စင်ကာပူ မြန်မာအိမ်အကူ အမှု - ဝေဒနာရှင် အိမ်ရှင် အမျိုးသမီးကြီးကို ဆိတ်ဆွဲမှုနဲ့ အိမ်အကူကို ထောင်ချ

စင်ကာပူ ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဆေးရုံ စီစီတီဗီ မှတ်တမ်းကနေ ဆိတ်ဆွဲတယ်ဆိုတာ အတည်ပြုနိုင်ခဲ့

စင်ကာပူနိုင်ငံမှာ ကင်ဆာ ရောဂါနဲ့ ဆေးရုံတက်ကုသနေရတဲ့ အိပ်ရာပေါ်လဲနေသူ အိမ်ရှင် အမျိုးသမီးကြီးကို ဆိတ်ဆွဲလို့ မြန်မာ အိမ်အကူ တစ်ဦးကို ထောင် လေးလ ချလိုက်ပါတယ်။

အသက် ၆၇ အရွယ် Wee Keu Hoi ဆိုတဲ့ အမျိုးသမီးကြီးကို လက်မောင်း၊ ပါး၊ နှာခေါင်း နဲ့ ရင်သားတွေကို ဆွဲဆိတ်မှုနဲ့ လိန်းနိုင် ဆိုတဲ့ အသက် ၂၈ အရွယ် မြန်မာ အိမ်အကူကို စက်တင်ဘာ ၁၁ ရက်က ထောင်ဒဏ်ချလိုက်တယ်လို့ Channel News Asia သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအမျိုးသမီးကြီး အိမ်မှာ အဲဒီ အိမ်အကူက ၂၀၁၇ ခုနှစ်ကတည်း စအလုပ်လုပ်ခဲ့ပါတယ်။

အဲဒီ အိမ်ရှင် အမျိုးသမီးကြီးက ၂၀၁၈ ဇူလိုင်ကနေ အခု ၂၀၁၉ ဇူလိုင်အထိ ကာလမှာ ကျန်းမာရေး ဆိုးလာခဲ့ပါတယ်။

အိမ်ရှင် အမျိုးသမီး စင်ကာပူ အမျိုးသား တက္ကသလိုလ် ဆေးရုံကို ကင်ဆာ ရောဂါ နောက်ဆုံး အဆင့်နဲ့ ကုသနေတုန်း ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်မှာ အိမ်အကူက အခုလို လုပ်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

အိမ်အကူက နှိပ်စက်တဲ့အကြောင်း ဆေးရုံကို လာတဲ့ သားကနေတဆင့် ဆေးရုံကို အသိပေးခဲ့ပါတယ်။

နောက် ဆေးရုံ စီစီတီဗီ မှတ်တမ်းကနေ ဆိတ်ဆွဲတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

ထောင် ဒဏ်ချခံရတဲ့ အိမ်အကူကို အိမ်ရှင်အမျိုးသမီးကြီးက စိတ်တိုင်းမကျ ဆူပူတာတွေ၊ စော်ကားတာတွေ အကြိမ်အတော်များများ လုပ်ခဲ့လို့ ဝမ်းနည်း စိတ်မကောင်း ဖြစ်ခဲ့တယ်၊ နောက် ဒီလို ဆူပူတာတွေ ရပ်ဖို့ လုပ်ရာကနေ အခုလို ကျူးလွန်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ အမျိုးသမီးကြီးရဲ့ သားက အခု ၂၀၁၉ ဇန်နဝါရီလ ၂ ရက် မှာ ရဲစခန်းကို တိုင်ခဲ့ပါတယ်။

သူ့အမေက ကျန်းမာရေး အတော်ဆိုးနေလို့ ပြန်မခုခံနိုင်ခဲ့ဘူးလို့ဆိုပါတယ်။

တိုင်ကြားပြီးနောက် ၂၃ ရက်မှာ အဲဒီ အိမ်ရှင် အမျိုးသမီးကြီး သေဆုံးခဲ့ပါတယ်။

အိမ်အကူက အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။