ဘူးသီးတောင် ဥယျာဉ်သာရွာ မီးလောင်မှု ဆန်နဲ့ ကျွဲနွားတွေပါ ဆုံးရှုံးခဲ့တယ်လို့ဆို

ဥယျာဉ်သာရွာ မီးလောင်မှု ဓာတ်ပုံ မူပိုင် Shin Htwe Khine
Image caption ဥယျာဉ်သာရွာ မီးလောင်မှု

တပ်မတော်နဲ့ ရခိုင်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မြို့နယ်က ဥယျာဉ်သာရွာမှာ စက်တင်ဘာလ ၄ ရက် မီးလောင်မှုကြောင့် အိမ်တွေ ဆုံးရှုံးခဲ့တဲ့ အပြင် ဆန်စပါးနဲ့ ကျွဲ၊နွားတွေပါ ဆုံးရှုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ရွာသားတချို့က ဒီမီးလောင်မှုဟာ တပ်မတော်က ရှို့တာလို့ စွပ်စွဲထားပေမယ့် တပ်မတော်ကတော့ ငြင်းဆိုထားပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ဥယျာဉ်သာရွာအနီး လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး နေ့လယ် ၂ နာရီလောက်မှာ ရွာထဲက အိမ် ရှစ်လုံးလောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဥယျာဉ်သာရွာက ဒေါ်ဦးဆန်းယဉ်ကပြောပါတယ်။

ဥယျာဉ်သာရွာဟာ အိမ်ခြေ ၅၀ လောက်ပဲ ရှိတဲ့ ရွာတစ်ရွာ ဖြစ်ပြီး ရွာသားတွေ ထွက်ပြေး ရောက်ရှိနေတဲ့ ရွာတွေကနေ အဲဒီရွာ မီးလောင်မှုကို မီးတောက်တွေနဲ့ မီးခိုးလုံးတွေ လှမ်းမြင်ရတယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။

"ကျွန်မတို့ရွာ မီးရှို့တာက တိုက်ပွဲလည်းမဖြစ်ဘဲ စစ်တပ်က လာရှို့တာပါ။ အဲ့ဒီအချိန်မှာ ကျွန်မတို့ရွာနားက ဆင်သည်ပြင်ရွာမှာ ကုလားတွေ လေးငါးယောက်လောက် ရှိနေပါတယ်။ သူတို့မြင်ခဲ့တာပါ။ ကျွန်မတို့က သူတို့ပြောပြလို့ သိရတာပါ"လို့ ဒေါ်ဦးဆန်းယဉ်ကပြောပါတယ်။

အဲ့ဒီရွာ အနီးဝန်းကျင်မှာ အခုလ အစောပိုင်းက တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး သုံးရက်လောက် အကြာမှာ အခုလို ရွာမီးရှို့ ခံလိုက်ရတာလို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အပါအဝင် မြို့နယ်တချို့မှာ တပ်မတော်နဲ့ အေအေ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေ

တပ်မတော်ဘက်ကတော့ ဥယျာဉ်သာရွာ မီးလောင်မှုဟာ အေအေနဲ့ တပ်မတော်တို့အကြား စက်တင်ဘာလ ၂ ရက်မှာ စတင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည် ကျပြီး မီးလောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

အေအေဘက်က သူတို့သတင်းတွေကို မရရှိအောင် ဆင်သည်ပြင် မွတ်ဆလင်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် အဲ့ဒီရွာသားတွေဟာ ခေါင်းတိုက်ရွာကို ထွက်ပြေးခဲ့ကြပြီး နောက်တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ လုပ်တယ်။ ၄ ရက်နေ့ ညနေ ၄ နာရီလောက်ကျမှ ရွာကို ရှင်းပြီးတော့ အလောင်း ၅ လောင်း ရတယ်။ မြှုပ်ထားတဲ့ မြေပုံတွေကိုလည်း တွေ့တယ်။ အေအေအဖွဲ့က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အုတ်တံတိုင်းတွေကနေ ပြီးတော့ ကျွန်တော်တို့တပ်တွေကို ခံပစ်တာ။ သူပစ် ကိုယ်ပစ် ပစ်ကြတဲ့အခါမှာ သူတို့ပစ်တဲ့ ဟာကြောင့် လောင်ချင် လောင်မှာပေါ့"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

