အေအေကြောင့် ကုလားတန်စီမံကိန်း အခြိမ်းအခြောက် ခံနေရလား

ကုလားတန်စီမံကိန်း ဓာတ်ပုံ မူပိုင် AFP/Getty
Image caption မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်နေတဲ့ အိန္ဒိယ

ရခိုင်ပြည်နယ်ထဲ အစိုးရနဲ့ ပြည်ပနိုင်ငံကြီးတွေကြား စာချုပ်ချုပ်ဆို လုပ်ကိုင်နေကြတဲ့ စီးပွားရေးစီမံကိန်းတွေဟာ ရခိုင်ပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုရင် ဆန့်ကျင်စရာ အကြောင်းမရှိဘူး ဆိုပြီး ရက္ခိုင့်တပ်တော် အေအေ အဖွဲ့က ပြောပါတယ်။

အိန္ဒိယ အစိုးရရဲ့ ဗျူဟာမြောက် စီမံကိန်းဖြစ်တဲ့ ကုလားတန် စီမံကိန်းဟာ အေအေ လက်နက်ကိုင် အဖွဲ့ကြောင့် အနှောင့်အယှက် အဟန့်အတား ဖြစ်နေတယ်ဆိုပြီး အိန္ဒိယ မီဒီယာတွေက ဖော်ပြနေတဲ့ အပေါ် အေအေ တပ်ဖွဲ့က တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကုလားတန် စီမံကိန်း ဆိုတာ အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်ကနေ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ ဆိပ်ကမ်းအထိ ချင်းပြည်နယ်၊ ပလက်ဝကို ဖြတ်ပြီး ကုန်းလမ်း၊ ရေလမ်း ကုန်သွယ်ရေး လမ်းကြောင်း ထားရှိဖို့ ရည်ရွယ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။

မီဇိုရမ် ပြည်နယ် တလျှောက် ရခိုင် အေအေ အဖွဲ့ရဲ့ ခြေကုပ်စခန်းတချို့ ရှိနေတယ် ဆိုတဲ့ အိန္ဒိယထောက်လှမ်းရေး သတင်းတွေ ရှိနေတယ်ဆိုပြီး အိန္ဒိယ မီဒီယာတွေက အခုရက်ပိုင်းတွေမှာပဲ ဖော်ပြလာပါတယ်။

မီဇိုရမ်ထဲ အေအေ အခြေချထားလား

အဲဒီလို အေအေတပ်ဖွဲ့ရဲ့ စခန်းတွေ မီဇိုရမ်ထဲ ရှိနေတာဟာ ကုလားတန် စီမံကိန်း အပေါ် ခြိမ်းခြောက်မှု အသွင် ဖြစ်စေတယ်လို့ အိန္ဒိယ မီဒီယာတွေက ပြောနေတာကို အေအေ အဖွဲ့က ငြင်းဆိုတာ ဖြစ်ပါတယ်။

မီဇိုရမ်မှာ အေအေစခန်း လုံးဝ မရှိဘူးလို့ အေအေ ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်တွေဆိပ်ကမ်းထိ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ အိန္ဒိယရည်ရွယ်

"အခုနှစ် အစောပိုင်း ဖေဖေါ်ဝါရီနဲ့ မတ်လတွေ တုန်းကလည်း အေအေ စခန်း တစ်ဆယ့်နှစ်ခုကို အိန္ဒိယ စစ်တပ်က တိုက်ခိုက်ဖျက်စီး ခဲ့တယ် ဆိုတာမျိုး အိန္ဒိယ မီဒီယာတချို့က ပြောနေတယ်။ ဒါဟာ မြေပြင် အခြေအနေနဲ့ လုံးဝ လွဲမှား နေတယ်။ တကယ်က ဘာတိုက်ခိုက်မှုမှ မရှိခဲ့ဘူး။ ကျွန်တော်တို့ဘက်က ရခိုင်ပြည်ထဲမှာပဲ နေတယ်" ဆိုပြီး ခိုင်သုခက ဆိုပါတယ်။

အဲဒီ ကာလ အပိုင်းအခြားဟာ အိန္ဒိယကနေ ခွဲထွက်ရေး ကသည်းနဲ့ အာသံ သူပုန်တွေကို မြန်မာနိုင်ငံ နယ်နိမိတ်ထဲ မြန်မာအစိုးရ စစ်တပ်က စစ်ဆင်ရေး လုပ်လာချိန်၊ အိန္ဒိယဘက်ခြမ်းမှာလည်း အိန္ဒိယ စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ချိန်ကိုက် လှုပ်ရှားနေတဲ့ ကာလအပိုင်းအခြား ဖြစ်ပါတယ်။

