အစိုးရတပ်က ဆန္ဒရှိရင် ပူးပေါင်း အပစ်ရပ်ဖို့ အသင့်ပဲလို့ မဟာမိတ် ၃ ဖွဲ့ ပြော

မဟာမိတ် ၃ ဖွဲ့ ဓာတ်ပုံ မူပိုင် Getty Images
Image caption နမ့်ဆန်မှာ အစိုးရနဲ့ တိုက်ပွဲ ပြင်းထန်ထားတဲ့ TNLA

ညီနောင် မဟာမိတ် ၃ ဖွဲ့ ဆိုတဲ့ နာမည်အောက် စုစည်းထားတဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရခိုင်တပ် အေအေ တို့က သူတို့ ကြေညာထားတဲ့ တစ်ဘက်သတ် အပစ်ရပ်ကာလကို ဒီနှစ် ၂ဝ၁၉ အကုန်ထိ တိုးမြှင့် သတ်မှတ်ကြောင်း ကြေညာပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ အထိ တစ်လတာ အပစ်ရပ်မယ့် အကြောင်း ထုတ်ပြန်ထားလက်စ သက်တမ်းမပြည့်ခင်မှာပဲ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အချိန်တိုးမြှင့်ကြောင်း ကြေညာလာတာ ဖြစ်ပါတယ်။

ဒီလို သက်တမ်းတိုးမြှင့်ရတဲ့ ရည်ရွယ်ချက်က အစိုးရနဲ့ "Bilateral Ceasefire Agreement" လို့ ခေါ်တဲ့ နှစ်ဘက် အပစ်ရပ် သဘောတူမှု လက်မှတ်ထိုးနိုင်ဖို့ တွေ့ဆုံ ဆွေးနွေးနေတာတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် လုပ်နိုင်ဖို့ ဖြစ်တယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အင်္ဂလိပ်၊ မြန်မာနဲ့ တရုတ် ဘာသာစကား သုံးမျိုးနဲ့ ရေးသားဖော်ပြထားတဲ့ ထုတ်ပြန်ချက်ကို တအာင်း TNLA သတင်းထုတ်ပြန်ရေး အဖွဲ့က ဘီဘီစီကို အီးမေးလ်ကနေ တဆင့် လှမ်းပို့ထားပါတယ်။

ဓာတ်ပုံ မူပိုင် TNLA
Image caption ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်

အစိုးရတပ်ရဲ့ အပစ်ရပ်ကာလ သက်တမ်းကုန်ဖို့ တစ်ရက်အလိုမှာ ထုတ်ပြန်လာ

အစိုးရ တပ်မတော် အနေနဲ့လည်း ရှမ်းနဲ့ ကချင် အခြေစိုက် စစ်တိုင်း ဒေသတွေမှာ တစ်ဘက်သတ် အပစ်ရပ်ကြောင်း ၂ဝ၁၈ နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ သူတို့ရဲ့ ကြေညာချက်ကို ဒီကြားကာလတွေမှာ သက်တမ်း ၃ ကြိမ် တိုးခဲ့ပါတယ်။

တပ်မတော်ဘက်က တိုးထားတဲ့ အပစ်ရပ်ကာလကတော့ စက်တင်ဘာ ၂၁ ရက် စနေနေ့ ဆိုရင် သက်တမ်းကုန်ပြီ ဖြစ်ပါတယ်။

ဆက်ပြီး သက်တမ်း တိုးဖို့ ရှိမရှိ အတည်မပြု နိုင်သေးဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောထားပါတယ်။

