အပစ်ရပ်စာချုပ် အထမြောက်လာဖို့ အေအေ ဘယ်လောက် မျှော်လင့်လဲ

ဒေါက်တာညိုထွန်းအောင်
Image caption ဂိမ်းစကားနဲ့ ပြောရရင် လယ်ဗယ်တူး အဆင့် နောက်တဆင့် စပြီးတက်တဲ့ သဘောပဲ ရှိပါသေးတယ်။

ရခိုင်လက်နက်ကိုင် အဖွဲ့ အေအေကို ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင်ခွင့်မပေးနိုင်ဘူး ဆိုပြီး အစိုးရတပ်က သဘောထားခဲ့ရာက နောက်ပိုင်း ဖြေလျှော့လာပြီး အစိုးရက ဖွဲ့ထားတဲ့ NRPC လို့ ခေါ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ အေအေ တွေ့ဆုံ ဆွေးနွေးတာတွေ ပြုလုပ်လာပါတယ်။

ဒါပေမယ့် အေအေကို ရခိုင်မှာ အခြေချခွင့် မပေးနိုင်ဘူးလို့ အစိုးရ တပ်မတော်ဘက်က ပြောနေပြီး၊ အေအေဘက်ကတော့ သူတို့ ကိုင်စွဲတဲ့ ရက္ခိတ လမ်းစဉ်ဆိုတာကို ကြည့်ရင် အဓိကကတော့ ရခိုင်မှာ ရခိုင်တပ် ရှိရမယ် ဆိုတာကို အခြေခံထားတာ ဖြစ်ပါတယ်။

အေအေပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လောလောလတ်လတ်မှာပဲ ရှမ်းပြည်နယ်၊ ကျိုင်းတုံမှာ နှစ်ကြိမ် ပြုလုပ်ထားပါတယ်။

မြောက်ပိုင်း မဟာမိတ် ခေါင်းစဉ်အောက်မှာ စုစည်းထားတဲ့ ကချင် KIA ၊ တအာင်း ပလောင် TNLA ၊ ကိုးကန့် MNDAA တိုနဲ့အတူ ရခိုင် အေအေ အဖွဲ့က ကိုယ်စားလှယ်တွေလည်း NRPC ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။

ကျိုင်းတုံ ဆွေးနွေးပွဲ ရလဒ်တွေကိုကြည့်ရင် "bilateral ceasefire agreement" လို့ခေါ်တဲ့ နှစ်ဘက် အပစ်ရပ် သဘောတူမှု တကယ်တမ်း အထမြောက်လာနိုင်တယ်လို့ အေအေ အနေနဲ့ ယုံကြည်မှု ရှိပါသလား။ ဘယ်လောက်နီးစပ်လဲ၊ ဘယ်လို စိန်ခေါ်မှု အခက်အခဲတွေ ရှိနေလဲ ဆိုတာကို ကျိုင်းတုံ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အေအေ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ကို ဘီဘီစီ ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါက်တာညိုထွန်းအောင်။ ။ ကျိုင်းတုံ အစည်းအဝေး ဆိုတာ လက်နက်ကိုင်ပြီး တိုက်နေကြတဲ့ ဘက်နှစ်ဘက် အပြန်အလှန် ဆွေးနွေးကြတာ ဆိုတော့ သူ့ဘက်ကိုယ့်ဘက် မျှော်လင့်ချက်တွေ ရှိတယ်၊ သူ့ဘက်ကိုယ့်ဘက် ရပ်တည်ချက်တွေ ရှိတယ်။ အဲဒါတွေပေါ် မူတည်ပြီး ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးပွဲ သဘောတူညီချက် ၇ ချက်ကို ကန့်သတ်ဆိုတဲ့ ပုံစံမျိုး အနေနဲ့ ထုတ်ပြန်နိုင်ခဲ့တယ်။ သဘောကတော့ အတိအလင်း ကြေညာချက် Statement ပုံစံမျိုး အနေနဲ့ မဟုတ်ပဲ ဘယ်အချက်အလက်တွေလဲ ဆိုတဲ့ ပုံစံနဲ့တော့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ NRPC ဘက်က တင်ပြတဲ့ သဘောထားတွေနဲ့ ကျွန်တော်တို့ဘက်က သဘောထားတွေကို အတတ်နိုင်ဆုံး ဟိုဘက်ဒီဘက် ညှိပြီး ရလာတဲ့ သဘောတူညီချက်တွေ ဖြစ်ပါတယ်။ အဲဒီ အချက်အလက်တွေ အပေါ်မှာ အခြေခံပြီး ဆက်လက်ဆွေးနွေးမယ် ဆိုရင်တော့ နှစ်ဦးနှစ်ဘက်လုံးရော၊ ပြည်သူလူထုရော လိုလားတဲ့ အဆင့်တဆင့်ကို ရနိုင်မယ်လို့တော့ မျှော်လင့်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ပြောရရင် အကြိတ်အနယ် ဆက်ပြီး ညှိရဦးမယ့် အနေအထားတော့ ရှိပါတယ်။