မီးလောင်သွားတဲ့ ဥယျာဉ်သာကျေးရွာဟာ အဆောက်အအုံ ကောင်းကောင်း မရှိကြောင်းနဲ့ ရွာစပ် အပြင်ဘက်က နေအိမ်တွေ မီးလောင်သွားတာ ဖြစ်တယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။

အဲ့ဒီရွာသားတွေက နေအိမ်တွေအပြင် စိုက်ထားတဲ့ စပါးခင်းတွေ၊ ကျွဲနွားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်ခွာ ထွက်ပြေးလာခဲ့ကြတာ ဖြစ်တဲ့အတွက် နေအိမ်တွေ မီးရှို့ခံလိုက်ရတဲ့အတွက် နေထိုင်စရာ မရှိတော့ပေမယ့် ဘယ်လိုပဲ နေရနေရ ရွာကိုပြန်ပြီး သွားနေချင်တယ်လို့ အဲဒီရွာသား ဦးအောင်သိန်းက ပြောပါတယ်။

စက်တင်ဘာ ၄ ရက် နဲ့ ၅ ရက်နေ့ မနက်တွေမှာ မီးခိုးတွေ၊ မီးတောက်တွေ ထွက်လာတာ တွေ့ပြီး ဘယ်သူတွေ မီးရှို့သလဲ ဆိုတာနဲ့ အိမ်ခြေ ဘယ်လောက် မီးလောင်သွားတယ် ဆိုတာကိုတော့ အတိအကျ ပြောလို့မရဘူးလို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဥယျာဉ်သာ၊ ဆင်သည်ပြင်၊ ကန်ပြင်၊ စပါးထား၊ ခေါင်းတိုက်ကျေးရွာတွေ အနီးက တောင်ကြောမှာ အေအေအဖွဲ့ ရှိနေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

အဲ့ဒီရွာတွေကို အခြေခံပြီးတော့ ရိက္ခာတွေ လာရောက်ယူတာတွေ ရှိနေလို့ ရွာသားတွေကို နှင်ထုတ်လိုက်တာ ဖြစ်တယ်လို့ တပ်မတော်ကပြောပါတယ်။

ဒါ့အပြင် ဒီဒေသတွေကို စစ်ဆင်ရေးနယ်မြေ သတ်မှတ်ပြီး စစ်ဆင်ရေး လုပ်နေတာဖြစ်လို့ တပ်မတော်က ရန်သူသတင်း ရတဲ့နေရာကို သွားလာခွင့် ရှိတယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ဥယျာဉ်သာရွာအပြင် သရက်ပြင် ကျေးရွာအုပ်စုအတွင်းက အလယ်ချောင်းကျေးရွာဟာ ရွာလုံးကျွတ် မီးလောင်ခဲ့ပြီး သျှသျှားတောင်ကျေးရွာက အိမ်တစ်လုံး၊ နွားရုံတောင်ရွာမှာ အိမ်လေးလုံး မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ ဥယျာဉ်သာရွာအပြင် အဲ့ဒီကျေးရွာအုပ်စုက နွားရုံတောင်၊ စံဂိုးတောင်၊ သျှသျှားတောင်၊ ဆင်သည်ပြင်၊ ခေါင်းတိုက်စတဲ့ ရွာတွေက ရွာသားတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီး ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရောက်ရှိ ခိုလှုံနေကြပါတယ်။

ဒါ့အပြင် မြေပုံမြို့နယ်မှာလည်း အခုလို ရွာမီးရှို့ ခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။