ဆော်ဒီနန်းတော်ထဲက ခိုးယူခံလိုက်ရတဲ့ စိန်ပြာကြီးရဲ့ ကျိန်စာ

Kriangkrai Techamong ဓာတ်ပုံ မူပိုင် Panumas Sanguanwong/BBC Thai
Image caption ၁၉၈၉ တုန်းက ထိုင်းနိုင်ငံသား ကလျီရန်ကရိုင် တေချမွန်း က သူ့ရဲ့ အလုပ်ရှင် ဆော်ဒီ မင်းသား တပါး ဆီကနေ ဒေါ်လာ သန်း ၂၀ လောက်တန်တဲ့ ကျောက်မျက် ရတနာတွေ ခိုးယူခဲ့ပါတယ်

ဆော်ဒီက နန်းတော်တခုကနေ ၁၉၈၉ ခုနှစ်အတွင်းက အဖိုးတန် ကျောက်မျက်ရတနာတွေကို ခိုးယူတဲ့အမှု တခုနောက်မှာ လူသတ်ခံရတာတွေ တသီတသန်း ဖြစ်လာခဲ့တယ်၊ ထိုင်းနဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကလည်း ဒီနေ့အချိန်အထိ အကျပ်ဆိုက်နေတုန်းပါ။ ဒီ ကျောက်မျက်ရတနာတွေခိုးခဲ့တဲ့သူနဲ့ ရှားရှားပါးပါး အင်တာဗျူးရပြီးတဲ့နောက် ဇာတ်လမ်းက ဒီလိုဆိုတာ သိလာရပါတယ်။

ဆော်ဒီမင်းသားနဲ့ သူ့ ကြင်ယာတော်တို့ ၃ လ လောက် အပန်းဖြေခရီးထွက်ချိန်မှာ ခိုးမယ့်သူက ဒီအချိန်ဟာ အချိန်ကောင်းပဲလို့ သိလိုက်ပါတယ်။

ကလျီရန်ကရိုင် တေချမွန်းက ဒီအလုပ်က အန္တရာယ်သိပ်ကြီးတယ်ဆိုတာ သိပါတယ်။ ခိုးတဲ့အမှုက ဆော်ဒီအာရေဗျမှာ လက်ဖြတ်ပြီး အပြစ်ပေးတာလေ။ ကလျီရန်ကရိုင်က ဆော်ဒီဘုရင် ဖာ့ဒ်ရဲ့ အကြီးဆုံး သားတော်လည်းဖြစ်၊ သူ့ရဲ့ အလုပ်ရှင်လည်းဖြစ်တဲ့ မင်းသား ဖိုင်ဇယ် ပိုင်ဆိုင်တဲ့ ကျောက်မျက်ရတနာတွေကို မျက်စိကျနေတာ ကြာပါပြီ။

မင်းသားဖိုင်ဇယ်ရဲ့ နန်းတော်က သန့်ရှင်းရေးသမားတယောက်ဖြစ်တဲ့ ကလျီရန်ကရိုင်ဟာ နန်းတော်ထဲမှာ ဘယ်ဟာက ဘယ်နေရာမှာ ရှိသလဲဆိုတာ အသေးစိတ်သိပါတယ်။ မင်းသားရဲ့ ကျောက်မျက်ရတနာတွေ ထားတဲ့ မီးခံသေတ္တာ ၄ လုံးထဲက ၃ လုံးဟာ အမြဲလိုလိုပဲ သော့မပိတ်ထားဘူးဆိုတာလည်း သူသိထားပါတယ်။ လောင်းကစားကြွေးတွေထူနေတဲ့ သူ့အဖို့ ဒီလိုအခွင့်အလမ်းကို လက်လွတ်မခံနိုင်တော့ပါဘူး။ ဒါတွေ ခိုးပြီး ဆော်ဒီနိုင်ငံ ကနေထွက်ပြေးဖို့ သူကြံစည်ပါတော့တယ်။

တညနေမှာတော့ နန်းတော်ထဲ ညမှောင်တဲ့အထိနေနိုင်အောင် သူဆင်ခြေတခုပေးပြီး နေလိုက်ပါတယ်။ တခြားဝန်ထမ်းတွေအားလုံး နန်းတော်ထဲက ထွက်သွားတဲ့အချိန်ကို စောင့်ပြီး မင်းသားရဲ့ အိပ်ခန်းထဲကို သူ ခိုးဝင်ပါတယ်။ ရတနာတွေကိုယူ၊ တချို့ကို ပြွန်လို ပလပ်စတစ်အိတ်တခုကိုသုံးပြီး သူ့ကိုယ်ထဲမှာ မျိုချကာ ဝှက်ယူထုတ်ပါတယ်။ နောက်ပြီး ဖုန်စုပ်စက်ထဲမှာ သုံးတဲ့ အိတ်တွေထဲ အပါအဝင် သန့်ရှင်းရေးလုပ်ရာမှာ သုံးတဲ့ ပစ္စည်းတွေထဲမှာလည်း ရတနာတွေကို ဖွက်ထားလိုက်နိုင်ပါတယ်။