ဘီဘီစီ ။ ။ အစိုးရနဲ့ တပ်မတော်ဘက်ကလာတဲ့ ကိုယ်စားလှယ်တွေကို ကျိုင်းတုံ အစည်းအဝေးမှာ တွေ့ကြုံ ဆက်ဆံရတာတွေကနေ တဆင့် သူတို့ရဲ့ ရပ်တည်ချက် အနေအထားကို ဘယ်လို သုံးသပ်မိလဲ။ အေအေနဲ့ငြိမ်းချမ်းရေးယူမယ် ဆိုတဲ့ စိတ်ဆန္ဒ သဘောထားရှိတဲ့ အနေအထားမျိုး မြင်ရ တွေ့ရလား။

ဒေါက်တာညိုထွန်းအောင်။ ။ အေအေ အနေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသမျှ NRPC နဲ့ပဲ တွေ့ကြတာများပါတယ်။ အခုနောက်ဆုံး စက်တင်ဘာ ၁၇ ရက် အစည်းအဝေး မတိုင်ခင်က တွေ့ဆုံပွဲတွေမှာ တပ်မတော်ဘက်က ခေါင်းဆောင်တွေ မပါဝင်ခဲ့ပါဘူး။ ဒီတခေါက် သူတို့ဘက်က တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ် ပါလာတယ်ဆိုတော့ ဒါဟာ တိုးတက်မှု အနေနဲ့ အကောင်းဘက်ကနေ ကြည့်လို့ရပါတယ်။ အခုအချိန်ဟာ နှစ်ဘက် ဆွေးနွေးနေတဲ့ အချိန်ဖြစ်တယ်။ ဒီတော့ ဒီအချိန်မှာ သူတို့ဟာ ငြိမ်းချမ်းရေးကို တကယ် မလိုလားဘူးလို့ ကျွန်တော်တို့ဘက်က ပြောလို့ မရသလို၊ ကျွန်တော်တို့ကိုလည်း သူတို့ဘက်က ငြိမ်းချမ်းရေး မလိုလားသူတွေလို့ ပြောလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။ အခုတခေါက် ကျိုင်းတုံ ဆွေးနွေးပွဲကတော့ ဂိမ်းစကားနဲ့ ပြောရရင် လယ်ဗယ်တူး Level 2 အဆင့်ကိုတက်တဲ့၊ နောက်အဆင့် တဆင့်ပေါ့နော၊ စပြီးတက်တဲ့ ပဏာမ သဘောပဲ ရှိပါသေးတယ်။ ဘောလုံးစကားနဲ့ ပြောရရင်လည်း ဘောလုံးတည် ဝီစီမှုတ်ပြီး စကန်တဲ့ အချိန် ဆိုတော့ ဟိုဘက်ဒီဘက် အခြေအနေကို နှစ်ဘက် အပြန်အလှန် အကဲခတ်နေကြတဲ့ အနေအထားလောက်ပဲ ရှိပါတယ်။

ဘီဘီစီ ။ ။ အေအေကို ရခိုင်မှာ နေလို့မရဘူး၊လိုင်ဇာမှာနေရမယ်၊ ရှမ်းမှာနေရမယ် အစရှိသဖြင့် ဘယ်မှာ နေရမယ်၊ ဘယ်မှာ နေလို့မရဘူး ဆိုပြီး တပ်မတော်ဘက်က တောင်းဆိုတာမျိုးတွေရော ကျိုင်းတုံ အစည်းအဝေးမှာ ရှိခဲ့ပါလား။

