စစ်တိုင်း ၅ တိုင်းမှာ အပစ်ရပ် ထားတာ သက်တမ်းတိုးဖို့ မသေချာဘူးလို့ တပ်ဘက် က ပြော

စစ်အင်ဂျင်နီယာကျောင်းနဲ့ ရှမ်းမြောက်တိုက်ခိုက်ခံရမှု သြဂုတ် ၁၅ ရက် နောက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်နေ ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption စစ်အင်ဂျင်နီယာကျောင်းနဲ့ ရှမ်းမြောက်တိုက်ခိုက်ခံရမှု သြဂုတ် ၁၅ ရက် နောက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်နေ

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ထိထိရောက်ရောက်လုပ်လို့ရအောင်ဆိုပြီး တပ်မတော်က စစ်တိုင်း ငါးတိုင်းမှာ အပစ်ရပ်ထားတာကို သက်တမ်းတိုးဖို့ မသေချာတော့ဘူးလို့ တပ်မတော်က ပြောပါတယ်။

အခုလို သက်တမ်းတိုးဖို့ မသေချာတဲ့ အကြောင်းကို တပ်မတော်က အပစ်ရပ်သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၂၁ ပြည့်တဲ့နေ့မှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောတာဖြစ်ပါတယ်။

ဘာကြောင့် အပစ်ရပ် ထပ်မတိုးဘူးလို့ဆိုလဲ

"လက်တွေ့ အခြေအနေပဲ ကြည့်ရမှာပဲ။ မနေ့ကတင် အဲဒီ အဖွဲ့ သုံးဖွဲ့သည် သူတို့ဘာသာ သူတို့ ကြေညာချက် ထုတ်တယ်။ ထုတ်ပြီး ဘယ်လောက်မှ မကြာဘူး၊ နာရီပိုင်းပဲ ကြာတယ်၊ ၄ နာရီ လောက်မှာ ဘူးသီးတောင်မှာရှိတဲ့ တပ်မ ဌာနချုပ်ကို အမြောက်နဲ့ လာပစ်သွားတယ်။ ဒီလို လုပ်ဆောင်ချက်မျိုးတွေကြောင့် ထပ်မံ ရပ်ဆိုင်းရေး မသေချာတဲ့ သဘောမှာ ရှိပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက် ညနေ ၄ နာရီမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က တပ်မတော် နယ်မြေခံ တပ်ဌာနချုပ် တစ်ခုကို အေအေ အဖွဲ့က ဒုံးသီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်၊ ကလေးနှစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ နေ့မှာပဲ တအာင်းတပ် TNLA၊ ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA ညီနောင် မဟာမိတ်သုံးဖွဲ့က အပစ်ရပ်သက်တမ်းကို ဒီဇင်ဘာ ၃၁ ရက်ထိ တိုးတယ်ဆိုပြီး ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

အဲဒါဟာ မဟာမိတ်သုံးဖွဲ့ အပစ်ရပ် သက်တမ်းပြည့်မယ့် အောက်တိုဘာလ ၈ ရက် မတိုင်ခင် ကြိုတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မဟာမိတ် သုံးဖွဲ့က တပ်မတော်က ဆန္ဒရှိရင် တပ်မတော်နဲ့အတူ ပူးတွဲ အပစ်ရပ်ဖို့ အသင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

မဟာမိတ်သုံးဖွဲ့က တပ်ဘက်က အပစ်ရပ်သက်တမ်းပြည့်မယ့်ရက် တစ်ရက် အလိုမှာ အဲဒီလို ကြေညာခဲ့ပေမဲ့ တပ်က လက်တွေ့ အခြေအနေတွေအရ အခုလို အပစ်ရပ် သက်တမ်းတိုးဖို့ မသေချာဘူးလို့ ပြောတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU / AFP
Image caption တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

တုံ့ပြန်မှု

တပ်မတော်ဘက်က အပစ်ရပ် သက်တမ်းတိုးဖို့ မသေချာဘူးဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး"တပ်ဘက်ကတော့ တိုးတာ မတိုးတာ ကျွန်တော်တို့နဲ့ တိုက်ရိုက်မဆိုင်ဘူး။ အပစ်ရပ်ကြေညာထားပေမဲ့လည်း တိုက်ပွဲတွေက ဖြစ်ပွားနေတာ။ တိုက်ပွဲတွေ ဆက်ဖြစ်မှာလားဆိုတာ ကျွန်တော်တို့ နေတဲ့နေရာတွေ တစ်ဘက်က တောက်လျှောက် လိုက်လံပြီးမှ တိုက်ခိုက်လာတယ်ဆိုရင် လူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီးမှ ပစ်ခတ်မယ်ဆိုရင်တော့ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ခုခံမှုဆိုတာရှိတယ် လို့" TNLA က ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

အပစ်ရပ်ဖို့ ဘယ်နှကြိမ်တွေ့ခဲ့လဲ

တပ် အင်ဂျင်နီယာကျောင်းနဲ့ ရှမ်းမြောက် ဒေသတွေ သြဂုတ်လ ၁၅ ရက်မှာ တိုက်ခိုက်ခံရပြီး တပ်မတော်နဲ့ မြောက်ပိုင်း သုံးဖွဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် အပစ်ရပ်ရေးနဲ့ တိုက်ပွဲတွေ လျှော့ချရေးဆိုပြီး တပ်၊ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းသုံးဖွဲ့ နဲ့ ကချင်တပ် KIA တို့ နှစ်ခါ တွေ့ဆုံခဲ့ပါတယ်။

သြဂုတ်လ ၃၁ ရက်နဲ့ စက်တင်ဘာလ ၁၇ ရက်တို့မှာ ကျိုင်းတုံမြို့မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

ပထမအကြိမ်တွေ့တုန်းက တပ်က အပစ်ရပ် ကာလကို သုံးပတ် ထပ်တိုးခဲ့ပြီး နောက်တစ်ကြိမ်တွေ့ရင် နှစ်ဘက်သဘောတူ အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့အထိ ကြိုးစားမယ်ဆိုပြီး လက်မှတ်ထိုးဖို့ သဘောမတူနိုင်ဘဲ ရှေ့ဆက်ဆွေးနွေးမယ်ဆိုတဲ့ အခြေအနေပဲ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ရှမ်းမြောက်နဲ့ ရခိုင် ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

တပ်မတော်က အပစ်ရပ်တာကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်စပြီး ကြေညာခဲ့ပြီးနောက် သက်တမ်းသုံးကြိမ် ထပ်တိုးခဲ့တာ စက်တင်ဘာ ၂၁ ရက်မှာ သက်တမ်းကုန်ဆုံးတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မင်းဘူးမှာ တိုက်လေယာဉ်နှစ်စီးပျက်ကျ၊ လူ သုံးဦးသေ