ဗုဒ္ဓဂါယာ ဘုရားဖူးဟန်ပြပြီး ရွှေမှောင်ခို ဈေးကွက်ဖြစ်နေ

အိန္ဒိယကိုရွှေမှောင်ခိုတင်ပို့နေတဲ့ခရီးသွားကုမ္ပဏီတွေရှိနေ ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယကိုရွှေမှောင်ခိုတင်ပို့နေတဲ့ခရီးသွားကုမ္ပဏီတွေရှိနေ

ဗုဒ္ဓဂါယာ ဘုရားဖူးဟန်ပြပြီး ဘုရားဖူး ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း အယောင်ဆောင် အိန္ဒိယကို ရွှေမှောင်ခို တင်ပို့နေတဲ့ ခရီးသွား ကုမ္ပဏီတွေကို စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဘီဘီစီကို ပြောပါတယ်။

" ဒီကိစ္စက လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက စတာ၊ မနှစ်ကတော့ ဒီလိုလုပ်နေတဲ့ကုမ္ပဏီ ၁၀ ခုလောက် တွေ့တယ်။ဘုရားဖူးတွေ သယ်ခိုင်းပြီး ဟိုဘက်ရောက်မှ ပြန်ပြီးတော့ ရောင်းကြတယ်။ ဒီကုမ္ပဏီတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့အတွက် အသင်းကစောင့်ကြည့်သွားမှာဖြစ်ပြီး အရေးယူဖို့ ကို သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြတောင်းဆိုသွားမယ်"လို့ လည်း ဦးနောင်းနောင်းဟန်က ပြောပါတယ်။

ခရီးသွား ဝန် ဆောင်မှု ကုမ္ပဏီအချို့ကတော့ ဈေးနှုန်းလျှော့ ပေးပြီး လိုက်မယ့် ခရီးသည်ကို ရွှေတွေ ဝတ်ပြီးသယ်ခိုင်းတာဖြစ်ပါတယ်။

ဗုဒ္ဓဂါယာခရီးစဉ်ဟာ ပုံမှန်အားဖြင့် ၁၅ ရက်ခန့်ကြာမြင့်ပြီး ကျပ် ၁၃ သိန်းခွဲလောက် ကုန်ကျလေ့ရှိတယ် လို့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က ဘုရားဖူးသွားခဲ့တဲ့ ဒေါ်ခင်လှမေကပြောပါတယ်။

မြန်မာမှာ အိန္ဒိယနဲ့ ယှဉ်ရင် ရေွှစျေးတစ်ကျပ်သားကို တစ်သိန်းလောက် နည်းလေ့ ရှိတယ်လို့လည်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရွှေမှောင်ခိုထုတ်တာနိုင်ငံပုံရိပ်ကို ထိခိုက်လို့ အခုလို စောင့်ကြည့်

"မနှစ်က စပြီး အိန္ဒိယလေဆိပ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတဲ့အခါ တချို့က အများကြီး မြင်မ ကောင်းလောက်အောင် ဝတ်ပြီး လာတာမျိုးတွေ ရှိတယ်။ မြန်မာခရီးသည်ဆိုရင် ကိုယ်ခန္ဓာမှာ ပါလာ တဲ့ ရွှေကို ချိန်တွယ်တဲ့ အဆင့်ထိ ရောက်လာပါတယ်" ဟု ဦးနောင်းနောင်းဟန်က ပြောပါတယ်။

အခုလို ရွှေမှောင်ခို တင်သွင်းတာဟာ နိုင်ငံပုံရိပ်ကို ထိခိုက်လို့ အခုလို စောင့်ကြည့် အရေးယူတာတွေ လုပ်ရတာပါလို့လည်း သူကပြောပါတယ်။

အိန္ဒိယလေဆိပ်မှာ ရွှေက ၃ ကျပ် သားလောက်ဝတ်လာ တာဘာမှ မပြောပေမယ့် များလာရင်တော့ ပြသာနာ ရှိနိုင်တယ်လို့လည်း ဂါယာဘုရားဖူးပြန်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် အိန္ဒိယကို ရွှေမှောင်ခို တင်သွင်းတာနဲ့ ပတ်သက်ပြီး ခရီးသွားလုပ်ငန်းအသင်းက အထောက်အထားနဲ့ တွေ့တာမျိုးမရှိသေးဘူးလို့လည်း ဦးနောင်းနောင်းဟန်က ပြောပါတယ်။

ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားမယ်ဆိုရင် ရွှေမှောင်ခို ဈေးကွက်ကြီးက ဘုရားဖူး ဈေးကွက်ဖြစ်လာမယ် ဆိုရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလယ်မှာ ကျဆင်းသွားမှာ ဖြစ် တာ ကြောင့် "လုပ်ရတာ ပါလို့လည်း ပြောပါတာယ်။