ဒေါက်တာညိုထွန်းအောင်။ ။ ဒီတခေါက် ကျွန်တော်တို့ အဓိကထား ဆွေးနွေးတာ "bilateral ceasefire agreement" နှစ်ဘက် အပစ်ရပ် သဘောတူမှု အကြောင်း ဖြစ်ပါတယ်။ ဩဂုတ် ၃၁ ကျိုင်းတုံ အစည်းအဝေးမှာတုန်းက ကျွန်တော်တို့က bilateral သဘောတူမှုကို ဖတ်ပြခဲ့တယ်။ ဒီတခေါက်မှာတော့ သူတို့ဘက်က မူကြမ်းပါလာပါတယ်။ ဒီတော့ bilateral အကြောင်းပဲ အဓိက ဆွေးနွေးတယ်ဆိုတော့ တပ်ကိစ္စကို အကြေအလည် မဆွေးနွေးခဲ့ရဘူး။ အချိန်လုံလောက်မှု မရှိတာက တကြောင်း၊ အဓိက ဆွေးနွေးကြမယ် ဆိုပြီး ခေါင်းစဉ်တည်ထားတာလဲ bilateral ceasefire agreement ဆိုတော့ အဲဒီ တပ်နေရာချတဲ့ ကိစ္စတွေတော့ မပါခဲ့ပါဘူး။ ဒီတော့ အေအေကို ရခိုင်မှာ အခြေမချရ ဆိုတာမျိုး စက်တင်ဘာ ၁၇ ရက် အစည်းအဝေးမှာ သူတို့ဘက်က တောင်းဆိုသလား ဆိုရင် မတောင်းဆိုဘူး။

ဓာတ်ပုံ မူပိုင် Tachileik News Agency
Image caption ကျိုင်းတုံ အစည်းအဝေးမှာ တွေ့ရတဲ့ ULA/AA ကိုယ်စားလှယ်တွေ

ဘီဘီစီ ။ ။ အေအေဘက်ကရော ဘာတွေ တောင်းဆိုတာမျိုး ရှိလဲ။

ဒေါက်တာညိုထွန်းအောင်။ ။ ဩဂုတ် ၃၁ အစည်းအဝေးမှာ ကျွန်တော်တို့ဘက်က တောင်းဆိုတာတချို့ လုပ်ခဲ့တယ်။ အေအေသံသယနဲ့ ရခိုင်ထဲမှာ ဖြစ်စေ၊ တခြား နေရာမှာဖြစ်စေ အစိုးရနဲ့ တပ်မတော်က ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ NRPC ဘက်က ပြန်ပြောလာတာကတော့ ကျွန်တော်တို့ဘက်က စာရင်းနဲ့တကွ မပေးတဲ့အတွက်ကြောင့် ဘယ်သူ့ကို လွှတ်ရမယ်မှန်း မသိဘူး ဆိုတဲ့ဟာမျိုး သူတို့ ပြန်ပြောလာတယ်။ ဒီတော့ ကျွန်တော်က စာရင်းတွေကို ပို့ပေးမယ်လို့ အခုတခေါက် အစည်းဝေးမှာ ပြောခဲ့တယ်။

အခုအချိန်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း တိုက်ပွဲတွင်း ဖမ်းဆီး ထိန်းသိမ်းမိတဲ့ မြန်မာ့တပ်မတော်က သူတွေရော၊ တခြား တိုက်ပွဲနဲ့ မသက်ဆိုင်သူတွေကို ပြန်လွှတ်ခဲ့တာတွေ ရှိပါတယ်။ ဒါဟာ ယုံကြည်မှု တည်ဆောက်တဲ့ အနေနဲ့ ကျွန်တော်တို့က ဆောင်ရွက်ခဲ့တာပါ။ ဒီတော့ မတရားသဖြင့် ဖမ်းခံထားရတဲ့ ရခိုင်လူမျိုးတွေကို သူတို့ဘက်ကလည်း ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုရတာပါ။

ဒီတခေါက် အစည်းအဝေးမှာ ကျွန်တော်ထပ်ပြီး ပြောဆိုခဲ့တာကတော့ စင်္ကာပူကိစ္စပါ။ ကျွန်တော်တို့ရဲ့ အမျိုးတွေ၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ ဖမ်းခံထားရတယ်၊ နောက်ထပ်လည်း လူ ၁၆၄ ယောက်ကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်၊ ဒီလိုမျိုးတွေ ခင်ဗျားတို့ မလုပ်သင့်ပါဘူး ဆိုပြီး ကျွန်တော် ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်ကိုက တိုက်ပွဲတွေကို လျှော့ချနိုင်ဖို့ ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေကို လျှော့ချနိုင်ဖို့ ဖြစ်တယ် ဆိုပြီး ဒီတခေါက် တစ်ဖွဲ့ချင်းအလိုက် စကားပြောတဲ့အခါမှာ ကျွန်တော် ပြောခဲ့တယ်။ ခင်ဗျားတို့က ပြည်သူလူထုရဲ့ စိုးရိမ်မှုကို မလျှော့ချနိုင်တဲ့ အပြင် ရခိုင်လူထု စိုးရိမ်မှုတိုးအောင် တစ်ရက်ထက်တစ်ရက် လုပ်နေတယ်လို့ ကျွန်တော် တင်ပြ ဆွေးနွေးခဲ့တယ်။ ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေကို လျှော့ချနိုင်ဖို့ ဆိုရင် တိုက်ပွဲတွေ လျှော့ချဖို့ လိုသလို ဖမ်းထားတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့ လိုတယ် ဆိုပြီး တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Tachileik News Agency
Image caption တပ်ကိုယ်စားလှယ်တွေလည်း ကျိုင်းတုံ ဒုတိယ အကြိမ်အစည်းအဝေးကို တက်ရောက်လာ