အဲလိုနဲ့ သူ ခိုးထားတဲ့ ရတနာတွေက ကီလိုချိန် ၃၀ လောက် လေးလာခဲ့ပါပြီ၊ တန်ဖိုးကလည်း ဒေါ်လာ သန်း ၂၀ လောက်ရှိလာပါပြီ။ နောက်ပိုင်း ဆော်ဒီ အာဏာပိုင်တွေပြောကြားချက်အရ သူ ခိုးတဲ့ ရတနာတွေထဲမှာ ရွှေလက်ပတ်နာရီတွေပါသလို၊ အရည်အသွေးကောင်းလှတဲ့ လုံးခေျာ ပတ္တမြားတွေလည်းပါတယ်လို့ သိရပါတယ်။

အဲဒီညက ကလျီရန်ကရိုင်ဟာ နန်းတော်ထဲက နေရာအနှံ့မှာ ရတနာတွေကို ဝှက်ထားခဲ့ပါတယ်။ ဘယ်နေရာမှာ ဝှက်လို့ကောင်းသလဲဆိုတာလည်း သူရွေးထားတာပေါ့။ ဒီလိုနဲ့ တလ လောက်အချိန်အတွင်းမှာ ဒီ ရတနာ ပစ္စည်းတွေကို ကုန်ပစ္စည်းတွေပို့တဲ့အထဲ ရောညှပ်ပြီး ထိုင်းက သူ့အိမ်ကို ပို့လိုက်ပါတော့တယ်။

ဓာတ်ပုံ မူပိုင် Khaosod
Image caption ထိုင်းရဲ တွေက သူတို့ပြန်သိမ်းဆည်းနိုင်တဲ့ ရတနာတွေကို ပြသတဲ့အချိန်မှာ ကလျီရန်ကရိုင်က လက်ထိပ်နဲ့ ညာဖက်က လူပါ

ရတနာတွေပျောက်နေပြီဆိုတာသိကြတဲ့အချိန်မှာတော့ ကလျီရန်ကရိုင်ဟာ သူ့နိုင်ငံ ထိုင်းကို ပြန်ထွက်သွားပါပြီ။ သူ့ ရတနာထုပ်ပါတဲ့ ပစ္စည်းထုပ်ကတော့ ပြန်တဲ့ရက်မတိုင်မီ ရက်အတော်ကြာကြာကတည်းက ပြန်ပို့ထားတာပါ။ ဒီပစ္စည်းထုပ် ထိုင်းကိုရောက်ရင် အကောက်ခွန်ဌာနက အရာရှိတွေဖွင့်ကြည့်မယ့်အရေးကလည်း စိုးရိမ်ရတာကို ကလျီရန်ကရိုင် တယောက်သိပါတယ်။ နိုင်ငံခြားက ပို့လိုက်တဲ့အထုပ်တွေကို ထိုင်းအရာရှိတွေက စစ်ဆေးလေ့ရှိပါတယ်။ သူက ထိုင်းအရာရှိတွေ လာဘ်စားတတ်တာလည်း သိထားတော့ ပစ္စည်းထုပ်ထဲမှာ ရတနာတွေကို သပ်သပ်အထုပ်ထုပ်၊ နောက် အပြင်မှာတော့ စာအိတ်တလုံးနဲ့ ငွေတွေကို ထည့်ပေးလိုက်ပါတယ်။ ငွေထည့်ထားတဲ့စာအိတ်ပေါ်မှာတော့ သူ့ပစ္စည်းတွေထဲက အထုပ်မှာ ညစ်ညမ်းအပြာပုံတွေ၊ ဗီဒီယိုတွေပါလို့ ဖွင့်မရှာဖို့ ပန်ကြားပါတယ်လို့ ရေးလိုက်ပါတယ်။ သူ့အကြံအောင်မြင်ခဲ့ပါတယ်။ ရတနာတွေကို ထိုင်းထဲသွင်းယူလာနိုင်ပြီး အမှုမပေါ်ပဲ အကြာကြီးနေနိုင်ခဲ့ပါတယ်။ ၁၉၉၀ ဇန်နဝါရီလထဲမှာတော့ ဆော်ဒီရဲတွေက သတင်းပေးချက်နဲ့အတူ ထိုင်းနိုင်ငံ မြောက်ပိုင်း လန်းပန်း ခရိုင်ထဲက သူ့အိမ်မှာ သူ့ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သူ့ဆီမှာကျန်နေတဲ့ ရတနာတွေရော၊ သူရောင်းထုတ်လိုက်တဲ့ ရတနာတွေပါ ရဲတွေက ပြန်သိမ်းနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီရတနာတွေကို ပြန်သိမ်းယူချိန်နဲ့ ဆော်ဒီကိုပြန်ပို့ချိန်ကြားမှာ နောက်ထပ် ရာဇဝတ်မှုက ဖြစ်လာပါတော့တယ်။ ဆော်ဒီ က သူတို့ပြန်ရတဲ့အထဲမှာ ၈၀ ရာခိုင်နှုန်းက ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ ပြန်ရတဲ့အထဲက အများအပြားဟာလည်း အတုတွေလို့ ဆိုပါတယ်။ ထိုင်းထိပ်တန်းအရာရှိတယောက်ရဲ့ ဇနီး က လည်ဆွဲတခု ဝတ်ဆင်ထားတဲ့ ဓာတ်ပုံတပုံကို သက်သေထူရင်း အဲဒီအမျိုးသမီး ဝတ်ဆင်ထားတဲ့ လည်ဆွဲက ပျောက်ဆုံးသွားတဲ့ ရတနာတွေထဲက တခု ဆိုတဲ့ စွပ်စွဲတာတွေထွက်လာသလို အဲဒီဓာတ်ပုံကလည်း လူတွေအကြား အတော်ပျံ့ပါတယ်။