အစိုးရတပ်ရဲ့ အပစ်ရပ်ကာလ သက်တမ်းကုန်ဖို့ တစ်ရက်အလိုမှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ ဘက်က သူတို့ရဲ့ အပစ်ရပ်ကာလကို နှစ်ကုန်အထိ သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင်၊ တကယ်လို့သာ တပ်မတော်ဘက်က ဆန္ဒရှိရင် အခုလို တစ်ဘက်သတ် အပစ်ရပ် ကြေညာချက်တွေ သီးခြားစီ ကြေညာတာမျိုးတင်မက နှစ်ဘက် ပူးတွဲပြီး အပစ်အခတ် ရပ်ဖို့လည်း အဆင်သင့် ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ဖိတ်ခေါ်တဲ့ အပေါ် သဘောထား ဘယ်လို ရှိလဲ၊ ဘယ်လို တုန့်ပြန်မလဲ ဆိုတာကိုလည်း တပ်မတော်ဘက်ကတော့ တစုံတရာ ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဓာတ်ပုံ မူပိုင် YE AUNG THU / AFP
Image caption တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

ကန့်သတ်ချက်တွေ ထည့်သွင်းထား

စစ်ရှိန်လျှော့ပြီး နှစ်ဘက် အပစ်ရပ် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး အတွက် အထောက်အကူ ဖြစ်စေဖို့ အခုလို တစ်ဘက်သတ် အပစ်ရပ် သက်တမ်းတိုးရတာလို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ဆိုပေမယ့်၊ ကန့်သတ်ချက်တချို့တော့ ထည့်သွင်းထားပါတယ်။

တကယ်လို့ တပ်မတော်ဘက်က သူတို့ ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့ကို ထိုးစစ်ဆင်လာရင်၊ ဒါမှမဟုတ် ရင်ဆိုင်တိုက်ပွဲ မဖြစ်ဘဲနဲ့ မြေပြင် လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာမျိုး၊ ရဟတ်ယာဉ်တွေ၊ စစ်သင်္ဘောတွေပေါ် ကနေ ပစ်ခတ်တာမျိုးတွေ လုပ်လာရင်တော့ ခုခံကာကွယ်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆိုပြီး စုစည်းထားတာထဲ ရခိုင်တပ် အေအေလည်း ပါဝင်တာကြောင့် ဒီ ကြေညာချက်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကိုသာမက၊ အစိုးရ စစ်ရေယာဉ်တွေ အသုံးပြုနေတဲ့ ရခိုင်ထဲက တိုက်ပွဲတွေကိုပါ ရည်ညွှန်းနေတာ ဖြစ်ပါတယ်။

Bilateral ထိုးနိုင်ရေး ဘယ်အခြေအနေ ရှိနေလဲ

ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ ကချင် KIA တို့ အစိုးရနဲ့ကြား bilateral ထိုးနိုင်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကတော့ လောလောလတ်လတ်မှာပဲ ကျိုင်းတုံမှာ နှစ်ကြိမ် လုပ်ထားပါတယ်။

တကယ်တမ်း လက်မှတ်ထိုးတဲ့ အထိ ဖြစ်မလာသေးပေမယ့် ဘယ်အချက်တွေ ပါဝင်မလဲ ဆိုတာကို သဘောတူထားကြပြီး၊ ဆက် ဆွေးနွေးကြမယ် ဆိုတဲ့ ကတိကဝတ်တွေတော့ ပြုလုပ်ထားပါတယ်။

လာမယ့် အောက်တိုဘာလထဲ နောက်တချီ ထပ်ပြီးတွေ့ဖို့ စီစဉ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Tachileik News Agency
Image caption ကျိုင်းတုံ ဒုတိယအကြိမ် အစည်းအဝေးကို လာတက်တဲ့ မြောက်ပိုင်း မဟာမိတ် ကိုယ်စားလှယ်တွေ

မြေပြင်တိုက်ပွဲတွေ နဲ့ ပတ်သက်လို့တော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲ ပြီးခဲ့တဲ့ ရက်ပိုင်းကအထိ တအာင်းတပ် TNLA နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ရှိနေခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာလည်း နေ့စဉ်လိုပဲ တစ်နေရာမဟုတ် တစ်နေရာမှာ ထိတွေ့ ပစ်ခတ်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ မိုင်းခွဲတာတွေ ဆက်ဖြစ်နေပါတယ်။