ဘီဘီစီ ။ ။ အခု ဆွေးနွေးထားသမျှတွေကို ကြည့်ရင် bilateral လက်မှတ်ထိုးဖို့ ဖြစ်နိုင်တဲ့ အခြေအနေ ရှိလား။

ဒေါက်တာညိုထွန်းအောင်။ ။ Bilateral နဲ့ ပတ်သက်ပြီး ဒီတခေါက် နောက်ဆုံး အစည်းအဝေးမှာ သဘောတူညီချက် ရှိပါတယ်။ Bilateral ceasefire agreement ထဲမှာ ဘယ်အချက်တွေ ပါမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ အဲဒီ အချက်တွေထဲက တချို့ကို နှစ်ဘက် သဘောတူထားကြပြီး ဖြစ်ပါတယ်။ တချို့ အချက်တွေကတော့ အပြန်အလှန် ထပ် ဆွေးနွေးဖို့ လိုပါတယ်။ အချက်အားလုံးကို သဘောတူနိုင်တဲ့ အခါ bilateral အထမြောက် လာပါလိမ့်မယ်။ ဘယ်အချိန်မှာ အထမြောက်မလဲ ဆိုတာ ပြောဖို့ စောပါသေးတယ်။

ဘီဘီစီ ။ ။ အေအေကို ရခိုင်မှာ နယ်မြေ မပေးနိုင်ဘူး၊ တပ်စွဲခွင့် မပေးနိုင်ဘူး ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြောဆိုထားပါတယ်။ ဒီ ကိစ္စအကြောင်း ပြောလာရပြီ ဆိုရင် အေအေ အနေနဲ့ ဘယ်လို ရပ်တည်မလဲ။

ဒေါက်တာညိုထွန်းအောင်။ ။ အဲဒီ သဘောထားမျိုးဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မလိုလားရာ ရောက်ပါတယ်။ ပကတိ အခြေအနေရဲ့ အမှန်တရား၊ သမိုင်းဆိုင်ရာ အမှန်တရားကို လက်မခံရာ ရောက်ပါတယ်။ ကျွန်တော်တို့ ရပ်တည်မှုကတော့ ရက္ခိုင့်တပ်တော် ရခိုင်ပြည်မှာ ရှိရမယ်၊ ရခိုင် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမယ်။ ဒီယုံကြည်ချက် အတိုင်းပဲ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။

ဘီဘီစီ ။ ။ ကျိုင်းတုံ ဆွေးနွေးပွဲ နှစ်ကြိမ် ရှိသွားပြီ။ ရခိုင်ထဲမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲ လျှော့ချဖို့ အေအေဘက်က ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိလဲ။

ဒေါက်တာညိုထွန်းအောင်။ ။ NRPC နဲ့ တွေ့တဲ့ အစည်းအဝေးတိုင်းမှာ တိုက်ပွဲတွေ လျှော့ချရေးလို့ သူတို့ ပြောပြီဆိုရင် ရှမ်းပြည်မြောက်ပိုင်း ကိစ္စပဲ ပါတယ်။ ကျွန်တော်တို့ ရခိုင်ဒေသ အကြောင်း မပါဘူး။ ဒီတော့ အဲဒီလို အတွေးအခေါ်၊ စဉ်းစားပုံ စဉ်းစားနည်းကို သူတို့ဘက်က ပြောင်းဖို့လိုပါတယ်။ ရခိုင်မှာလည်း တိုက်ပွဲတွေ ရှိနေတယ်၊ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ ရှိနေတယ် ဆိုတဲ့ အချက်လည်း သူတို့ရဲ့ ခေါင်းထဲမှာ ရှိနေဖို့ လိုပါတယ်။ အဲဒါမှပဲ တိုက်ပွဲလျှော့ချရေးကိစ္စ၊ bilateral ကိစ္စတွေ ရှေ့ဆက်နိုင်မှာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း