ရခိုင်မှာ အရပ်သားနေရာတွေကိုအကာအကွယ်ယူပစ်ခတ်တာမျိုးမလုပ်ဖို့ တပ်နဲ့အတူအေအေကပါလက်ခံအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ရခိုင် ကျောက်တော်က စခန်းတစ်ခုကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရတဲ့ မြင်ကွင်း

ရခိုင်မှာ အရပ်သားနေရာတွေကို အကာအကွယ်ယူပစ်ခတ်တာမျိုးမလုပ်ဖို့ တပ်နဲ့အတူ အေအေဘက်ကပါ လက်ခံ

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတ်မှတ် နေရာတွေကို အကာအကွယ် ယူပစ်ခတ်တာမျိုးမလုပ်ဖို့ ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့အဆိုကို တပ်မတော်သားကိုယ်စားလှယ် တွေဘက်က လက်ခံခဲ့သလို ရက္ခိုင့်တပ်မတော် (အေအေ)ဘက်ကလည်း တိကျစွာလိုက်နာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေကျေးရွာတွေကို အကာအကွယ် ယူ ပစ်ခတ်မှုတွေမပြုလုပ်ဖို့ ပြည်နယ်အစိုးရက စီမံဆောင်ရွက်ပေးရေးအဆိုကို စက်တင်ဘာလ ၂၅ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီအဆိုကို မင်းပြားမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း အောင်က တင်သွင်းခဲ့တာဖြစ်ပြီး အဆိုကို အစိုးရအဖွဲ့က မှတ်တမ်းအဖြစ်ထားရှိဖို့ သဘေားထားပေးခဲ့ပေ မယ့် တပ်မတော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့တာကြောင့် အတည်ပြုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအဆိုဟာ လုပ်သင့်လုပ်ထိုက်တဲ့ဆောင်ရွက်ချက်တစ်ခုဖြစ် အပြုသဘောနဲ့ကြိုဆိုပြီး မိမိတို့အနေနဲ့ တိကျစွာလိုက်နာဆောင်ရွက်သွားမယ်လို့လည်း ရက္ခိုင့်တပ်တော် အေအေက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုမျိုး သူ့ရဲ့အဆိုအပေါ်မှာ လွှတ်တော်က အတည်ပြုနိုင်ခဲ့တဲ့အပြင် တပ်မတော်ရော ရက္ခိုင့် တပ်တော် က ထောက်ခံတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်လို့ အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒုတိယကမ္ဘာ့စစ်ကြီးမှာတောင် သာသနိကအဆောက်အအုံတွေကို ဝင်ရောက်ပုန်းခိုလို့ရှိရင် အသက်ဘေးကလွတ်နိုင်တဲ့ အနေအထားတွေရှိခဲ့ပြီး လက်ရှိမှာလဲပဲ အစိုးရအနေနဲ့ သဘောတူ လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံတကာသဘောတူညီချက် စာချုပ်စာတန်းတွေ၊ ကတိကဝတ် တွေရှိနေပါလျက်နဲ့ လက်တွေ့မှာတော့ အဲ့ဒီစံချိန်စံညွှန်းတွေနဲ့ သွေဖီနေတယ်လို့လည်း ထောက်ပြပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်နိုင်ဖို့ ယူနက်စ်ကို အသိအမှတ်ပြုရေး အဆိုပြုလွှာမူကြမ်း တင်သွင်းလိုက်ပြီဖြစ်တယ်လို့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်သန်းက ဘီဘီစီ ကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Zaw
Image caption ဆောင်းဝင်စ စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရတဲ့ ကွမ်းလုံကြိုးတံတား

ဒီနှစ်ဆောင်းကာလ အပူလွန်၊အအေးလွန်တဲ့ ရာသီမဖြစ်ဘဲ ပုံမှန်ရာသီဥတု အခြေအနေမှာရှိမယ်

လာမယ့် အောက်တိုဘာ၊နိုဝင်ဘာ ၊ ဒီဇင်ဘာ ၃ လတာကာလအတွင်း မိုးလေဝသခန့်မှန်း တွက်ချက်မှု တွေအရ အအေးလွန်ကဲတဲ့ လာနီညာမဖြစ်နိုင်သလို အပူလွန်ကဲတဲ့ အယ်နီညိုပါ မဖြစ်နိုင်တဲ့အတွက် ဒီနှစ်ဆောင်းကာလဟာ ပုံမှန်ရာသီဥတုမှာပဲ ရှိနေမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

