ကျိုင်းတုံဆွေးနွေးပွဲ တပ်မတော် က ဒုဗိုလ်ချုပ်ကြီး ၃ဦးတက်မယ်

ဓာတ်ပုံ မူပိုင် YAN Naing
Image caption ဆွေးနွေးပွဲ ကျင်းပမယ့် အခမ်းအနား အပြင်အဆင်

ရှမ်းပြည်နယ် ကျိုင်းတုံမှာ စက်တင်ဘာလ ၁၇ ရက်နေ့ ကျင်းပမယ့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ ဆွေးနွေးပွဲကို တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦးတက်ရောက်ဖို့ ရှိတယ်လို့ ဘီဘီစီ က သတင်းရရှိပါတယ်။

အဲဒီ ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး ဟာ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ကျိုင်းတုံကို ရောက်နေပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဗဟိုဌာန ကလည်း ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ပြီး တက်ရောက်ဖို့ ရောက်နေတယ်လို့လည်း သိရပါတယ်။

တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း တို့လည်း လိုက်ပါလာတယ်လို့လည်း ဘီဘီစီက သတင်းရထားပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPCက ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ပြီး ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး တို့ လိုက်ပါလာတယ်လို့လည်း သိရပါတယ် ။

ဒီဆွေးနွေးပွဲကို တက်မယ့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေဟာ မိုင်းလားကနေ အခမ်းအနား ကျင်းပမယ့် ကျိုင်းတုံ အမေးဇင်း ဟိုတယ်ကိုရောက်လာ လာဖို့ ရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာဆွေးနွေးပွဲ အပစ်ရပ်ရေး ဘယ်လောက်နီးစပ်မလဲ

စစ်ပွဲအရှိန်မြင့်လာချိန်မှာ မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တို့ ကျိုင်းတုံမှာတွေ့ကြမယ်

Image caption ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက် အခမ်းအနားတက်လာတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့

ဒီဆွေးနွေးပွဲ ပြင်ဆင်ထားတဲ့ အခင်းအကျင်းအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော် NRPC ကတာဝန်ရှိသူတွေ တစ်ဝိုင်းတည်း တွေ့မယ့်ပုံ ရှိပါတယ်။

ကျိုင်းတုံမြို့မှာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ ပြုလုပ်မယ့် မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံပွဲဟာ အရေးကြီးပြီး ရလဒ် မကောင်းရင် အန္တရာယ် ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကျိုင်းတုံ ဆွေးနွေးပွဲမှာ ထူးခြားတဲ့ ရလဒ်ကောင်းတွေ ရဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ အခြေအနေကောင်းရင် ရက်တိုးဖွယ် ရှိတယ်လို့ ပြောပေမယ့် တစ်ရက်တည်း ကျင်းပမယ့် အနေအထားမှာ တွေ့ရတယ်လို့ ကျိုင်းတုံ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခမ်းအနားကို မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ NRPC က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီးတပ်မတော်ဘက်က ကိုယ်စားလှယ်တွေက အခုတစ်ခေါက်မှ ပါလာတာဖြစ်ပါတယ်။