ပျောက်နေတဲ့အထဲမှာ ဥတလုံးလောက် အရွယ်ကြီးပြီး ၅၀ ကာရက် အလေးချိန် ရှိတဲ့ အပြာရောင် စိန်ကြီး တလုံးက ပျောက်ဆုံးနေဆဲဖြစ်တာကို အထူးစိတ်ဝင်စားနေကြပါတယ်။

စိန်အလုံးပေါင်း တသောင်း ထဲမှာ တလုံးလောက်ကပဲ ထူးခြားတဲ့ အရောင်ရှိတာပါ။ ဒါတောင်မှ စိန်ပြာဆိုရင် အပွင့်သေးသေးလေးတွေပဲ ရှိတတ်ကြတာပါ။ ထူးခြားတဲ့ဒီအရောင်က ဘိုရွန် ဓာတ်ကြွင်းလေးက စိန်ထဲမှာ ပါနေတာကြောင့် ဖြစ်ပြီး၊ အဲဒီ ဓာတ်ရှိရာမှာ ဖြစ်တဲ့ စိန်က ကမ္ဘာ့မြေမျက်နှာပြင်အောက် မိုင် ၃၇၀ လောက်အကွာမှာမှ ဖြစ်ခဲ့တာပါ။ ဒီလိုရှားရှားပါးပါး ရတဲ့ စိန်ပြာထဲမှာမှ ဒီစိန်ပြာကြီးက အကြီးကြီးပါ။

စိန်ပြာတွေ အများအပြားထွက်တဲ့တွင်းက ကမ္ဘာမှာ တတွင်းထဲပါ၊ တောင်အာဖရိက ပရီတိုးရီးယားက ကယ်လီနန် စိန်တွင်းပါ။ ဒါပေမဲ့ ဆော်ဒီ အပြာရောင်စိန်ကြီးရဲ့ ဇာတိက ဘယ်ကမှန်းမသိကြရသလို၊ ဓာတ်ပုံ အထောက်အထား ရှိတယ် ဆိုတာမျိုး လည်း မသိရပါဘူး။

ဒီကိစ္စတွေက ကလျီရန်ကရိုင် ထောင် ၃ နှစ်ချခံရတဲ့နောက် ပြည်ဖုံးကားကျမသွားပါဘူး၊ မင်းသားရဲ့ ကျောက်မျက်ရတနာတွေပျောက်ဆုံးခဲ့ရမှုအပေါ် အထူးသဖြင့် စိန်ပြာကြီးပျောက်ဆုံးမှုအပေါ် ဆော်ဒီရဲ့ မကျေမချမ်းဖြစ်မှု အဆုံးသတ် မသတ်နိုင်ခဲ့ပါဘူ။ စုံစမ်းစစ်ဆေးတာတွေ ဆက်ဖြစ်ခဲ့ပြီး သွေးလွှမ်းတဲ့ ဇာတ်လမ်းတွေ ဆက်ဖြစ်လာပါတော့တယ်။

