ကာလုံကို လုပ်နိုင်စွမ်း မြှင့်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက် မူကြမ်းတင်သွင်း

တပ်က အများစု ပါနေတဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက် မူကြမ်းတင်သွင်း ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption တပ်က အများစု ပါနေတဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက် မူကြမ်းတင်သွင်း

တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေကြမ်း တစ်ခုစီကို စက်တင်ဘာလ ၂၀ ရက်မှာ တင်သွင်းလိုက်ပါတယ်။

ဒါဟာ တပ်မတော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခု တင်အပြီး ရက်ပိုင်း အကြာမှာ ပြည်ထောင်စု လွှတ်တော်ကို ထပ်ပြီး တင်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒီတင်သွင်းတာတွေကတော့ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)က ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက တင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတို့ ဖြစ်ပါတယ်။

ဘာတွေ တင်တာလဲ

တပ်က တင်တဲ့ မူကြမ်းက အဓိကကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ခန့်တဲ့အခါ နိုင်ငံတော်သမ္မတဆီ တင်စရာမလိုဘဲ ခန့်နိုင်အောင် ပြင်တာပါ။

ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်တင်တဲ့ ဥပဒေကြမ်းကတော့ ကာကွယ်ရေးနဲ့ လုံခြုံရဲ့ ကောင်စီ- ကာလုံ ရဲ့ တာဝန်တွေကို ထည့်သွင်းတာ ဖြစ်ပါတယ်။

ဘာတွေ ထူးခြားလဲ

တပ်ကတင်တဲ့အထဲမှာ ထူးခြားတာက ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တို့က ရွေးချယ်ရမယ် ဆိုတာမျိုး ပြင်ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။

တစ်ဆက်တစ်စပ်တည်း နောက်ဆက်တွဲ ပြင်တဲ့ ပုဒ်မတွေက ဝန်ကြီးချုပ်ကို ရွေးတဲ့အခါမှာတော့ သမ္မတကို အကြောင်းကြားရမယ်။ ပြည်နယ် ဝန်ကြီးတွေကို ရွေးတဲ့အခါမှာတော့ ဝန်ကြီးချုပ်ကပဲ အကြောင်းကြားဖို့ လိုတော့တယ်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ထူးခြားတာကတော့ ကာလုံရဲ့ တာဝန်တွေကို အချက် ၇ ချက်နဲ့ ဖြည့်စွက်လိုက်တာပါ။

အဓိကကတော့ ကာလုံမှာ ပါဝင်သူ ၁၁ ဦးမှာ တပ်က အများစု ပါနေတဲ့ ကာလုံရဲ့ လုပ်နိုင်စွမ်းကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ မှာ သမ္မတ၊ ဒုသမ္မတ နှစ်ယောက်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ တပ်မတော်ဘက်က တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး တို့နဲ့ ဖွဲ့စည်းထားပါတယ်။ ဒုတိယသမ္မတတစ်ယောက်ကလည်း တပ်မတော်ဘက်က တင်သွင်းခွင့်ရထားတာမို့ ကာလုံမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေက အများစု ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption သမ္မတက ကာလုံ အစည်းအဝေး မခေါ်ဘဲနေလို့ မရဘူးဆိုတဲ့ ဖိအားမျိုးလို့ဆို

အခုလက်ရှိ အခြေခံ ဥပဒေမှာက ကာလုံ ဖွဲ့စည်းခြင်းဆိုတာပဲ ရှိပြီး ပြင်ဆင်ချက်မှာက တာဝန် ၇ ချက်ကို ထပ်ဖြည့်လိုက်တာပါ။

အဲဒီ တာဝန်တွေထဲက အဓိက အချက်တွေက

၁- လွှတ်တော်တွေ ဖျက်သိမ်းဖို့ သမ္မတကို ကာလုံက အကြံပေးနိုင်ဖို့

၂- ကာလုံကို နှစ်လ တစ်ကြိမ် ပုံမှန်ခေါ်ဖို့

၃- ကာလုံ အစည်းအဝေးကို တပ်က အချိန်မရွေး ခေါ်နိုင်ဖို့ တွေ ဖြစ်ပါတယ်။

ဒီလို အစည်းအဝေးကို အချိန်မရွေး ခေါ်နိုင်ဖို့ဆိုတာ အနည်းဆုံးကောင်စီဝင် ငါးဦးက တောင်းဆိုရင် အစည်းအဝေးကျင်းပရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းလိုက်ပြီး ကောင်စီထဲမှာ တပ်က ငါးဦး ရှိနေတာကြောင့် ဖြစ်ပါတယ်။

