မဘသကို ငွေလှူတာ ဝေဖန်လို့ တပ်က တရားစွဲ

၅၀၅ (ခ)နဲ့တပ်က အမှုဖွင့် ဓာတ်ပုံ မူပိုင် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် FB
Image caption ၅၀၅ (ခ)နဲ့တပ်က အမှုဖွင့်

တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုမှုနဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကို အရေးယူပေးဖို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တပ်မတော်က ဦးတိုက်လျှောက် တိုင်တန်းထားပါတယ်။

တိုင်ကြားထားသူဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သော်တာထွေး ဖြစ်ပြီးတော့ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှူးက ဆရာတော်ကို မနေ့က လာရောက်အကြောင်းကြားခဲ့တယ်လို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသက ဘီဘီစီကို မိန့်ပါတယ်။

တပ်မတော်က အခုလို မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ကို တရားစွဲတာ ဟာ ဗုဒ္ဓဘာသာဆရာတော် တွေထဲမှာ သုံးပါးမြောက်ဖြစ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

တပ်မတော်က တရားစွဲဆိုမှုတွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) နဲ့စွဲလေ့ရှိပြီးတော့ တရားရုံးက အမှုကို ပလပ်ရင် ဆက်သွယ်ရေး ဥပဒေ ၆၆ ဃ နဲ့ ပြောင်းစွဲလေ့ရှိတယ်လို့ တပ်မတော်ရဲ့ အမှုဖွင့် အရေးယူမှုတွေကို ကန့်ကွက် နေတဲ့ blue shirt campaign လှုပ်ရှားသူ အသံအဖွဲ့ရဲ့ ဦးဆောင်ဒါရိုက်တာ မောင်ဆောင်းခက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Empics
Image caption မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကို တပ်မတော်က အလှူငွေ ကျပ် သိန်း ၃၀၀ လှူဒါန်း

မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကို တပ်မတော်က အလှူငွေ ကျပ် သိန်း ၃၀၀ လှူဒါန်းတာနဲ့ပတ်သက်ပြီး မြဝတီမင်းကြီး ဆရာတော်နှင့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)တို့က ဝေဖန်ဆိုပြောဆိုခဲ့တာရှိပါတယ်။

"သူတို့က ကယောင်ခြောက်ခြား ဖြစ်ပြီးတော့ ခံနိုင်ရည် မရှိတော့ဘူး ထင်တာပါပဲလို့လည်း" လို့လည်း မြဝတီမင်းကြီး ဆရာတော် ကဘီဘီစီကို ပြောပါတယ်။

"ဘုန်းကြီးက စပြောကတည်းက ပြောရဲလို့ ပြောတာ၊ ရင်ဆိုင်ရဲလို့ ပြောတာ၊ ဖြေရှင်းရဲလို့ ပြောတာလေ ဒီတော့ ရင်ဆိုင်ဖို့ပဲ ရှိပါတယ်"လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက် ကလည်း ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူပေးဖို့ ယခင် ပုဒ်မ ၅၀၅ (ခ) နဲ့တိုင်တဲ့အမှုကို တိုင်တန်းခဲ့သူ တပ်မတော်က ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ဦးက တရားလိုလုပ်ပြီး ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာ ထပ်မံ တိုင်တန်းထားတယ်လို့လည်း သိရပါတယ်။

ဒါဟာနိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့စွဲလေ့ပြီး တရားရုံးက အမှုကို ပလပ်လို့ ဆက်သွယ်ရေး ဥပဒေ ၆၆ ဃ နဲ့ ပြောင်းစွဲတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ဦးစိန္တိတကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ထပ်အမှုဖွင့်

မဘသ အမည်ပြောင်း အဖွဲ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်ငွေ သိန်း၃၀၀ လှူဒါန်းတာနဲ့ ပတ်သက်လို့ ဇွန်လ ၂၇ ရက်နေ့စွဲ နဲ့ သာသနာရေးက ထုတ်ပြန်ချက်ထုတ်ပြီး သွယ်ဝိုက်ဝေဖန် ခဲ့ပါတယ်။

အဲဒီထဲမှာ 'ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တရားမဝင်ဟု သတ်မှတ်ထားတဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ကို အဖွဲ့အစည်းကြီးတစ်ခုက ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းဟာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူက ရှုမြင်ကြပါသည်' လို့လည်း ရေးသားပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို ကျပ်ငွေ သိန်း၃၀၀ လှူဒါန်းတာနဲ့ပက်သက်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြန်ပြီးရှင်းထားပါတယ် ။

မဘသ အဖွဲ့အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို)ကို ဇွန်လ ၁၇ ရက်က ကျင်းပတဲ့ နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ငွေလှူဒါန်းခဲ့တာဟာ သံဃာကို ရည်မှန်းပြီး လှူတာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြန်လည် ရှင်းလင်းပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption တပ်မတော်က ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခဲ့တဲ့ ဒါရိုက်တာ မင်းထင်ကိုကို ကြီးကို တရားရုံးကထောင်ဒဏ် တစ်နှစ်ချ

တပ်မတော်က တရားစွဲဆိုမှုတွေ ဟာ ပြီးခဲ့တဲ့ ဧပြီလ နောက်ပိုင်းကစလို့ ရပ်သွားတာမျိုးမရှိဘဲ ဆက်တိုက် ဖြစ်လာတာ တွေ့ရတယ်လို့ Blue Shirt Campaign လှုပ်ရှားသူ အသံအဖွဲ့ရဲ့ ဦးဆောင်ဒါရိုက်တာ မောင်ဆောင်းခက ဘီဘီစီကို ပြောပါတယ်။

လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လုပ်ဆောင်ချက်တွေ အရှိန်မြှင့်လာချိန် မှာ တပ်မတော်ရဲ့ အမှုဖွင့်အရေးယူမှုတွေက ပိုစိပ်လာတယ်လို့လည်း သူက ပြောပါတယ်။

"အကြမ်းဖျင်းအားဖြင့်တော့ ၁၅ မှုလောက်ရှိတယ်လို့ ပြောလို့ရတယ်။ ဒီအထဲမှာ ဆရာတော် တစ်ပါးထပ်တိုးတော့ ဆရာတော် ၃ပါးအစွဲ ခံနေရတယ်လို့ ပြောလို့ရတယ် "လည်း မောင်ဆောင်းခက ပြောပါတယ် ။

ဒါပေမယ့် ၅၀၅ ခ နဲ့ စွဲတဲ့အမှုတွေကိုတော့ တရားရုံးက ပလပ်လေ့ရှိပြီးတော့ ၅၀၅ က နဲ့ဆွဲတာဆိုရင်တော့ တပ်နဲ့ ဆိုင်တယ် ဆို ပြီးဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်တာ ရှိပါတယ်။

အခု မန္တလေး မြဝတီကျောင်းတိုက်ဆရာတော်ကို တပ်မတော်က စွဲဆိုတဲ့ အမှုဟာလည်း အရင် အမှုတွေလို တရားရုံးက ပလပ်ဖွယ်ရှိပြီးတော့ အဲဒီလို ပလပ်ရင် လည်းတပ်မတော်က နောက်တစ်မှုနဲ့ ပြောင်းစွဲဖို့ ရှိလာနိုင်တယ်လို့လည်း မောင်ဆောင်းခက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