ဆောင်းရာသီကာလမှာ ပုံမှန်ရာသီအတိုင်းရှိတယ်ဆိုပေမယ့်လည်း တကမ္ဘာလုံးအတိုင်းအတာအရ ရာသီ ဥတုတွေဖောက်ပြန်ပြီး အပူချိန်တွေမြင့်တက်လာနေတဲ့အတွက် အအေးအနည်းငယ် ပေါ့နိုင်တယ်လို့ လည်း သူကပြောပါတယ်။

'' တချို့ရက်တွေမှာတော့ တရုတ်ဘက်က ထိုးဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းအပေါ်မူတည်ပြီး ကိုယ့်နိုင်ငံမှာအအေး ပေါ့တာ၊ အအေးပိုတာတော့ရှိနိုင်တယ်။ သူ့ရဲ့လေဖိအားကြီးရပ်ဝန်းအား ကောင်းတဲ့ အချိန်မှာ အအေးပိုနိုင် သလို အားလျော့သွားတဲ့အခါ အအေးပေါ့သွားနိုင်ပါတယ်။ တောက်လျှောက်တွေ့တဲ့ ဒီတရုတ်ပြည်က လာတဲ့ လေဖိအားကြီးရပ်ဝန်း ကတော့ တောက်လျှောက်တော့ အားကောင်းတာတော့ တွေ့ရတယ်။

မြန်မာနိုင်ငံတောင်ပိုင်းမှာတော့ လာမယ့် ၃လတာကာလအတွင်း ပုံမှန်ထက်ကို အနည်းငယ်ပို ပူနိုင်ခြေရှိ တယ်လို့လည်း ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kachin Youth Movement
Image caption ငြိမ်းချမ်းရေးအတွက် တောင်းဆိုလှုပ်ရှားလို့ တရားစွဲခံရသူ လူငယ် ၂၃ ဦးရှိလာ

ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားလို့ တစ်နှစ်အတွင်း တရားစွဲခံရသူအရေအတွက် ၂၀ ကျော်ရှိ

ငြိမ်းချမ်းရေးအတွက် တောင်းဆိုလှုပ်ရှားလို့ တရားစွဲခံရသူ လူငယ် ၂၃ ဦးရှိလာပြီလို့ လူ့ဘောင်သစ် လူငယ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

တရားစွဲခံရသူတွေရဲ့ရုံးချိန်းတွေမှာ ဒီအဖွဲ့က သွား ရောက်ဝန်းရံအားပေးဖို့လည်း စီစဉ်နေပါတယ်။

အစိုးရက ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံနဲ့ ဆွေးနွေးပွဲတွေ လုပ်နေပေမယ့် ငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြတဲ့ လူငယ်တွေကိုတော့ ဖမ်းဆီးတရားစွဲနေတဲ့အပေါ် သတိပြုမိစေဖို့ ဒီလို ထုတ် ပြန်တာလို့ လူဘောင်သစ်လူငယ်အဖွဲ့ ဥက္ကဋ္ဌ မအိသဉ္ဇာမောင်က ဘီဘီစီကိုပြောပါတယ်။

မနှစ်ကလည်း ပိတ်မိစစ်ရှောင်အရေး၊ စစ်ပွဲတွေရပ်ရေးနဲ့ ကယားပြည်နယ်က ဗိုလ်ချုပ်ရုပ်တုကိစ္စတွေ ကြောင့် တရားစွဲခံရတဲ့ လူငယ် အယောက် ၆၀ ကျော်ထိ ရှိခဲ့တယ်လို့လည်း သူမက ပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အစိုးရက ဒီလို ဆတ်ဆတ်ထိမခံ တုံ့ပြန်နေတာဟာ လက်ခံနိုင်စရာ အခြေအနေမရှိဘူးလို့ စစ်ရှောင်တွေရဲ့ဒုက္ခကို သရုပ်ပြတင်ဆက်ခဲ့လို့ ထောင်ချခံခဲ့ရတဲ့ ဆိုင်းနူးပန်က ဘီဘီစီကို ပြောပါတယ်။

အန်အယ်လ်ဒီပါတီဘက်ကတော့ ဆန္ဒပြသူတွေဟာ ဥပဒေနဲ့အညီလုပ်ဖို့လိုပြီး ဥပဒေမဲ့လုပ်ရပ်တွေဟာ ဒီမိုကရေစီသဘာဝမဟုတ်ဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ပြောကြားထားပါတယ်။