ဒီသုံးချက် အပြင် အရေးကြီးတဲ့ နောက်တစ်ချက်က ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ကာလုံက သမ္မတကို အကြံပေးဖို့ ဖြစ်ပါတယ်။

အခု လက်ရှိ အခြေခံ ဥပဒေ အရတော့ ကာလုံ အစည်းအဝေးခေါ်မခေါ်ကို သမ္မတကပဲဆုံးဖြတ်နိုင်ပြီး လက်ရှိ NLD အစိုးရ တက်လာပြီး နောက်ပိုင်း အခုချိန်ထိ ကာလုံအစည်းအဝေးကို တကြိမ်မှ မခေါ်သေးပါဘူး။

ဒီပြင်ဆင်ချက်တွေကို ဘာကြောင့်ပြင်ချင်တာလဲ

ဒီပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး သမ္မတက အခုလို ကာလုံ မခေါ်ဘဲထားတဲ့ ပုံစံမျိုးမဖြစ်အောင် သူတို့က ဝိုင်းဝန်းပြီးတော့ ထိန်းကျောင်းမယ့် သဘောလို့ မြင်တယ်လို့ ရခိုင် အမျိုးသားပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

နောက်ပြီး သမ္မတက ကာလုံ အစည်းအဝေး မခေါ်ဘဲနေလို့ မရဘူးဆိုတဲ့ ဖိအားမျိုးပေါ့လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption လက်ရှိ အခြေခံ ဥပဒေ အရတော့ ကာလုံ အစည်းအဝေးခေါ်မခေါ်ကို သမ္မတကပဲဆုံးဖြတ်နိုင်

ဒါ့အပြင် "ဥပမာ ၅၉ (စ) ကို ဒီဘက်က ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ အချိန်အခါမှာ သူတို့ကနေပြီး ၅၉ (စ) ရဲ့ ပုဒ်မတွေကို ပြည်ထောင်စု ဝန်ကြီးတွေရော တိုင်းဒေသကြီးတွေနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေရော အရည်အချင်း သတ်မှတ်ချက်မှာ ထည့်လိုက်တဲ့အခါမှာ သူတို့က နောက်မဆုတ်ဘူး၊ လျှော့မပေးဘူးဆိုတဲ့သဘော၊ တင်းမာတဲ့ သဘောကို ပြတာပေါ့" လို့ သူက ပြောပါတယ်။

တုံ့ပြန်မှု

အခုလိုပြင်ဆင်ချက်ထည့်သွင်းရတာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းထွန်းက ကာလုံက ငြိမ်နေလို့ ကာလုံကို တာဝန်တစ်ခု ပေးထားရင် လုပ်ကိုလုပ်ရမယ် ဆိုတဲ့ သဘော ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက ဦးဖေသန်းကတော့ အခုလို ပြင်ဆင်ချက်တွေ တင်သွင်းတာနဲ့ ပတ်သက်ပြီး အင်အားစု နှစ်ခုကြား ဖွဲ့စည်းပုံပြင်ဆင်ဖို့ရာမှာ အဓိက အခရာ ကျတဲ့ အဖွဲ့အစည်းနှစ်ခုဟာ သဘောထား တိုက်ဆိုင်မှု မတွေ့ရဘူး၊ ညှိနှိုင်းဆောင်ရွက်တယ်ဆိုတာလည်း မတွေ့ရဘူးလို့ ပြောပါတယ်။

အဓိကကတော့ တပ်မတော် ခေါင်းဆောင်နဲ့ NLD ခေါင်းဆောင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ချက်မျိုး မမြင်သေးဘူးလို့ ဆိုပါတယ်။

အခု တင်ပြလာတဲ့ ဥပဒေကြမ်းနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် ၂ရပ်ပေါင်းဖွဲ့ ထားတဲ့ဥပဒေကြမ်းကော်မတီမှာဆွေးနွေးပြီး ဒီဥပဒေကြမ်း ၂ ခုကို သီးခြား ဆွေးနွေးမလား၊ ပူးပေါင်းကော်မတီမှာ ထည့်သွင်းမလားဆိုတာ လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