၁၉၉၀ ဖေဖော်ဝါရီလ အစောပိုင်းမှာ ဘန်ကောက်မှာရှိတဲ့ ဆော်ဒီ သံရုံးက ပြည်ဝင်ခွင့်ဗီဇာဌာနဆိုင်ရာ အရာရှိ ၂ ယောက်က မြို့ထဲက ခြံဝင်းတခုဆီကို ကားမောင်းထွက်ခဲ့ကြပါတယ်။ သူတို့ရည်မှန်းရာ ရောက်ဖို့ မိုင်ဝက်လောက် အလိုမှာတော့ သူတို့ကားကို သေနတ်သမားတွေက ပစ်ခတ်တိုက်ခိုက်တာခံလိုက်ရပြီး ၂ ယောက်လုံး သေဆုံးသွားပါတယ်။ အဲဒီအချိန်ပိုင်းမှာပဲ နောက်သေနတ်သမား တယောက်က အခုန လူတွေရဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ရှိတဲ့ အိမ်ခန်းထဲဝင်ကာ အဲဒီလူကို ပစ်သတ်လိုက်ပါတယ်။

နောက်သီတင်းပတ်အတော်ကြာကြာမှာ ဆော်ဒီ စီးပွားရေးသမားတယောက် ဖြစ်တဲ့ မိုဟာမက် အယ် ရုဝေလီ ဟာ ရတနာတွေပျောက်ဆုံးမှု ကို စုံစမ်းနိုင်ဖို့အတွက် ဆော်ဒီက စေလွှတ်လို့ ဘန်ကောက်ကို ရောက်လာပါတယ်။ သူလည်း ပြန်ပေးဆွဲခံလိုက်ရပြီး သူ့ကို ဘယ်တော့မှပြန်မတွေ့ရတော့ပါဘူး။ သူအသတ်ခံလိုက်ရပြီလို့ အများကယူဆကြပါတယ်။

ဒီလူသတ်မှုတွေနဲ့ပတ်သက်ပြီး ပြောကြတဲ့ဇာတ်လမ်းတွေကတော့အများကြီးပါ။ နောက်ပိုင်းမှာ ဝီကီလီခ်က ဖွင့်ချလို့ သိရတဲ့ အထောက်အထားတွေထဲ ဒီကိစ္စနဲ့ ပတ်သက်လို့ ၂၀၁၀ မှာ ရေးထားတဲ့ ဘန်ကောက်က အမေရိကန် သံရုံး ဒုတိယ တာဝန်ခံရဲ့ မှတ်စုအရ ဒီဆော်ဒီ သံတမန်အရာရှိ ၃ ယောက် အသတ်ခံရတဲ့ ကိစ္စက ဆော်ဒီနဲ့ လက်ဘနွန်က စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာတို့ မတည့်ကြတာနဲ့ ပတ်သက်တဲ့ကိစ္စ လို့ သိရပါတယ်။

ဒါပေမဲ့ ဆော်ဒီ အရာရှိတယောက်ကတော့ ဒါရဲ့နောက်ကွယ်မှာ တာဝန်ရှိတဲ့သူက ဘယ်သူလဲဆိုတာသိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မိုဟာမက် ဆာအစ် ခိုဂျာက ပျောက်ဆုံးသွားတဲ့ ရတနာတွေအမှုနဲ့ ပတ်သက်ပြီး ကွာဟနေတဲ့အထောက်အထားတွေကို ပြသစဉ်

သံတမန် လုပ်သက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မိုဟာမက် ဆာအစ် ခိုဂျာ ကို ရတနာတွေခိုးခံရတာ သိပြီး မကြာခင် အဲဒီကစုံစမ်းစစ်ဆေးတာတွေကို ကြည့်ကြပ်ဖို့အတွက် ဆော်ဒီအာဏာပိုင်တွေက ဘန်ကောက်ကို စေလွှတ်ပါတယ်။ သူက သူ့အလုပ် ၃ လ လောက်ကြာရင်ပြီးမယ်လို့ မှန်းခဲ့ပေမယ့် တကယ်မှာတော့ နှစ်ပေါင်းများစွာ ထိုင်းမှာ နေလိုက်ရပါတယ်။

