နေပြည်တော် ကျောက်မျက်ပွဲမှာ ယူရိုသန်းချီ ကျောက်စိမ်းအရိုင်းတွေပါ ရောင်းချ

ဈေးအမြင့်ဆုံးအနေနဲ့ ကြမ်းခင်းဈေး ယူရို ၅ သန်းတန် ကျောက်စိမ်းတွဲပါ ပါ ဓာတ်ပုံ မူပိုင် THET AUNG/AFP/Getty Images
Image caption အမြင့်ဆုံး ကြမ်းခင်းဈေး ယူရို ၅ သန်းတန် ကျောက်စိမ်းတွဲပါ ပါတဲ့ ကျောက်မျက်ပြပွဲမှာ ကျောက်စိမ်းကြည့်နေသူ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မဏ္ဍိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ ကျောက်မျက်ပွဲမှာ ကြမ်းခင်းဈေး ယူရိုသန်းနဲ့ချီတန်တဲ့ ကျောက်စိမ်းအရိုင်းတုံးတွေ အပါအဝင် ကျောက်စိမ်း၊ ကျောက်မျက် အတွဲပေါင်း ၈,၀၀၀ ကျော် ရောင်းချနေပါတယ်။

စက်တင်ဘာ ၁၆ ရက်ကစပြီးရောင်းချနေတဲ့ ကျောက်မျက်ပွဲမှာ နိုင်ငံခြားငွေကြေး ယူရိုနဲ့ ရောင်းချနေတာဖြစ်ပြီး ဈေးအမြင့်ဆုံးအနေနဲ့ ကြမ်းခင်းဈေး ယူရို ၅ သန်းတန် ကျောက်စိမ်းတွဲနဲ့ ကြမ်းခင်းဈေး ယူရို ၃ သိန်းတန် ကျောက်မျက်အတွဲတွေအပါအဝင် ကျောက်စိမ်း အတွဲပေါင်း ၇၈၁၁တွဲ နဲ့ ကျောက်မျက်အတွဲပေါင်း ၄၈၁တွဲ ကို ရောင်းချဖို့ ရှိပါတယ်။

'' ပြပွဲမှာ ကြမ်းခင်းဈေး ယူရိုသန်းနဲ့ချီတဲ့ ကျောက်စိမ်းတုံးတွေရှိပေမယ့် သောင်းဂဏန်းပဲရှိတဲ့ ကျောက်တွဲတွေလည်း ကြိုက်သူများတဲ့အခါ ဒေါ်လာသန်းချီပြီးရောင်းရတာမျိုးတွေ ရှိခဲ့ဖူးတယ်'' လို့ မြန်မာ့ ကျောက်မျက်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် THET AUNG/AFP/Getty Images
Image caption ကျောက်စိမ်းအရိုင်းတုံးကို အနည်းဆုံးကြမ်းခင်းဈေး ယူရို ၅,၀၀၀၊ အချောထည်ကို ယူရို ၁,၀၀၀သတ်မှတ်ထား

NLD အစိုးရတက်လာပြီးနောက် တိုင်းနဲ့ ပြည်နယ်တချို့မှာ ကျောက်မျက်ရောင်းချပွဲတွေ မကြာခဏလုပ်လေ့ရှိသလို နေပြည်တော်မှာလည်း မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ ကျောက်မျက်ပွဲတွေ၊ ယူရိုငွေကြေးနဲ့ ရောင်းချတဲ့ ကျောက်မျက်ပွဲတွေကို တစ်နှစ်ကို အနည်းဆုံး ၃ ကြိမ် လုပ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက လုပ်ခဲ့တဲ့ ကျောက်မျက်ပွဲမှာတော့ ကျောက်စိမ်းအတွဲပေါင်း ၆,၀၀၀ကျော်ပဲ ရောင်းနိုင်ခဲ့ပြီး အခုပွဲမှာတော့ အတွဲပေါင်း ၇,၀၀၀ ရောင်းချမှာ ဖြစ်လို့ ယူရိုသန်း ၅၀၀ ကျော်ဖိုးလောက် ရဖို့ မှန်းထားတယ်လို့လည်း မြန်မာ့ကျောက်မျက်အသင်း ဒုဥက္ကဌ ဦးဇော်ဘိုခန့်က ပြောပြပါတယ်။

အခုတစ်ကြိမ် ကျောက်မျက်ပွဲမှာတော့ ကျောက်စိမ်းအရိုင်းတုံးကို အနည်းဆုံးကြမ်းခင်းဈေး ယူရို ၅,၀၀၀၊ အချောထည်ကို ယူရို ၁,၀၀၀ သတ်မှတ်ထားပါတယ်။

ပြပွဲကိုတော့ စက်တင်ဘာ ၁၆ ရက် ကနေ ၂၅ ရက် အထိ ၁၀ ရက်တာ ကျင်းပသွားမှာဖြစ်ပြီး ပြည်တွင်း ကျောက်ကုန်သည်တွေ အပြင် တရုတ်၊ ဟောင်ကောင်၊ ထိုင်းစတဲ့ နိုင်ငံတကာက ကျောက်ကုန်သည် ၄ ,၀၀၀ ကျော်လောက် ရောက်ရှိနေတယ်လို့ သိရပါတယ်။