ဘီပီအိုင် စက်ရုံမှူးကို စက်တင်ဘာ ၁၉ မှာ ဒုတိယအကြိမ်ရုံးထုတ်မယ်

နောက်ရုံးချိန်းတွေမှာ လာရောက်ရင် ဝန်ထမ်းတွေကို ဝန်ထမ်းစည်းကမ်းနဲ့အရေးယူမှာဖြစ် ဓာတ်ပုံ မူပိုင် Mar Naw/MPA
Image caption နောက်ရုံးချိန်းတွေမှာ လာရောက်ရင် ဝန်ထမ်းတွေကို ဝန်ထမ်းစည်းကမ်းနဲ့အရေးယူမှာဖြစ်

အဂတိ တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဘီပီအိုင် ဆေးဝါး စက်ရုံမှူး ဒေါက်တာအောင်ဇော်ရဲ့ နောက်ရုံးချိန်းကို သွားရောက်မယ့် ဝန်ထမ်းတွေ အနေနဲ့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီရင် အရေးယူခံရနိုင်တယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ဘီဘီစီကို ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို စက်တင်ဘာ ၁၉ ရက်မှာ ဒုတိယ အကြိမ် ရုံးထုတ်ဖို့ ရှိပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး စက်ရုံမှူးရဲ့ အထက်အရာရှိဖြစ်သူ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ကိုလည်း ကြီးကြပ်ဖို့ ပျက်ကွက်မှုနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တာဝန်ကနေ အနားပေးခဲ့ပါတယ်။

စက်ရုံဝန်ထမ်းတွေဟာ သူတို့စက်ရုံမှူးကို သဘောရိုးနဲ့ အားပေးစကား ပြောချင်တာ၊ ဝန်းရံချင်တာကို သဘော ပေါက်ပေမယ့် ရုံးချိန်အတွင်းမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းစည်းကမ်းနဲ့ မကိုက်ညီဘူးလို့ ဦးကိုကိုလွင်က ထောက်ပြပါတယ်။

''ဝန်ထမ်းဆိုတာကတော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း လိုက်နာရမှာပေါ့။ ဒါကြောင့် ဝန်ထမ်းတွေကို နောက်ပိုင်း ဒါမျိုးမလုပ်ဖို့ ပြောထားပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူကတော့ သွားရပါလိမ့်မယ်။ တာဝန်မရှိတဲ့သူက သွားစရာမလိုဘူး။ လိုက်နာတာ မလိုက်နာတာကတော့ သူတို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ကတော့ မလိုက်နာသူကို မလိုက်နာသလို အရေးယူရပါမယ်။ ဝန်ထမ်းတွေအနေနဲ့ တရားဥပဒေကြောင်း အရပဲ မှန်မှန်ကန်ကန် သွားဖို့လိုပါတယ်'' လို့ ဦးကိုကိုလွင်က ဆိုပါတယ်။

ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဆိုတာက ရုံးတက်ချိန်မှာ သက်ဆိုင်ရာဌာနမှာ ရှိရမယ်။ မရှိရင်၊ အကြောင်းမဲ့ ပျက်ကွက်ရင်၊ တာဝန်ချိန်အတွင်း တာဝန်နဲ့ မသက်ဆိုင်တဲ့နေရာ ရောက်တယ်ဆိုရင် တာဝန်ဝတ္တရား ပျက်ကွက်မှုနဲ့ အရေးယူလို့ ရနိုင်တယ်လို့ ဦးကိုကိုလွင်က ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က စက်ရုံမှူးကို ပထမဆုံးရုံးထုတ်ချိန်မှာ စက်ရုံဝန်ထမ်း ၁၀၀ ကျော်က လာရောက်ဝန်းရံခဲ့ပြီး ဒီကိစ္စမှာ အထက်အဆင့်တာဝန်ရှိသူတွေသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ဝန်ထမ်းတွေက ပြောကြားထားပါတယ်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာအောင်ဇော်ကို ဥပဒေနဲ့အညီ အရေးယူဖို့ ခိုင်လုံတဲ့ အ ထောက်အထားတွေရှိပြီး ရေရှည်မှာ ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှုတွေရှိနိုင်တာကြောင့် အရေးယူခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဆေးဝါးထုတ်ပိုးရာမှာ သုံးမယ့် ဒီကော်စေ့တွေကို Sun Tec ကုမ္ပဏီက တင်သွင်းလာချိန်မှာ တင်ဒါအောင်စဉ်က သတ်မှတ်ထားတဲ့ အမှတ်တံဆိပ် မဟုတ်ဘဲ တခြားတံဆိပ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ လက်ရှိမှာ ဒီကုမ္ပဏီကို ငွေလည်း ပေးချေမထားဘူးလို့ ဦးကိုကိုလွင်က ရှင်းပြပါတယ်။

'အဓိက ဖြစ်သွားတာကတော့ တင်ဒါတင်သွင်းထားတဲ့ Brand (အမှတ်တံဆိပ်)က တစ်ခု၊ ဒေါက်တာ အောင်ဇော်ယူလိုက်တဲ့ Brand ကတစ်ခု။ အဒါကြောင့် သူ့မှာ တာဝန်ရှိတဲ့ သဘော ဖြစ်သွားပါတယ်''

ဒီကော်စေ့တွေကို သုံးထားပြီး ထုတ်လုပ်တဲ့ဆေးဘူးတွေဟာ ပြည်သူလူထု သုံးဖို့ မသင့်တော်ရင် ဈေးကွက်ထဲကနေ ပြန်လည်သိမ်းယူရမှာဖြစ်ပြီး တခြားသင့်တော်တဲ့ပစ္စည်းနဲ့ အစားထိုးရမှာမို့ နစ်နာဆုံးရှုံးမှု ကုန်ကျစရိတ် ထပ်တိုးလာနိုင်တယ်လို့ ဦးကိုကိုလွင်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ ဒေါက်တာအောင်ဇော်ကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဒေါက်တာအောင်ဇော်နဲ့ ရင်းနှီးသူတွေကတော့ အဂတိမှုနဲ့ ဖမ်းဆီးခံရတဲ့အပေါ် သူ့ရဲ့ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ မဖြစ်နိုင်ဘူးလို့ ရပ်တည်ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