သံအမတ်ထက် အဆင့်နိမ့်တဲ့ ကောင်စစ်ဝန်ရာထူးနဲ့ပဲ သူ့ကို ဆော်ဒီ အာဏာပိုင်တွေက ပို့တာပါ။ ဆော်ဒီအနေနဲ့ ရတနာခိုးမှုနဲ့ လူသတ်မှုတွေနောက်ပိုင်း ထိုင်းနဲ့ သံတမန်ဆက်ဆံရေးအဆင့် ကို လျှော့ချ လိုက်တာကြောင့်လည်း အဲဒီရာထူးနဲ့ပဲ သူ့ကို ပို့တာပါ။ ထိုင်းကနေ ဆော်ဒီကို လာအလုပ်လုပ်တဲ့ ထိုင်းအလုပ်သမား ၂ သိန်းကျော်ကနေ တသောင်းခွဲလောက်ပဲ ရှိတော့အောင်လည်း ဆော်ဒီက လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို အလုပ်သမားတွေ လျှော့လိုက်တာကြောင့် အလုပ်သမားတွေကနေ သူတို့မိသားစုတွေဆီပြန်ပို့တဲ့ငွေတွေ လျော့ကျခဲ့ကာ တနှစ်တနှစ် ဒေါ်လာဘီလီယံတွေနဲ့ချီပြီး ထိုင်းစီးပွားရေး အပေါ်သက်ရောက်ခဲ့တယ်လို့ ဆိုကြ ပါတယ်။ အခုထိလည်း နှစ်နိုင်ငံ ဆက်ဆံရေးက မကောင်းသေးပါဘူး။

မစ္စတာ ခိုဂျာက သတင်းထောက်တွေကို အင်တာဗျူးပေးရင် သူ့စားပွဲပေါ်မှာ သူ့ရဲ့ စမစ် အင် ဝက်စ်ဆန် ပစ္စတိုကို ဘေးမှာထားပြီး မေးခွန်းတွေကိုဖြေကာ ထိုင်းရဲတွေက သူ့ကို အမြဲသတ်ဖို့ချောင်းနေကြတာလို့ အမြဲပြောပါတယ်။ ထိုင်းသတင်းစာတွေမှာ သေနတ်ဘေးချရက်သား သူ့ပုံတွေပါလာပြီး ဒါက သံတမန်တယောက်အတွက် သာမန်အနေအထားတဲ့ မတူတဲ့ ပုံတွေပါ။

သူက ပြန်ရတဲ့ ရတနာပစ္စည်းတွေကို ထိုင်းရဲတွေ ခိုးထားတာ၊ သူတို့မဟုတ်တာလုပ်တာတွေ ပေါ်မှာစိုးလို့ ဆော်ဒီ သံတမန်တွေကို သတ်ခဲ့ကြတာ လို့ ပေါ်ပေါ်ထင်ထင်ပြောကာ စွပ်စွဲပါတယ်။ ခိုးမှုနဲ့ပတ်သက်တဲ့ အရေးကြီး သတင်းတွေကို သံတမန်တွေက ဖော်ထုတ်ခဲ့တဲ့နောက် အဲဒီလူတွေ အသတ်ခံလိုက်ရတာလို့ သူကပြောပါတယ်။ သံတမန်တွေ အသတ်ခံရတဲ့ အရေးတဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတာဝန်ခံ ရဲအရာရှိဟာ စီးပွားရေးသမား မိုဟာမက် အယ် ရုဝေလီ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရပါသေးတယ်။ နောက်ပိုင်းမှာတော့ တရားစွဲတာကို ပြန်ရုတ်သိမ်းသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Matichon
Image caption ချလော ကာထစ် ဘုန်းကြီးဝတ်နေစဉ်

၁၉၉၄ စက်တင်ဘာမှာ ခိုဂျာက နယူးရော့ခ် တိုင်းမ် သတင်းစာကို ပြောရာမှာ "ထိုင်းရဲတွေက အစိုးရထက်တောင် ကြီးမားတယ်"၊ "ကျွန်တော်က မွတ်စလင်၊ ဒါပေမဲ့ မိစ္ဆာတွေကို တိုက်ခိုက်နေရတယ်လို့ သဘောထားပြီး ဒီမှာနေနေတာ" လို့ ထည့်ပြောပါတယ်။

