ရုပ်ရှင်အစည်းအရုံးကို ကျပ်သိန်းလေးရာကျော် ပြည်ခိုင်ဖြိုး လှူဒါန်း

လှူဒါန်းတဲ့အထဲ ရုပ်ရှင်တစ်သက်တာဆုရှင် ဘိုကလေးတင့်အောင်နဲ့ ဒေါ်မြင့်မြင့်ခင်လည်း ပါဝင် ဓာတ်ပုံ မူပိုင် USDP
Image caption လှူဒါန်းတဲ့အထဲ ရုပ်ရှင်တစ်သက်တာဆုရှင် ဘိုကလေးတင့်အောင်နဲ့ ဒေါ်မြင့်မြင့်ခင်လည်း ပါဝင်

၂၀၂၀ ရွေးကောက်ပွဲကို တွက်ဆပြင်ဆင်နေတဲ့ပါတီတွေထဲက တစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို စက်တင်ဘာ ၂၂ ရက်က ငွေကျပ်သိန်းလေးရာကျော် သွားရောက် လှူဒါန်းခဲ့ပါတယ်။

ဒါကို မဲဆွယ်စည်းရုံးတာလို့ နာမည်မတပ်ဖို့နဲ့ အဖြူသက်သက် လှူဒါန်းတာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ရုပ်ရှင်အစည်းအရုံးမှာ စက်တင်ဘာ ၂၂ ရက်က ပြုလုပ်တဲ့ လှူဒါန်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရုပ်ရှင်တစ်သက်တာဆုရှင်တွေဖြစ်တဲ့ ဘိုကလေးတင့်အောင်၊ ဒေါ်မြင့်မြင့်ခင်အပါအဝင် ဇာတ်ပို့ဇာတ်ရံ၊ ဇာတ်ညွှန်း၊ တည်းဖြတ်၊ စက်မှု၊ အမေများအဖွဲ့ ၊ မမများအဖွဲ့ စတဲ့အလွှာခုနစ်လွှာက သာရေးနာရေး အသင်းတွေကို စုစုပေါင်း ကျပ် ၄၂၀ ကျော် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်လောကသားတွေကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ လာလှူတာဖြစ်ပြီး ဗီဒီယိုဈေးကွက်ပျက်ချိန်၊ ရုပ်ရှင်ကားတွေလည်း အရေအတွက်ကန့်သတ်ချက်တွေရှိလာလို့ သရုပ်ဆောင်တွေဘဝရပ်တည်ရေးအတွက် ခုလိုလာလှူတာလို့ ဦးသန်းဌေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရုပ်ရှင်နဲ့ဂီတ နယ်ပယ်က အနုပညာရှင်အများစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရေးအတွက် မဲဆွယ်စည်းရုံးရေးတွေကို နယ်လှည့်လုပ်ကိုင်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးတဲ့ ဗီဒီယိုတွေလည်း ရိုက်ကူးပေးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် USDP
Image caption ဗီဒီယိုဈေးကွက်ပျက်နေချိန် သရုပ်ဆောင်တွေဝမ်းရေးအခက်အခဲဖြစ်နေတယ်လို့ ဦးသန်းဌေးက ဆို

ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရပြီးတဲ့နောက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေကို ဂုဏ်ပြုဧည့်ခံတွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ်။

သိပ်မကြာခင် လပိုင်းအတွင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးနဲ့ ရန်ကုန်မြို့တို့မှာ စာရေးဆရာတွေနဲ့ ဆက်တိုက်တွေ့ဆုံထားပြီး တိုင်းပြည်အပြောင်းအလဲကို ဝိုင်းကူကြဖို့ မေတ္တာရပ်ခံပြောကြားတာတွေ ရှိနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို ကြိုတင်ပြင်ဆင်နေတဲ့အထဲ ကချင်၊ ချင်း၊ မွန် စတဲ့ ဒေသခံတိုင်းရင်းသား ပါတီတွေကလည်း မဟာမိတ်စုဖွဲ့မှုအနေနဲ့ ရှိပြီးသားပါတီတွေကိုဖျက်သိမ်းပြီး ပါတီတစ်ခုတည်းအောက်ကနေ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒါကြောင့် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ညွန့်ပေါင်းအစိုးရပုံစံမလိုလားဘူးလို့ စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးက ထုတ်ဖော်ပြောကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