နမ့်ဆန်မှာ လေးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ရှောင်တချို့အကူအညီလိုအပ်နေ

ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ ဓာတ်ပုံ မူပိုင် PALAUNG LAND
Image caption ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့အနီးက ကျေးရွာတွေမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA)တို့အကြား တိုက်ပွဲတွေ လေးရက်ဆက်တိုက် အပြင်းအထန်ဖြစ်ပွားပြီးတဲ့နောက်မှာ ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့ ဒုက္ခသည်တချို့ အကူအညီတွေ လိုအပ်နေတယ်လို့ ရှမ်းမြောက် အခြေစိုက် လူမှုကူညီရေးအဖွဲ့တချို့က ပြောပါတယ်။

' ' မနေ့ကညအထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတာ။ ဒီနေ့မနက်တော့ နမ့်ဆန်မှာ နည်းနည်းငြိမ်နေတယ်။ ညလည်း ထွက်ပြေးရ၊ နေ့လည်းထွက်ပြေးရတော့ လုံခြုံမှုတော့မရှိဘူးပေါ့ '' လို့ နမ့်ဆန်မြို့နယ် ဇယန်းကြီး ကျေးရွာနေ တအာင်းအမျိုးသမီးအဖွဲ့အစည်းက မပလန်ဂျာခရေးက ဘီဘီစီကိုပြောပါတယ်။

လေးရက်ဆက်တိုက်ပွဲတွေဖြစ်ခဲ့တဲ့ နမ့်ဆန်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေ

နမ့်ဆန်မြို့ အနီးမှာ စက်တင်ဘာ ၁၃ရက်ကနေ စပြီးဖြစ်ပွားခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ရဲ့ တိုက်ပွဲတွေဟာ အရင်ထက် ပိုမိုပြင်းထန်ခဲ့သလို တပ်မတော်ဘက်က ရဟတ်ယာဉ်တွေကိုလည်း နေ့စဉ်နီးပါး အသုံးပြုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

'' ရွာတွေဘက်ကနေ နမ့်ဆမ်မြို့ပေါ်ကို ပြေးလာတဲ့ သူတွေအတွက်က အစားအသောက်တွေက အဆင်ပြေတယ်။ လှူတဲ့သူတွေလည်း များတယ်။ အခု အခက်ခဲဖြစ်နေတာက ပန်စရီရွာဘက်ကို ပြေးလာတဲ့သူတွေ။ ၂၀၀ နီးပါးလောက်ရှိတယ်။ အဲဒီဘက်ကိုသွားဖို့ လမ်းပန်းကလည်းမလွယ်ဘူး။ ရွာတွေက ချက်ပြုတ် ကျွေးနေတာ။ နောက်ပိုင်းအတွက် မလွယ်ဘူး။ ကျွန်တော်တို့လည်း သွားကူဖို့ တိုင်ပင်နေကြတယ်'' လို့ ကျောက်မဲမြို့ အခြေစိုက် ဇီဝိတဒါန လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပြပါတယ်။

ထိခိုက်ဒဏ်ရာရ သေဆုံးသူနဲ့ ဆေးကုသခွင့်မရသူတွေလည်းရှိ

နမ့်ဆန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေဟာ အရင်ဖြစ်ဖူးခဲ့တာတွေထက် ပိုမိုပြင်းထန်တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ပိတ်မိနေသူတွေကို သွားရောက်ကူညီရာမှာလည်း အခက်အခဲရှိတယ်လို့ ဇီဝိတဒါန လူမှုကူညီရေးအသင်း၊ နယ်စည်းမခြား ပရဟိတအဖွဲ့(သီပေါ)စတဲ့ ရှမ်းမြောက် အခြေစိုက် လူမှုရေးအဖွဲ့တွေက မှတ်ချက်ပြုကြပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့က တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျည်မှန်ခဲ့တဲ့အတွက် ပန်တူအူကျေးရွာက ဦးအိုက်ထွန်းဟာ အဲဒီနေ့မှာပဲ သေဆုံးခဲ့ရပါတယ်။