ဆော်ဒီဘက်က ဖိအားတွေများလာတော့ ထိုင်းက ဒီအမှုအတွက် အဖြေတခုကိုရှာပါတယ်။ ကလျီရန်ကရိုင် ထိုင်းကိုပြန်လာပြီးတဲ့နောက် ရတနာတွေကို ရောင်းချတာစီစဉ်ပေးခဲ့တဲ့ သူလို ယူဆရတဲ့သူကို ဖော်ထုတ် လိုက်တာပါ။ အဲဒီ ထိုင်း ရတနာအရောင်းအဝယ်လုပ်သူဟာ ရတနာအစစ်တွေကို ရောင်းထုတ်လိုက်ပြီး အတုတွေနဲ့လဲခဲ့တာလို့ ဆိုကာ ဒီအမှုအတွက် အဓိကသက်သေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ၁၉၉၄ ဇူလိုင်လထဲမှာတော့ သူ့ရဲ့ ဇနီးနဲ့ သား ပျောက်ဆုံးသွားပြီး အလောင်းတွေကို ဘန်ကောက်မြို့ပြင်က မာစီဒီးကား တကားထဲမှာ တွေ့ခဲ့ရပါတယ်။ မှုခင်းဆိုင်ရာ အစီရင်ခံစာ အရ သူတို့ဟာ ကားထဲမှာရှိစဉ် ထရပ်ကားကြီးက ဝင်တိုက်မိလို့ သေဆုံးခဲ့ရတာလို့ ကောက်ချက်ချပါတယ်။

ခိုဂျာက အဲဒီအဖြစ်နောက်ပိုင်း အင်တာဗျူးတွေလုပ်တော့ "ငါတို့ကို မှုခင်းရဲတပ်ဖွဲ့ ရဲချုပ်က ခပ်တုံးတုံးတွေများထင်နေလားမသိ၊ ဒါက မတော်တဆ ကားတိုက်မှုမဟုတ်ဘူး၊ သူတို့ ဖုန်းကွယ်ထားချင်လို့လုပ်တာ" လို့ ဆိုပါတယ်။

ခိုဂျာ ပြောတာမှန်ပါတယ်။ ပျောက်ဆုံးနေတဲ့ ရတနာတွေကို လိုက်ရှာတဲ့ရဲတွေက အတုတွေလုပ်ခဲ့တယ်၊ အဲဒီ ရတနာပွဲစားကို ငွေညှစ်တယ်၊ သူ့ ဇနီးနဲ့ ကလေးကို သတ်ပစ်ခဲ့တယ် ဆိုတာတွေ ပေါ်လာပြန်ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးရာမှာ တာဝန်ခံဖြစ်တဲ့ ရဲမှူးချုပ် ချလော ကာထစ် ဟာ ထောင်ဒဏ် နှစ် ၂၀ ကျသွားပါတယ်။

ဓာတ်ပုံ မူပိုင် Panumas Sanguanwong/BBC Thai
Image caption ၂၀၁၉ တုန်းက လယ်ကွင်းတခုထဲက ကလျီရန်ကရိုင်

ဘီဘီစီ အင်တာဗျူးကိုဖြေတဲ့ ကလျီရန်ကရိုင်က တုန်လှုပ်နေဆဲပါ။ သူထောင်က လွတ်တာ လွန်ခဲ့တဲ့ ၂၈ နှစ်၊ သူ ခိုးမှုလုပ်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၃၀ ကပါ။ သူအခု ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းမှာ နေနေပါတယ်။ ဘီဘီစီ ထိုင်းဘာသာ ဌာန က သူဘယ်မှာရှိသလဲဆိုတာကို တဆင့်ပြီး တဆင့်လိုက်ခဲ့ကြပြီးတဲ့နောက် သူ့ အိမ်လေးရှိရာ ကို ရောက်နိုင်ခဲ့ပါတယ်။