လူ့ဘောင်သစ်လူငယ်အဖွဲ့ဟာ ဒီအစီရင်ခံစာကို အန်အယ်လ်ဒီအစိုးရစတတ်လာတဲ့အချိန်ကနေ အခုထိ နှစ်စဉ် ထုတ်ပြန်နေတာဖြစ်ပြီး အစိုးရသက်တမ်းကုန်ဆုံးမယ့် ၂၀၂၀ မှာတော့ ငါးနှစ်စာအရေအတွက်တွေ ပေါင်းပြီး ပြန်ထုတ်ဖို့ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသား ၆၃၀ ကျော်ရှိနေပြီလို့ နိုင်ကျဉ်းဟောင်းများကူညီရေးအဖွဲ့ကလည်း ထုတ်ပြန်ထား ပါတယ်။

Image caption ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်လို့ဆို

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒီနှစ်မကုန်ခင် အကောင်အထည်ဖော်ဖို့ အစိုးရကို ရခိုင်လူထုတောင်းဆို

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှာ စက်တင်ဘာ ၂၈ရက်နေ့ လူပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့တဲ့ ကျောက်ဖြူ ခရိုင် ဒေသခံတိုင်းရင်းသားများတွေ့ဆုံဆွေးနွေးပွဲ တစ်ခုကတဆင့် ကျောက်ဖြူ အထူး စီးပွားရေး ဇုန်ကို ဒီနှစ်မကုန်မီ စတင် အကောင်အထည်ဖော် တည်ဆောက်ပေးဖို့ နိုင်ငံတော် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါ လူထုအစည်းအဝေးကို ကျောက်ဖြူမြို့ အမုန်းတရားကင်းမဲ့ဇုန် အစည်း အဝေး ခန်းမမှာ ပြုလုပ်ခဲ့ပြီး ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နဲ့ အမ်းမြို့နယ် ၄ ခုက ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေး ပါတီ တွေကိုယ်စားလှယ် လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း လူပေါင်း ၆၀၀ ကျော်တက်ရောက် ခဲ့ကြပါ တယ်။

အဒီ အစည်းအဝေးမှာ ကျောက်ဖြူမြို့မှာ တည်ဆောက်မယ့် အထူးစီးပွားရေးဇုန်ကို ဒီနှစ်မကုန်ခင် စတင် တည်ဆောက်ပေးဖို့ နိုင်ငံတော် အစိုးရကို တောင်းဆိုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘာကြောင့် ခုလိုတောင်းဆိုရတယ်ဆိုတာကို

' ' ရခိုင်ပြည်မှာက ဘာစီးပွားရေးလုပ်ငန်း ဘာစက်မှုလုပ်ငန်းမှ မရှိတော့ ရခိုင်တွေက ဘာအလုပ်အကိုင် အခွင့်အလမ်းမရှိတော့။ ဝင်ငွေရလမ်းမရှိတော့ အဲ့လိုအခြေအနေမှာ ရခိုင်တွေက ရခိုင်ပြည်နယ်ရဲ့ပြင်ပကို နည်းမျိုးမျိုးနဲ့ထွက်ပြီးသွားလုပ်နေရတယ်။ ပြည်ပမှာပဲဖြစ်ဖြစ် ပြည်မကိုပဲဖြစ်ဖြစ် သွားနေရတယ်။ ဒီအခက် အခဲကို ဖြေရှင်းနိုင်ဖို့ဆိုရင် စက်ရုံအလုပ်ရုံတွေ ဒီဒေသမှာ မြန်မြန်လုပ်ကိုင်နိုင်ဖို့ လိုအပ်လာပြီ''လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင် ကပြောပါတယ်။

အခု တည်ဆောက်မယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ ယခင် ဦးသိန်းစိန်လက်ကထက်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းဖြစ်ပေမယ့် အဲအစိုးရသက်တမ်းမှာရော အခု အစိုးရ သက်တမ်းမှာရော ဘာမှ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အနေအထားမျိုး မတွေ့ရတဲ့ အတွက် ကျောက်ဖြူဒေသခံ တိုင်းရင်းသားတွေက ခုလို တောင်းဆိုလာကြတာဖြစ်တယ်လို့ သိရပါတယ်။