အဲဒီတုန်းက မီဇိုရမ်ထဲက အေအေ စခန်းတွေကို အိန္ဒိယစစ်တပ်က ရှင်းလင်းခဲ့တယ် လို့ အိန္ဒိယ သတင်းစာတွေ ရေးသားနေတဲ့ အပေါ် ခိုင်သုခက ရည်ညွှန်းတာ ဖြစ်ပါ။

ပလက်ဝတံတားတည်ဆောက်ရေး သင်္ဘောကို ဘာလို့ထိန်းချုပ်ခဲ့တာလဲ

ကုလားတန် စီမံကိန်း အပေါ် အေအေက ရန်လိုပစ်မှတ် မထားဘူး၊ မီဇိုရမ်ထဲမှာ အေအေ စခန်း မရှိဘူးလို့ ငြင်းပေမယ့် အိန္ဒိယ ထောက်လှမ်းရေး သတင်းထဲပါတဲ့ အချက်တချို့ကိုတော့ ခိုင်သုခက အတည်ပြုပါတယ်။

ဥပမာ- ပလက်ဝ တံတားအတွက် သံမဏိဘောင်တွေ တင်လာတဲ့ သင်္ဘောကို အေအေက ထိန်းချုပ်ပြီး၊ သင်္ဘောပေါ် ပါလာသူတွေကို ဖမ်းခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အဲဒီ လုပ်ရပ်ဟာ ကုလားတန် စီမံကိန်းကို ပစ်မှတ်ထားတဲ့ သဘော မဟုတ်ပဲ၊ လုံခြုံရေးအရ စစ်ဆေးမှုတွေ လုပ်ခဲ့တာသာ ဖြစ်တယ်လို့ ခိုင်သုခက ဆိုပါတယ်။

"တိုက်ပွဲဇုန်ထဲကို ဝင်လာတဲ့ ဘယ်လိုမျိုး မသင်္ကာစရာ စက်လှေပဲဖြစ်ဖြစ်၊ မော်တော်ယာဉ်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့က လုံခြုံရေးအရ စစ်ဆေးမှုတွေ မလွဲမသွေ လုပ်ရမှာ ဖြစ်တယ်။ ကုလားတန် စီမံကိန်းဖြစ်လို့ လုပ်တာမဟုတ်ဘူး။ ကုလားတန် စီမံကိန်းရှိရှိ မရှိရှိ စစ်ဖြစ်နေတဲ့ နေရာမှာ လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မှုကတော့ လုပ်ကိုလုပ်ရမယ်" လို့ ခိုင်သုခက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

နည်းပညာသုံးဖောက်ခွဲမှု

တခါ၊ အိန္ဒိယ ထောက်လှမ်းရေး သတင်းကို ကိုးကားပြီး အိန္ဒိယ မီဒီယာတွေ ပြောနေတဲ့ အထဲမှာ အေအေ အနေနဲ့ မိုင်းဗုံးတွေကို ဘလူးတုသ် "Bluetooth" နဲ့ ဝိုင်ဖိုင် "Wifi" နည်းပညာတွေ သုံးပြီး ထိန်းချုပ် ဖောက်ခွဲနေတယ်လို့ ဆိုထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေဘက်က အဲဒီလို နည်းပညာ အသုံးပြုလာနေတဲ့အကြောင်း စုံစမ်းပေးဖို့ အာသံရိုင်ဖယ် တပ်ရင်းကို အကူအညီတောင်းထားတယ်ဆိုပြီး အိန္ဒိယ ထောက်လှမ်းရေး အသိုင်းအဝိုင်းထဲက အရာရှိတစ်ယောက်ရဲ့ ပြောဆိုချက်ကိုလည်း အိန္ဒိယ သတင်းစာတွေ ကိုးကားထားပါတယ်။

အဲဒီလို နည်းပညာသုံး ဖောက်ခွဲတာကို ထိန်းချုပ်နိုင်အောင် မြန်မာ အစိုးရ တပ်ကလည်း ရခိုင်မြောက်ပိုင်းတလျှောက် သွားလာ လှုပ်ရှားတဲ့အခါ တန်ပြန် ကြားဖြတ် ဟန့်တားစက်တွေ အသုံးပြု နေကြတယ်လို့ အိန္ဒိယ မီဒီယာက ရေးသားပါတယ်။

မိုင်းဗုံးတွေကို နည်းပညာသုံးထိန်းချုပ် ဖောက်ခွဲတယ် ဆိုတဲ့ အချက်အပေါ် ခိုင်သုခက မငြင်းဆိုပါဘူး။