သူ့ မျက်လုံးတွေက မငြိမ်သလို၊ ထင်ယောင်မှားမှုတွေကလည်း အထင်အရှားပါ။ ဘီဘီစီ အဖွဲ့ထဲက သတင်းထောက်တယောက်ကို အဲဒီလူက ရဲလားဆိုပြီး ခဏခဏ ထပ်မေးသလို၊ အိမ်မှာ စကားပြောမယ့်အစား အိမ်နားက လယ်ကွင်းထဲမှာ ပြောဖို့ သူက ပြောပါတယ်။ သူက ဒူးလောက်မြင့်တဲ့ စပါးပင်တွေကြားမှာ စပြီး ဇာတ်လမ်းကို ပြောပြပါတယ်။ သူက ဖြစ်ခဲ့တာကတော့ ညအိပ်မက်ဆိုးကြီး လိုပါပဲ တဲ့။ ခိုးမှုပြီတဲ့နောက် သူ အသေးစိတ်ပေးတဲ့ အင်တာဗျူးတွေထဲက တခုနောက် ရက်အနည်းငယ်အတွင်းမှာပဲ လူအနည်းဆုံး ၃ ယောက် သေခဲ့ရတဲ့ အဖြစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ သေတဲ့သူက ဒီထက်လည်း များနိုင် ပါတယ်။ အခုလိုအချိန်မှာတောင် သူလုပ်ခဲ့တဲ့ခိုးမှုအတွက် သူအသတ်ခံရနိုင်တယ်ဆိုပြီး စိုးရိမ်နေဆဲပါ။ အဲဒီစိတ်က သူစအဖမ်းခံရတဲ့အချိန်ကတည်းက ရှိတာပါ။ "ကျွန်တော် စအဖမ်းခံရတုန်းက ကျွန့်တော့်စိတ်နဲ့ လူနဲ့ မကပ်တော့ပါဘူး"၊ "ကျွန်တော့် နားမှာရှိတဲ့လူတွေကိုလည်း အကုန်ကြောက်တယ်၊ ကျွန်တော် အသက်မရှင်နိုင်တော့ဘူးလို့ပဲ ထင်မိတယ်" ကျွန်တော့်ကို ဖျောက်ဖျက်ပစ်ကြမှာ၊ သတ်ပစ်ကြမှကို ကျွန်တော်စိုးရိမ်တယ်၊ ကျွန်တော် တပတ်လောက် အိပ်လို့ကိုမရခဲ့ပါဘူး" လို့ ကလျီရန်ကရိုင်က ပြောပါတယ်။

သူက သူကျူးလွန်လိုက်တဲ့ အမှုက အဲဒီလောက်ထိဖြစ်လာလိမ့်မယ်လို့ လုံးဝ မတွေးထားမိဘူးလို့ ဆိုပါတယ်။ ရွှေဆိုတာတန်ဖိုးရှိတယ်၊ ငွေအများကြီးတန်တယ်ဆိုတာတော့ သူသိပေမယ့် ကျန်တဲ့ ရတနာပစ္စည်းတွေရဲ့ တန်ဖိုးကို သူထောင်ကထွက်လာတဲ့အချိန်အထိ မသိခဲ့ပါဘူးတဲ့။ "ရဲတွေလာဖမ်းတုန်းက ပြန်လည်း မခုခံခဲ့ပါဘူး၊ ကျွန်တော့်မှာ ကျန်တဲ့ ရတနာတွေကို ပြန်အပ်လိုက်တယ်၊ ကျွန်တော်ရောင်းခဲ့တဲ့ဟာတွေ ပြန်ရအောင်လည်း ကူညီခဲ့ပါတယ်၊ ဒါပေမဲ့ ထိုင်းက အာဏာကြီးတဲ့ လူတွေပါဝင်မပတ်သက်ခဲ့ဖူးဆိုရင် ဒီဇာတ်လမ်းက ဒီလောက်ကြီးလာစရာမရှိပါဘူး" လို့ ကလျီရန်ကရိုင် က ပြောပါတယ်။

သူ့ ထောင်ဒဏ် ၅ နှစ်ကို လျှော့ပေါ့ပေးမှုတွေကြောင့် ၂ နှစ် ၇ လ လောက်ပဲ ထောင်ထဲမှာနေခဲ့ရပါတယ်။ သူ့သားဆီကို သူ့ရဲ့ နာမည်ဆိုး အရိပ်မထိုးနိုင်အောင် သူ့ ရဲ့ မျိုးရိုးနာမည်ကို ပြောင်းခဲ့ပါတယ်။

သူလုပ်ခဲ့တဲ့ အပြစ်တွေကို နောင်တရမဆုံးဖြစ်နေတာကြောင့် ထောင်ထဲကလွတ်လာပေမဲ့လဲ သူ့ ဘဝမှာ စိတ်ပျက်စရာတွေ၊ ကံဆိုးတာတွေနဲ့ပဲ ပြည့်နေရတယ် လို့ ဆိုပါတယ်၊ ဒါနဲ့ ၂၀၁၆ မတ်လမှာပဲ သူ သာသနာ့ဘောင် ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဓာတ်ပုံ မူပိုင် Panumas Sanguanwong/BBC Thai
Image caption ကလျီရန်ကရိုင်ဟာ ဘုန်းကြီးဘဝ နဲ့ သာသနာ့အရိပ်မှာ ၃ နှစ် ရှိသွားပါပြီ

