စစ်တွေမှာ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးခံနေရသူ သွေးအန်လို့ ဆေးကုသနေရ

သူ့ကို စစ်တွေဆေးရုံကြီး အကျဉ်းသားလူနာကုသဆောင်မှာ ထိန်းသိမ်းကုသ ဓာတ်ပုံ မူပိုင် Myint Lwin
Image caption သူ့ကို စစ်တွေဆေးရုံကြီး အကျဉ်းသားလူနာကုသဆောင်မှာ ထိန်းသိမ်းကုသ

စစ်တွေအကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုခံနေရသူ အသက် ၂၀ အရွယ် အမျိုးသားဟာ သွေးအန်တဲ့အတွက် စစ်တွေဆေးရုံကြီးမှာ စက်တင်ဘာ ၁၅ ရက်က စပြီး ကုသနေရတယ်လို့ သူ့မိသားစုတွေဆီက သိရပါတယ်။

အဲဒီလို ဆေးကုသနေရသူဟာ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာ နာရေးကူညီမှုအသင်းက ကိုစည်သူအောင်ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့က ငှက်ဖျားရောဂါ အပြင်းအထန်ခံစားနေရတဲ့ လူနာတစ်ဦးကို ဆေးရုံလိုက်ပို့စဉ်မှာ တပ်မတော်ရဲ့ ဖမ်းဆီးခြင်းကိုခံရသူ ဖြစ်ပါတယ်။

သူ့ကို တပ်မတော်က ဖမ်းဆီးပြီး စစ်ကြောရေးလုပ်တုန်း ရိုက်နှက်မှုတွေကြောင့် သွေးအန်တာလို့ သူ့ ဖခင်က ပြောပါတယ်။

ဒါပေမဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ထွန်းထွန်းညီကတော့ သူတို့ မျက်မြင်မဟုတ်တဲ့အတွက် ပြောစရာမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ကျွန်တော်သားက နေမကောင်းဖြစ်နေပါတယ်။ စစ်ကြောရေးမှာ တပ်မတော်က ရိုက်ထားတဲအတွက် သွေးအန်တာလို့ ပြောပါတယ်။ ဖြစ်တာက သုံးပတ်လောက်ရှိပြီ။ ရင်ဘတ်အောင့်ပြီးတော့ နေရင်းထိုင်ရင်းနဲ့ သွေးအန်လာတာလို့ ပြောပါ တယ်။"လို့ သူ့ဖခင် ဦးမောင်သောင်းအေးက ဘီဘီစီ ကို ပြောပါတယ်။

ဗိုလ်မှူးချုပ် ထွန်းထွန်းညီကကတော့ "ကျွန်တော်တို့က မမြင်ရဘူး။ မမြင်ရတဲ့ ကိစ္စဆိုတော့ ကျွန်တော်တို့လည်း ပြောလို့မရဘူးလေ။ သေချာအောင်တော့ အကျဉ်းဦးစီးတို့ ဘာတို့ကို မေးကြည့်ပါ။ သံသယရှိတဲ့သူတွေကို ဖမ်းတဲ့ကိစ္စကလည်း ရဲတပ်ဖွဲ့နဲ့ ရဲလုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်"လို့ ပြောပါတယ်။

မိသားစုက တောင်းဆိုလို့ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေဆေးရုံကြီးမှာ ပြသခွင့်ရခဲ့ပေမဲ့ အတွင်းလူနာအဖြစ် ဆေးရုံတင် ဆေးကုသရတာမဟုတ်ဘဲ အပြင်လူနာတစ်ယောက်အနေနဲ့ပဲ လာရောက် ပြသနေရတယ်လို့ သူ့မိသားစုက ဆိုပါတယ်။

သူ့ကို စစ်တွေဆေးရုံကြီး အကျဉ်းသားလူနာကုသဆောင်မှာ ထိန်းသိမ်းကုသထားရှိတယ်လို့ မိသားစုဆီက သိရပါတယ်။

သူဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခွင့် မရတာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးသွင်ကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

လက်ရှိမှာတော့ ကိုစည်သူအောင်ဟာ အဲ့ဒီဝေဒနာကြောင့် ပင်ပန်းနေပြီး စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ သူ့ရဲ့အဖေ ဦးမောင်သောင်းအေးကပြောပါတယ်။

သူ့ရဲ့အခြေအနေနဲ့ပတ်သက်လို့ အမှုမှာ လိုက်ပါအကူအညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ကိုစည်သူအောင် နေမကောင်းဖြစ်နေတယ်ဆိုတာကို သတင်းရရှိကြောင်းနဲ့ လောလောဆယ်မှာ သူခရီးထွက်နေတဲ့အတွက် ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို မသိရသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကိုစည်သူအောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ၊ သပေါ့စာတဲစုမှာ ခြံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး ငှက်ဖျားရောဂါအသည်းအသန်ဖြစ်ပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်စဉ် မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခြင်းကို ခံရတာဖြစ်ပါတယ်။

အဲ့ဒီဖမ်းဆီးခံလိုက်ရသူတွေထဲမှာ ကျောင်းတောင်ကျေးရွာ နာရေးကူညီမှုအသင်းက လိုက်ပါပို့ဆောင်ပေးခဲ့သူတွေအပြင် လူနာကိုသယ်ယူလာတဲ့ ကားသမားတွေလည်း ဖမ်းဆီးခံရပြီး စုစုပေါင်းလူ ၁၂ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီထဲက ငှက်ဖျားရောဂါဖြစ်ပြီး သတိလစ်နေသူကတော့ အချိန်မီဆေးရုံကို မပို့ဆောင်နိုင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး နောက်တစ်ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။