ရခိုင်တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှု စုံစမ်းရေးအဖွဲ့ကို ယုံကြည်မှုနည်းတယ်လို့ဆို

ရခိုင်ပြည်နယ်လွှတ်တော် ဓာတ်ပုံ မူပိုင် San Myat Shwe
Image caption အဆိုတွေကို အစိုးရက လိုက်နာဆောင်ရွက်တာ မရှိသလောက် နည်းပါးနေပြီး လစ်လျူရှုတာကို ခံနေရတယ်လို့ဆို

ရခိုင်ပြည်နယ်မှာ ၉ လကျော်ကြာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအကြား အရပ်သားတွေ ထိခိုက်သေဆုံးရတာနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးဖို့အတွက် ပြည်နယ် လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုကို အတည်ပြုခဲ့ပါ တယ်။

ဒီအဆိုကို စက်တင်ဘာလ ၂၃ ရက်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်မှာ အတည်ပြုခဲ့တာပါ။

ဒီလို အဖွဲ့ဖွဲ့ ဆောင်ရွက်မှာနဲ့ ပတ်သက်ပြီး အစိုးရက ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို စောင့်ကြည့်မယ်လို့ ဒီအဆိုတင်ခဲ့တဲ့ ပြည်နယ် အမတ်က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့တဲ့ အဆိုတွေ အများအပြားရှိပါတယ်။

ဒါပေမဲ့ အဲ့ဒီအဆိုတွေကို အစိုးရက လိုက်နာဆောင်ရွက်တာ မရှိသလောက် နည်းပါးနေပြီး လစ်လျူရှုတာကို ခံနေရတယ်လို့ အဆိုတင်သွင်းခဲ့သူ ရခိုင်အမျိုးသားပါတီရဲ့ မြောက်ဦးမဲဆန္ဒနယ်မြေ အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် San Myat Shwe
Image caption အမှန်တရားနဲ့နီးစပ်တဲ့ အခြေအနေကို ဖော်ထုတ်နိုင်ဖို့ မျှော်လင့်တယ်လို့ဆို

"စုံစမ်းလေ့လာရေး အဖွဲ့ကို ဖွဲ့မယ့်အဆိုကတော့ အတည်ဖြစ်သွားပါပြီ။ ဒါပေမယ့် အဲ့ဒီအဆိုအပေါ်မှာ အစိုးရအနေနဲ့ အကောင် အထည်ဖော်ဆောင်ရွက်မှု ဘယ်လောက်ရှိမလဲ။ အဲ့ဒါကိုကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်"လို့ အဆိုတင်သွင်းခဲ့သူ ဦးထွန်းသာစိန်ကပြောပါတယ်။

လက်ရှိမှာ ကြောက်လန့်မှုတွေ လွှမ်းမိုးနေတဲ့ ဒေသခံတွေရဲ့စိုးရိမ်စိတ်တွေကြောင့် ဘက်လိုက်မှုကင်းတဲ့ အဖြေကို ရရှိဖို့ လွယ်ကူမှာ မဟုတ်တဲ့အတွက် အဆိုကို လွှတ်တော်မှာ မှတ်တမ်းအဖြစ်သာ ထားဖို့အတွက် ပြည်နယ်အစိုးရဘက်က သဘောထားမှတ်ချက်ပေးခဲ့ပေမဲ့ အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ပြည်နယ်အစိုးရက လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် စစ်ဘေးရှောင် စခန်းတွေကို အကူအညီပေးရေး အတွက် သွားလာဖို့ အခက်အခဲတွေရှိနေတယ်လို့ ပြောဆိုထားတယ်။ ဒါကြောင့် စုံစမ်းရေးအဖွဲ့မှာ အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုပါ ထည့်သွင်းဖွဲ့စည်းဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်က အကြံပြုထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် San Myat Shwe
Image caption စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ တပ်မတော်ပါဝင်မယ်

"အစိုးရအဖွဲ့အနေနဲ့ ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နေ့ညမပြတ် ဆောင်ရွက်နေပြီး အခုလို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့လို့ရှိရင်လည်း တပ်မတော်အနေနဲ့ မပါဝင်လို့မရဘူး"လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအဖွဲ့မှာ တပ်မတော်နဲ့ အစိုးရတို့မှာ ပါဝင်မှာဖြစ်တဲ့အတွက် လွတ်လပ်ပြီး အမှီခိုကင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာ မဟုတ်သလို တိကျတဲ့ အဖြေတွေလည်း ရမှာမဟုတ်ဘူးလို့ အရပ်ဘက် အဖွဲ့အစည်းတွေက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လက်တွေ့မှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးရေး သွားလာမှုတွေကို တားဆီးကန့်သတ်တာတွေနဲ့ ကြုံနေရတဲ့အတွက် အခုလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သွားရောက်စစ်ဆေးတဲ့အခါမှာ ပိုပြီးကြုံရနိုင်တယ်လို့ လည်းဝေဖန်ကြပါတယ်။

ဒါပေမဲ့ အဲ့ဒီအဖွဲ့မှာ အစိုးရ၊ဌာနဆိုင်ရာ၊ လွှတ်တော်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်မှာဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခု ထိတော့ ဖော်ထုတ်နိုင်လိမ့်မယ်လို့ ယူဆတယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

အဖွဲ့အနေနဲ့ သွားရောက်စစ်ဆေးမှုတွေ၊ စုံစမ်းမှုတွေပြုလုပ်တဲ့အခါမှာ ထိခိုက်သေဆုံးခဲ့ရတဲ့ ကာယကံရှင်မိသားစုတွေ အနေနဲ့ စိုးရိမ်ကြောက်လန့်နေတာတွေရှိနေပေမဲ့ စုံစစ်ဆေးမှုတွေလုပ်မှာကိုတော့ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကတော့ လိုလား နေပါတယ်။

အခုချိန်မှာ တိုက်ပွဲတွေရှိသလို လုံခြုံရေးတင်းကျပ်မှုတွေကြောင့် ဒေသတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက်လေ့လာတဲ့အခါမှာလည်း အစိုးရရဲ့ခွင့်ပြုချက် ရရှိထားတဲ့ အဖွဲ့အစည်းတွေတောင် အကန့်အအသတ်နဲ့ ပြုလုပ်နေရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။