သူဘုန်းကြီးဝတ်ပြီး သာသနာ့ဘောင်ဝင်တဲ့အခမ်းအနားလုပ်တော့ သတင်းမီဒီယာတွေကိုဖိတ်ခဲ့ပြီး စကားနည်းနည်းပြောပါတယ်။ "ဆော်ဒီက စိန်ကြီးရဲ့ကျိန်စာကို ဖျောက်ဖျက်နိုင်ဖို့အတွက် သာသနာ့ဘောင်မှာ တသက်လုံးနေတော့မယ်"၊ ကျွန်တော့် မကောင်းမှုကြောင့် ထိခိုက်ခဲ့ရတဲ့ သူတွေအတွက် ကျွန်တော်ပြုတဲ့ကောင်းမှုကို ဝေချင်ပါတယ်၊ ဒီကိစ္စကြောင့် သေဆုံးခဲ့ရတဲ့သူတွေအတွက်လည်း အမျှဝေပါတယ်၊ ကျွန်တော်ပြုခဲ့တဲ့ အမှုကို အားလုံးက ခွင့်လွှတ်ကြဖို့ကိုလည်း လိုလားပါတယ်" လို့ ပြောပါတယ်။

ဘုန်းကြီးဘွဲ့အမည်ရွေးတော့ "စိန်လိုမာကျောတဲ့သူ" လို့ အဓိပ္ပါယ်ရတဲ့ အမည်ကို ကလျီရန်ကရိုင်က ရွေးပါတယ်။

ရတနာ ပွဲစားရဲ့ မိသားစုကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ အမှု အတွက် ထောင်ကျခဲ့ရတဲ့ ရဲချုပ် ချလော ကာထစ်လည်း အဲဒီအခမ်းအနားမှာ ရှိခဲ့ပါတယ်။ သူထောင်ထဲမှာရှိတုန်းမှာလဲ သူ့မှာ ဘာမျှအပြစ်မရှိတဲ့ အကြောင်း မီဒီယာတွေကို ဆက်ပြီးပြောပြနေတာပါ။ သူလည်း ထောင်ကလွတ်လာတော့ ဘုန်းကြီးဝတ်ခဲ့ပါတယ်၊ ဒါပေမဲ့ သူကတော့ ဘုန်းကြီးဘဝမှာ သိပ်ကြာကြာမနေခဲ့ပါဘူး။

စိန်ပြာကြီးအမှုတခုလုံးကိုကြည့်ရင် ချလော ကာထစ် နဲ့ ကလျီရန်ကရိုင် တို့ပဲ ထောင်ဒဏ်ကျခဲ့တဲ့သူတွေပါ၊ မတ်လထဲမှာတော့ ထိုင်းနိုင်ငံ အဆင့်အမြင့်ဆုံး တရားရုံးချုပ်က ဆော်ဒီ စီးပွားရေးသမား မိုဟာမက် အယ် ရုဝေလီပျောက်ဆုံးမှု၊ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံနေရတဲ့ ရဲအရာရှိဟောင်း ၅ ယောက်ရဲ့အမှုကို တရားသေလွှတ်ပေးခဲ့ပါတယ်။

ကလျီရန်ကရိုင် က ဘုန်းကြီးဘဝနဲ့ ၃ နှစ်နေခဲ့ပြီးတဲ့နောက် "မိသားစုက သူ့ကို လိုအပ်နေတဲ့အချိန်မှာ သူ ဘုန်းကြီးဘဝနဲ့ တသက်လုံးနေလို့မရတော့ဘူး" လို့ပြောကာ လူဝတ်လဲခဲ့ပါတယ်။ အသက် ၆၁ နှစ်ရှိနေပြီဖြစ်တဲ့ သူ ဟာ မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးတွေ လုပ်နေပါတယ်။

"ကျွန်တော်အခု ကျေးလက်နေတောင်သူတယောက်လို ရိုးစင်းတဲ့ဘဝကို ဖြတ်သန်းနေပါတယ်" လို့ သူ့ သစ်သားအိမ်လေးထဲကနေ ပြောပါတယ်။ သူက "ကျွန်တော့မှာ ငွေကြေးသိပ်မရှိပါဘူး၊ မိသားစုကို ထောက်ပံ့ဖို့ လောက်ငှတယ်ဆိုရုံပါပဲ၊ ကျွန်တော့်အတွက် ဒါဟာ တကယ့် ပျော်ရွှင်မှုပါပဲ" ဆိုသွားပါလေရဲ့။

ဆက်စပ် အကြောင်းအရာများ