပလူရိုဆော Pachypleurosaur မျိုးရင်း ကျောက်ဖြစ်ရုပ်ကြွင်း

အခုလေ့လာခဲ့တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းက ဒိုင်နိုဆောနဲ့ Phylum မျိုးပေါင်းစုနဲ့ Class မျိုးပေါင်းတူပြီး Order ဆိုတဲ့ မျိုးစဉ် မတူဘူးလို့ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ရရှိသူ ပါမောက္ခ ဒေါက်တာ ခိုင်ခိုင်စန်းက ပြောပါတယ်။

သူရရှိခဲ့တဲ့ အရွယ်အစား တစ်ပေ ကျော်လောက် ရှိတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းမှာ ဦးခေါင်း၊ ခြေလက် အပြည့်အစုံပါပေမဲ့ အမြီးတော့ မပါရှိပါဘူး။

ဓာတ်ပုံ မူပိုင် Dr Khaing Khaing San
Image caption သုတေသီ ဒေါက်တာ ခိုင်ခိုင်စန်းက ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနက ပါမောက္ခပါ

၂၀၁၈ ခုနှစ် မတ်လက လားရှိုးက ရဲဘော်ဟောင်း ကျောက်တောင်ကနေ ကျောက်ဖြစ် ရုပ်ကြွင်းတစ်ခု ရထားတယ်လို့ သိရလို့ သွားကြည့်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ သုတေသနပြုလုပ်ဖို့ တွေ့ရှိသူ ဆီကနေ အလှူခံခဲ့တာလို့ သုတေသီ ဒေါက်တာ ခိုင်ခိုင်စန်းက ပြောပါတယ်။

အဲဒီနောက် လွန်ခဲ့တဲ့ ၄ နှစ် တုန်းကလည်း ဒီလို အကောင်မျိုး တွေ့ခဲ့ဖူးတာ ရှိတယ်၊ အဲဒါကို လားရှိုးမြို့က ရှမ်းပြည်နယ် ယဉ်ကျေးမှု ပြတိုက်မှာ ပြထားတယ်လို့ သိရလို့ သွားကြည့်ပြီး နှစ်ကောင်စလုံးကို သုတေသန လုပ်ခဲ့တာလို့ သူက ပြောပါတယ်။

နှစ်ကောင်စလုံးက နှစ်ပေါင်း သန်း၂၀၀ ကျော် သက်တမ်းရှိတာချင်း တူပြီး မျိုးရင်းလည်း တူတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Dr Khaing Khaing San
Image caption လားရှိုးမြို့က ရှမ်းယဉ်ကျေးမှု ပြတိုက်မှာ ပြသထားတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကို လွန်ခဲ့တဲ့ ၄ နှစ်က တွေ့ခဲ့

မြန်မာနိုင်ငံမှာ အခု တွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေက ကမ္ဘာမှာ အသက် အကြီးဆုံး ဖြစ်နိုင်ခြေရှိတဲ့ အတွက် ကျောက်ဖြစ်ရုပ်ကြွင်းရဲ့ မူလ အစ ရင်းမြစ်ကို သိရှိနိုင်ဖို့ လေ့လာရာမှာ အများကြီး အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဒေါက်တာ ခိုင်ခိုင်စန်းက ပြောပါတယ်။

လောလောဆယ် ရရှိထားတဲ့ ရုပ်ကြွင်း နှစ်ခုကို လေ့လာမှုအရ မျိုးရင်းပဲ တိတိကျကျ ပြောနိုင်သေးပြီး မျိုးစု၊ မျိုးစိတ် တွေ ထပ်ခွဲဖို့ လိုသေးတယ်၊ ဒီလို ခွဲနိုင်ဖို့က နောက်ထပ် အကောင်တွေ အများကြီး ထပ်ရဖို့ လိုတယ်၊ ဒါမှသာ တိကျတဲ့ အမျိုး ခွဲမှု လုပ်နိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လားရှိုးမြို့က ရှမ်းယဉ်ကျေးမှု ပြတိုက်မှာ ပြသထားတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကို လွန်ခဲ့တဲ့ ၄ နှစ်က တွေ့ခဲ့

အလားတူ ကျောက်ဖြစ် ရုပ်ကြွင်းတွေကို ဥရောပ နိုင်ငံ အတော်များများမှာ တူးဖော်ရရှိခဲ့ဖူးပြီး ဆွစ်ဇာလန်မှာ သက်တမ်းတူ ကျောက်ဖြစ်ရုပ်ကြွင်း ၁၀၀ ကျော် တွေ့ခဲ့ပြီး တရုတ် အနောက်တောင်ပိုင်း ယူနန်နဲ့ ဂွမ်ဂျိုးမှာ လည်း ရာနဲ့ချီ တွေ့ခဲ့ဖူးတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အရင်က ကျောရိုးမဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ အများကြီး တွေ့ခဲ့ဖူးပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၈၀ ကျော်က သန္တာကောင်မျိုးတွေလည်း တွေ့ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တခါမှ မတွေ့ခဲ့ဖူးသေးတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကို တွေ့ခဲ့တာ ဖြစ်လို့ ကမ္ဘာ သိအောင် ချပြချင်တဲ့ ဆန္ဒ ပါမောက္ခ ဒေါက်တာ ခိုင်ခိုင်စန်းမှာ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Dr Khaing Khaing San
Image caption အခုနောက်ဆုံးတွေ့ခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာန ပြတိုက်မှာထားရှိ

ကမ္ဘာ့ အဆင့်မီ သုတေသန ဂျာနယ်မှာ ပါမှ ကမ္ဘာ သိမှာ ဖြစ်လို့ ကိုယ်တိုင်က ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင် ဖြစ်တဲ့ ဒေါက်တာ ခိုင်ခိုင်စန်းက ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်း သုတေသန လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး တရုတ်နိုင်ငံက ပညာရှင်တွေကို သုတေသန အတူလုပ်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ စိတ်ဝင်စားမှု မပြဘဲ အကြောင်း မပြန်ခဲ့လို့ ယူကေနိုင်ငံ အီဒင်ဘာရာ တက္ကသိုလ်က သုတေသီတွေကို ဆက်သွယ်တော့ သူတို့ စိတ်ဝင်စားပြီး အတူ သုတေသန လုပ်ခဲ့တာလို့သူက ဆိုပါတယ်။

အခုတော့ ပါချီပလူရိုဆော မျိုးရင်းဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တယ်လို့ သိရှိရပြီးနောက် မျိုးစု၊ မျိုးစိတ် တွေကိုပါ ဖော်ထုတ် သိရှိနိုင်အောင် နောက်ထပ် ကျောက်ဖြစ်ရုပ်ကြွင်းတွေ မြန်မာ နိုင်ငံမှာ များများ ရှာဖွေ တွေ့ရှိနိုင်ဖို့ ဒေါက်တာ ခိုင်ခိုင်စန်းက မျှော်လင့် နေပါတယ်။

ဆက်စပ် အကြောင်းအရာများ