ရိုဟင်ဂျာကိစ္စ နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲနိုင်သလား၊ အချက်အလက် ရှာဖွေရေးအဖွဲ့ဝင်နဲ့ မေးမြန်းချက်

Burma ဓာတ်ပုံ မူပိုင် THET AUNG
Image caption အရပ်သားအစိုးရဝင်တွေ လုပ်တာ တာဝန်ခံရမယ်ဆို

မြန်မာပြည် အနောက်ပိုင်းက ရိုဟင်ဂျာတွေ သိန်းချီ ထွက်ပြေးခဲ့ရတဲ့ကိစ္စ ဖြစ်ခဲ့တာ နှစ်နှစ် ရှိခဲ့ပါပြီ။ လူ ခုနစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ပြေးခဲ့ရပြီး လူ တသောင်းလောက် သတ်ဖြတ် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မနှစ်ကစပြီး ကုလသမဂ္ဂ ဖွဲ့ပေးတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ က မြန်မာ့တပ်မတော်ကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်တယ် ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

ဒီရှာဖွေရေးအဖွဲ့က သူတို့ လုပ်ငန်းစဉ်တွေ အပြီးသတ် နေချိန်မှာပဲ မြန်မာ အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲရေး ဖြစ်လာနိုင်သလား ပြောဆိုတာတွေ ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တကယ် တရားစွဲနိုင်တဲ့ အခြေအနေတွေ ရှိသလား ဒီအဖွဲ့ မှာ ပါတဲ့ သြစတြေးလျက လူ့အခွင့်အရေး ရှေ့နေ ခရစ္စတိုဖာ ဆီဒိုတီကို ဘီဘီစီက မေးကြည့်တဲ့ အခါမှာ သူက

အချက်အလက်ရှာဖွေရေး အဖွဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သီးခြား မှတ်ချက်ပေးတာတွေ မလုပ်ခဲ့ပါဘူး။ အရပ်သားရော စစ်ဘက်ပါ ပါတဲ့ အစိုးရတခုလုံးအနေနဲ့ ပဲ ကြည့်ပါတယ်။

၂ဝ၁၇ ခုနှစ် တိုက်ခိုက်မှုတွေ ဖြစ်စတုန်းကနဲ့ နောက်ပိုင်း စစ်ဆင်ရေးတွေက တပ်မတော် ထိန်းချုပ်မှုအောက်မှာ ဖြစ်ခဲ့တယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာရွာတရွာ

ဒါပေမဲ့ နောက်ပိုင်းမှာ ဆက်ဖြစ်တဲ့ ဖိနှိပ်မှုတွေနဲ့ အရပ်သား အစိုးရဝင်တွေ ကိစ္စ ကတော့ အဲဒီနောက်ပိုင်းမှ စလာပါတယ်။ ၂ နှစ်ကျော် ရှိလာပေမယ့် အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ ခြောက်သိန်းလောက်အပေါ် ဖိနှိပ်မှုတွေက ဆက်ရှိနေပါတယ်။ အရပ်သား အစိုးရဝင်တွေရဲ့ အနေအထားကလည်း ပိုရှုပ်ထွေးလာပါတယ်။ ဒီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်သူတွေ တာဝန်ယူမလဲနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေး စီရင်ရာမှာ ဘယ်သူ တာဝန်ယူမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ အချိန်ကြာလာတဲ့အမျှ ဒီကိစ္စတွေက အရပ်သား အစိုးရဝင်တွေအတွက် ပိုပြီး အရေးကြီးလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရပ်သားအစိုးရရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒါကြောင့် အရပ်သား အစိုးရဝင်တွေ လုပ်တဲ့ကိစ္စတွေအတွက် သူ့မှာ တာဝန်ယူရဖို့ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုက္ခသည်စခန်းတွေမှာ ပိတ်မိနေသူ သိန်းချီနေဆဲ

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေအရ ကြားနာဖို့တွေ ရှိသလားဆိုတော့ မစ္စတာ ဆီဒိုတီက

အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ တာဝန်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သက်သေ အထောက်အထား ရှာဖွေဖို့ ဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါ ဆိုပြီး သတ်မှတ် တရားစွဲဖို့ မဟုတ်ပါဘူး။ ဒီအတွက် သီးသန့် လုပ်ငန်းအဖွဲ့ ထားရှိဖို့ ကျွန်တော်တို့ အကြံပေးခဲ့တဲ့ အတိုင်း အခု ကုလသမဂ္ဂက စတင် ဆောင်ရွက်နေပါပြီလို့ အချက်အလက် ရှာဖွေရေး အဖွဲ့ဝင် မစ္စတာ ဆီဒိုတီက ပြောကြားခဲ့ပါတယ်။

သူတို့ ရရှိထားတဲ့ အချက်အလက်တွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ မြန်မာပြည်ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားကို လွှဲပြောင်းပေးခဲ့ပြီ လို့ ဆိုပါတယ်။

ဒီထဲမှာ ဖိုင် ငါးသောင်းခွဲနဲ့ မေးမြန်းချက် သက်သေနဲ့ ကျူးလွန်ခံရသူ တသောင်းနှစ်ထောင်ကျော်ဆီက မေးမြန်းချက်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေပါတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ကို လူသိန်းချီ ထွက်ပြေးခဲ့ရ

မြန်မာပြည်မှာ ကျန်နေခဲ့တဲ့ ရိုဟင်ဂျာ ခြောက်သိန်းရဲ့ အခြေအနေကလည်း ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း သိသာတဲ့ တိုးတက်မှု မရှိဘူးလို့ ဆီဒိုတီက ပြောပါတယ်။

ဒီထဲက တသိန်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ပိတ်လှောင်ခံနေရပြီး နှစ်သောင်းကျော်ကတော့ စစ်တွေလို မြို့ကြီးတွေမှာ ပိတ်မိနေတယ်။ ကျန်တဲ့ လေးသိန်းကျော်ကတော့ ရွာတွေမှာပဲ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့ နှစ်ဖွဲ့က ထောက်ပံ့မှုတွေပေါ် မှီခိုနေရတယ်လို့ ဆိုပါတယ်။ သူတို့မှာ အသက်မွေးဝမ်းကျောင်း လုပ်ပိုင်ခွင့် မရှိသလို သူတို့သားသမီးတွေရဲ့ ပညာရေးနဲ့ သူတို့ကျန်းမာရေး ကိစ္စတွေ အတွက်လည်း အခွင့်အရေး ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။