သူ့ကို ကျန်းမာရေးဝန်ထမ်းတွေက ကယ်ထုတ်ဖို့သွားခဲ့ပေမယ့်လည်း မြန်မာ့တပ်မတော်ဘက်က လုံခြုံရေးအရ သွားခွင့်မပြုတဲ့အတွက် ကယားကြီးကျေးရွာမှာ ကုသပေးနေစဉ်မှာပဲ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဦးအိုက်ထွန်းနဲ့အတူ ဒဏ်ရရသွားခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်အီချစ်ဟာလည်း လုံခြုံရေးအရဆိုကာ သွားလာခွင့်မရခဲ့တဲ့အတွက် အခုထိ ဆေးကုသခွင့်မရသေးဘူးလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက မပလန်ဂျာခရေးက ဘီဘီစီကိုပြောပါတယ်။

'' သူတို့က လုံခြုံရေးအရဆိုပြီး ကယားကြီးကနေ ကျော်ပြီးသွားလို့မရတော့ အဲမှာ အစိုးရချထားပေးတဲ့ ဆေးခန်းသေးသေးလေးရှိတယ်၊ ဆရာမ ၂ ယောက်ချထားပေးတယ်။ အဲ့မှာပဲကုနေရတယ်။ လမ်းပွင့်ပြီဆိုရင်တော့ သူ့ဆီသွားဖို့ အစီအစဉ်ရှိတယ်'' လို့ မပလန်ဂျာ ခရေး က ပြောပြပါတယ်။

တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာ ရှိသလို ဟိုချောင်းကျေးရွာထဲမှာပါတဲ့ နမ့်ခမ်းက နေအိမ်တချို့လည်း ဖောက်ထွင်းခံထားရတာတွေရှိတယ်လို့ သိရပါတယ်။

' ' စစ်ပြေးနေတဲ့ အိမ်တွေမှာ အဖောက်ခံထားရတာ။ ဈေးဆိုင်လည်း အဖောက်ခံရတယ်။ ဘာပစ္စည်းတွေ ဘယ်လောက်အထိ ပါသွားလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူး''လို့ မပလန်ဂျာခရေးက ပြောပါ တယ်။

ဓာတ်ပုံ မူပိုင် PALAUNG LAND
Image caption လက်နက်ကြီးမှန်လို့ သေဆုံးခဲ့ရတဲ့ ဦးအိုက်ထွန်း

စက်တင်ဘာ ၁၇ ရက် တိုက်ပွဲအခြေအနေ

စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ နမ့်ဆန်မြို့ပေါ်တဝိုက်မှာ တိုက်ပွဲတွေ ငြိမ်နေပေမယ့် လွယ်ပတ်အနီးနဲ့ မိုင်းငေါ့မြို့နားက ဟိန်းဝိုးကျေးရွာတဝိုက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

'' ဒီနေ့ဖြစ်တာက မိုင်းငေါ့ထဲက ဟိန်းဝိုးကျေးရွာနားမှာဖြစ်တာ။ တိုက်ပွဲပြင်းထန်လား ထိခိုက်ဒဏ်ရာရသူ ရှိလားဆိုတာကို စုံစမ်းလို့ မရသေးဘူး ဖြစ်နေတယ်။ ''လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်း မိုင်းငေါ့မြို့နယ်ခွဲ ဟိန်းဝိုးနဲ့ ခြုံဟောင်းကျေးရွာအနီးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် RCSS နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား ဖြစ်ပွားတာဖြစ်ပြီး လွယ်ပတ် အထက်ဘက်မှာတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့တာလို့ TNLA ဘက်က ထုတ်ပြန်ထား ပါတယ်။

ဒီကနေ့ မနက်အစောပိုင်းက နမ့်ပေါင်မြို့အနီးမှာလည်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ သြဂုတ် ၁၅ ရက် နောက်ပိုင်းကစပြီး မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် သြဂုတ် ၃၁ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အကြား အပစ်ရပ် သဘောတူ စာချုပ် ချုပ်ဆိုရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

အဲဒီဆွေးနွေးပွဲအပြီးမှာတော့ တပ်မတော်က အပစ်ရပ် သက်တမ်းကို စက်တင်ဘာ ၂၁ ရက်ထိတိုးခဲ့ပြီး မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ဘက်က တစ်လ ထိုးစစ်ရပ်ထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သြဂုတ် ၃၁ ရက် ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ခြင်းမရှိပေမယ့် စက်တင်ဘာ ၁၇ မှာတော့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၊ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအပြင် တပ်မတော်ဘက်က ကိုယ်စားလှယ်တွေပါ ပါဝင်ပြီး တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။