ဒီလို အခြေအနေတွေမှာပဲ ကျိုင်းတုံ ဆွေးနွေးပွဲလို ငြိမ်းချမ်းရေး စကားဝိုင်းတွေ ရှိနေတဲ့ အပေါ်မှာတော့ အပစ်ရပ် စာချုပ် ချုပ်ဆိုနိုင်ရေး မျှော်လင့်ချက် လမ်းစအဖြစ် နှစ်ဘက်လုံးက ပြောကြပါတယ်။

အေအေရဲ့ ပြောဆိုချက်

မြေပြင်တိုက်ပွဲတွေ အရှိန်လျှော့ချရေး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ပြောကြတဲ့ အခါ ရှမ်းပြည်နယ်ထဲက တိုက်ပွဲတွေ အကြောင်းပဲ ပြောတယ်လို့ ကျိုင်းတုံ စကားဝိုင်းတွေမှာ ပါဝင်ခဲ့တဲ့ အေအေ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ထဲမှာလည်း တိုက်ပွဲတွေ ရှိနေ၊ ဖြစ်နေတာကို အစိုးရနဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ ထည့်သွင်း စဉ်းစားသင့်တယ်လို့လည်း ဒေါက်တာ ညိုထွန်းအောင်က ဆိုပါတယ်။

တပ်မတော် အပစ်ရပ် ကြေညာပေးထားတဲ့ စစ်တိုင်း ဒေသတွေထဲမှာ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း မပါဝင်ပါဘူး။

တခါ၊ အေအေရဲ့ စစ်ရေး ဆောင်ရွက်မှုတွေကို ကြည့်ရင် ရှမ်းပြည်နယ်ထဲ ကိုးကန့် MNDAA ၊ တအာင်း TNLA တို့နဲ့ ပူးပေါင်းပြီး ညီနောင် မဟာမိတ် ၃ ဖွဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နောင်ချို၊ ပြင်ဦးလွင်က ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ စစ်ရေး ဖော်ဆောင်မှုထဲ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မြောက်ဦးနယ်ထဲကျတဲ့ မပေါက်ကွဲတဲ့ ရော့ကက်ကျည်

ရခိုင်ပြည်နယ်ထဲက စစ်ရေး အခြေအနေ

လက်ရှိ ရခိုင်ပြည်နယ်ထဲက စစ်ရေး အခြေအနေကို ကြည့်ရင် စက်တင်ဘာ ၂ဝ ရက်၊ သောကြာနေ့အထိ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေပါတယ်။

သောကြာနေ့ ညနေပိုင်း ၄ နာရီ ဝန်းကျင်မှာ ဘူးသီးတောင် အခြေစိုက် အစိုးရ တပ်မထဲက ဘီအီး အင်ဂျင်နီယာ တပ်စခန်း ရှိရာကို ပစ်မှတ်ထားပြီး အေအေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိထားတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါကို တုန့်ပြန်တဲ့ အနေနဲ့ အစိုးရတပ်ဘက်က ရဟတ်ယာဉ်တွေ သုံးပြီး ပစ်ခတ်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

ကြာသပတေးညပိုင်းကလည်း ဘူးသီးတောင် မြို့နယ်ထဲမှာပဲ ဥယျာဉ်ရွာ အရှေ့ဘက် နှစ်ဖာလုံ ဝန်းကျင် အကွာ စေတီဟောင်း နေရာမှာ အစိုးရတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ တောင်ကုန်းကို အေအေက ဝင်တိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးသံတွေကို ဘူးသီးတောင်၊ ရသေ့တောင် မြို့တွေကပါ မက စစ်တွေ မြို့ပြင်မှာပါ ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အေအေက လာရောက် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း ဘီဘီစီကို အတည်ပြုထားပါတယ်။