"ဟုတ်တယ်လေ … နည်းပညာခေတ်မှာ နည်းပညာသုံးတဲ့ ကိစ္စက ဘာမှ ဆန်းကြယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က အများပြည်သူ ထိခိုက်နိုင်တဲ့ မိုင်းအမျိုးအစားကို မသုံးဘူး။ အစိုးရစစ်တပ် စစ်ယာဉ်တန်းတွေကို ဦးတည်တိုက်ခိုက်တယ် ဆိုရင် ပစ်မှတ်ကိုပဲ ထိခိုက်အောင် နည်းပညာသုံးပြီး အကန့်အသတ်နဲ့ လုပ်ဆောင်တာမျိုး ဖြစ်တယ်" လို့ ခိုင်သုခက ဆိုပါတယ်။

တရုတ်နဲ့ နီးစပ်လို့ အိန္ဒိယရဲ့ ကုလားတန်ကို ဆန့်ကျင်တာလား

ဒီလို နည်းပညာ အသုံးပြုမှုနဲ့ တဆက်တစပ်တည်းမှာပဲ နည်းပညာ ဘယ်ကရလဲ ဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာစေပါတယ်။

အိန္ဒိယ ထောက်လှမ်းရေး အစီရင်ခံစာပါ အချက်တွေကို သိခဲ့တယ်လို့ ဆိုတဲ့ အိန္ဒိယ ဇီးနယူးစ် သတင်းဌာနရဲ့ ရေးသားချက်ထဲမှာတော့ ဘလူးတုသ် နဲ့ ဝိုင်ဖိုင် နည်းပညာသုံး မိုင်းခွဲတဲ့ အကြောင်း တိုက်ရိုက် ရေးမထားပေမယ့်၊ ဖောက်ခွဲရေးပစ္စည်း IED တွေကို ဘယ်လို သုံးရမလဲ ဆိုတဲ့ သင်တန်းမျိုးတွေကို အေအေ အနေနဲ့ ကချင်လက်နက်ကိုင် အဖွဲ့ KIA ဆီက ရခဲ့တယ်ဆိုပြီး ရေးထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ရခိုင်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေလည်း ကြီးကြီးမားမားရှိနေ

ခိုင်သုခကတော့ အေအေအနေနဲ့ ဖောက်ခွဲရေး နည်းပညာကို ဘယ်အဖွဲ့၊ ဘယ်နိုင်ငံဆီက ရတယ်ဆိုတာကို ထုတ်ဖော် ပြောကြားခြင်း မရှိပါဘူး။

"နည်းပညာတွေ ဒီလောက်တိုးတက်နေတဲ့ ခေတ်မှာ အစိုးရတွေဆီက ရမှပဲ ကျွန်တော်တို့က ရမှာလား။ နည်းပညာဆိုတာကလည်း တစ်ကမ္ဘာလုံးမှာ သုံးနေကြတဲ့ ကိစ္စ။ တချို့တလေ ကတော့ ပြောတာပေါ့ဗျာ … ကျွန်တော်တို့ကို တရုတ်နဲ့ နီးစပ်တယ် ဆိုပြီး အဲဒီလိုမျိုး စွပ်စွဲတာတွေ ရှိတယ် "

"ကျွန်တော်တို့ ရှင်းရှင်းလေး ပြောနိုင်တာက ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ကို တည်ထောင် ထားတဲ့ဟာက ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးကို ကာကွယ်ဖို့ပဲ ဖြစ်တယ်။ တခြား ဘယ်သူ့ အတွက်မှ တည်ဆောက်ထားတာ မဟုတ်ဘူး" ဆိုပြီး ခိုင်သုခက ဘီဘီစီကို ဖြေဆိုပါတယ်။

ဒါပေမယ့်လည်း အေအေအနေနဲ့ သံတမန်ရေးအရ ဘယ်နိုင်ငံနဲ့မဆို ရင်းနှီးမှု ရှိဖို့ ကြိုးစား တည်ဆောက်ရမှာ ဖြစ်တယ်လို့လည်း ခိုင်သုခက ဆိုပါတယ်။

အေအေအနေနဲ့ အိန္ဒိယအစိုးရ၊ အိန္ဒိယ စစ်တပ်နဲ့ကြား ဆက်ဆံရေး လက်ရှိ ဘယ်လို အခြေအနေမျိုးမှာ ရှိလဲဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ သဘောထားမှတ်ချက် မပေးနိုင်သေးဘူးလို့ ခိုင်သုခက တုံ့ပြန်ပါတယ်။

"အိမ်နီးနားချင်း နိုင်ငံ အစိုးရတွေနဲ့ကတော့ ဘယ်အစိုးရနဲ့မဆို အေအေအနေနဲ့ ဆက်ဆံရေး ကောင်းချင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အခြေအနေ၊ အနေအထား၊ အကျိုးစီးပွားတွေ အများကြီး ဆက်စပ်နေတဲ့အခါကြတော့ တချို့အပိုင်းတွေကတော့ အကန့်အသတ်တွေကတော့ အများကြီး ရှိမှာပေါ့" ဆိုပြီး ခိုင်သုခက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